News

POST TYPE

POLITICAL

မူဆယ်နယ်စပ်ဂိတ်တွင် လူစုလူဝေးဖြစ်
မူဆယ်၊ ဇွန် ၄ 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊ ဆင်ဖြူဂိတ် မြန်မာဘက်အခြမ်းတွင် မြန်မာနိုင်ငံဘက်မှ စားသောက်ကုန်များကို တရုတ်နိုင်ငံသို့ ဝင်ရောက်ခွင့်မပြုရာမှအစပြု၍ ဇွန်လ ၄ ရက်နေ့တွင် လူအများနှင့် သုံးဘီးယာဉ်များ ပိတ်မိခဲ့ပြီး လူစုလူဝေးဖြစ်ပေါ်ခဲ့ကြောင်း မူဆယ်မြို့နယ်၊ ရဲတပ်ဖွဲ့ထံမှသိရသည်။

“မြန်မာဘက်အခြမ်းမှာ ကုန်တင်သုံးဘီးယာဉ်တွေနဲ့ လူစုလူဝေးဖြစ်ပေါ်ခဲ့တယ်။ အင်အား ၁၀၀ ခန့် ရှိပါတယ်။ လူနဲ့ သုံးဘီးယာဉ်တွေစုသွားပြီး လူစုလူဝေးဖြစ်ပေါ်ခဲ့တာပါ။ တရုတ်ဘက်အခြမ်းကိုဝင်မယ့် မြန်မာဘက်ကလူတွေဝင်မရဖြစ်လို့ လူစုလူဝေးဖြစ်သွားတာ”ဟု မူဆယ်မြို့နယ်၊ ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ကျော်ဦးက ပြောဆိုသည်။

ယင်းသို့လုစုလူဝေးဖြစ်ပေါ်ခဲ့ပြီး နှစ်နိုင်ငံဝင်ထွက်ပေါက်မှာ ပိတ်ဆို့သွားကြောင်း၊ မြန်မာ-တရုတ်နှစ်ဖက်စလုံး အဝင်အထွက် ပုလုပ်၍ မရတော့ဘဲ လူစုလူဝေးဖြစ်ပြီး လမ်းများပိတ်သွားခြင်းကို တရုတ်နိုင်ငံ၊ တရုတ်နယ်စပ်ကာကွယ် စုံစမ်းစစ်ဆေးရေးဌာန (လူဝင်မှုကြီးကြပ်ရေး ဌာနခွဲရွှေလီ) က မြန်မာဘက်အခြမ်းရှိ လူဝင်မှုကြီးကြပ်ရေးဌာနကို အကူအညီ တောင်းခံခြင်းဖြစ်ကြောင်း၊ မြန်မာဘက်အခြမ်းပိတ်ဆို့နေသူများကို မြန်မာနိုင်ငံဘက်မှ အမှတ် ၇ လူဝင်မှုကြီးကြပ်ရေးဌာနခွဲ ၇ မှ တာဝန်ရှိသူများနှင့် မူဆယ်မြို့နယ်ရဲတပ်ဖွဲ့တို့က ဖယ်ရှားရှင်းလင်းပေးခဲ့ရကြောင်း မူဆယ်မြို့နယ်၊ ရဲတပ်ဖွဲ့ထံမှသိရသည်။

မြန်မာ-တရုတ် နှစ်နိုင်ငံ ဝင်ထွက်ပေါက်တွင် ကုန်တင်သုံးဘီးယာဉ်များနှင့် လူစုလူဝေးဖြစ်ပေါ်ရခြင်းမှာ မြန်မာဘက်အခြမ်းမှ တရုတ်ဘက်အခြမ်း ဝင်မည့်သူများကို စစ်ဆေးမှုတင်းကျပ်ခြင်းဖြစ်ပြီး ဇွန်လ ၁ ရက်နေ့မှစ၍ မြန်မာဘက်မှ ဝင်ရောက်သူများကို တစ်ပိုင်တစ်နိုင် သယ်ဆောင်လာသည့် ဆန်အပါအဝင် အစားအသောက်များ၊ ဟင်းသီးဟင်းရွက်များ၊ သစ်သီးများနှင့်ပန်းများကို တရုတ်ဘက်သို့ လုံးဝသယ်ဆောင်ခွင့် မပြုခြင်းကြောင့်ဖြစ်ကြောင်း ယင်းဒေသခံများထံမှ သိရသည်။ 

“ကြယ်ခေါင်မှာ ဈေးရောင်းပါတယ်။ ဈေးရောင်းနေတာ သုံးနှစ်၊ လေးနှစ်ရှိပြီ။ သရက်သီးနဲ့ ဘုရားပန်းသွားရောင်းမလို့ တရုတ်ဘက်က ယူခွင့်မပေးဘူး။ အရင်က ဆန်ရောင်းတယ်။ အခုဆန် မယူရဘူးဆိုလို့ ပန်းသွားရောင်းတာလည်း ပန်းလည်းမဝင်ရဘူး။ မြန်မာဘက်က အစားအသောက်မှန်သမျှ အဝင်မခံဘူးလို့ပြောတယ်။ ဒါကြောင့် ဒီမနက်ဈေးသည်တွေ ကြယ်ခေါင်ဝင်မရလို့ ဆင်ဖြူမှာ ရပ်စောင့်နေကြတာ လူပဲသွားလို့ရတယ်”ဟု မူဆယ်မြို့မှ ဈေးရောင်းချသူ ဒေါ်ဟုန်မေက ပြောဆိုသည်။

မူဆယ်၊ ရွှေလီ၊ ကြယ်ခေါင်မြို့များမှာ နှစ်နိုင်ငံကူးလူးဆက်သွယ်နေသည့် နေရာများဖြစ်ပြီး ကုန်စည်စီးဆင်းရန်အတွက် မန်ဝိန်းဂိတ်ပေါက်၊ ရွှေနန်းတော်ဂိတ်ပေါက်နှင့် ဆင်ဖြူဂိတ်ပေါက်တို့တွင် နံနက် ၆ နာရီမှ ည ၁၁ နာရီအထိ ဝင်ထွက် ကူးသန်းသွားလာနေကြခြင်းဖြစ်ကာ မြန်မာဘက်အခြမ်းမှ လူတစ်သောင်းခန့် တရုတ်နိုင်ငံအတွင်းသို့ နေ့စဉ်ဝင်ထွက်မှုရှိပြီး တရုတ်နိုင်ငံမှ နေ့စဉ်လူတစ်ထောင်ခန့် ဝင်ထွက်မှုရှိနေသည်။ 

R-07