News

POST TYPE

POLITICAL

၂၁ ရာစု ပင်လုံညီလာခံ တတိယအကြိမ် အစည်းအဝေး ဇွန်လ ၃၀ ရက်တွင်ကျင်းပရန် လျာထား
03-Jun-2018
ရန်ကုန်၊ ဇွန် ၃

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစု ပင်လုံညီလာခံ တတိယအကြိမ် အစည်းအဝေးကို ဇွန်လ ၃၀ ရက်တွင်ကျင်းပရန် လျာထားကြောင်း အပစ်ရပ် လက်မှတ်ထိုးထားသည့် အဖွဲ့များထံမှ သိရသည်။

အစိုးရနှင့် NCA လက်မှတ်ထိုးထားသည့်အဖွဲ့များ အဆိုပါ တတိယအကြိမ် ညီလာခံကျင်းပရေးအတွက် နိုင်ငံရေးနှင့် လုံခြုံရေးကဏ္ဍ ကြိုတင်ညှိနှိုင်းရန် အလွတ်သဘော အစည်းအဝေးကို ပြီးခဲ့သည့်ရက်ပိုင်းက ပြုလုပ်ခဲ့ပြီး ညီလာခံရက် သတ်မှတ်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း အဆိုပါအဖွဲ့များထံမှ သိရသည်။

အစိုးရနှင့် နောက်ဆုံး အလွတ်သဘော ဆွေးနွေးမှုတွင် ညီလာခံကို ဇွန်လ ၃၀ ရက်ကိုဦးတည်ကာ ဆောင်ရွက်သွားရန် သဘောထားရှိထားပြီး အဆိုပါရက်တွင် ကျင်းပနိုင်ရေးအတွက် ကြိုးပမ်းသွားရမည်ဖြစ်ကြောင်း အပစ်ရပ် လက်မှတ်ထိုးထားသည့် ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောကြားသည်။

ညီလာခံမတိုင်မီတွင် လုပ်ငန်း ကော်မတီ အစည်းအဝေးများ တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်းကြား ဘုံသဘောတူညီချက်တို့ ညှိနှိုင်းရန် လိုအပ်နေပြီး ညီလာခံနှင့်ပတ်သက်၍ အဆုံးအဖြတ်ပေးရမည့် UPDJC အစည်းအဝေးလည်း ကျင်းပရန် ကျန်ရှိနေသေးကြောင်း ၎င်းကဆိုသည်။

“ဇွန် ၃၀ မှာ ဖြစ်နိုင်ဖို့တော့ ဦးတည်ပြီး လုပ်ဆောင်ရမှာပေါ့။ အဲဒီလိုတော့ ရည်မှန်းထားပါတယ်။ ကြားထဲမှာ PPST ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ အစည်းအဝေးကိုလည်း ချင်းမိုင်မှာ ကျင်းပဖို့ ရှိနေသေးပါတယ်”ဟု ၎င်းကဆိုသည်။

အဆိုပါ တတိယအကြိမ် အစည်းအဝေးကို ပြီးခဲ့သည့် မေလကုန်တွင် ကျင်းပပြုလုပ်ရန် စီစဉ်ထားခြင်းကို ရက်ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်ပြီး ယခုဇွန်လကုန်မှ ကျင်းပဖြစ်မည့် အခြေအနေ ဖြစ်သည်။

၂၁ ပင်လုံညီလာခံ ဒုတိယ အစည်းအဝေးကို ပြီးခဲ့သည့် ၂၀၁၇ မေလကုန်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံရေးကဏ္ဍ မူဝါဒသဘောတူညီချက် ၁၂ ချက်၊ စီးပွားရေးကဏ္ဍ သဘောတူညီချက် ၁၁ ချက်၊ လူမှုရေးကဏ္ဍ မူဝါဒ သဘောတူညီချက် ၄ ချက်နှင့် မြေယာနှင့် သဘာဝ ပတ်ဝန်းကျင်ကဏ္ဍ သဘောတူညီချက် ၁၀ ချက် စုစုပေါင်း ၃၇ ချက်ပါဝင်သည့် ပြည်ထောင်စု သဘောတူစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့သည်။

လက်ရှိကျင်းပမည့် တတိယအကြိမ် အစည်းအဝေးကို အစိုးရကဖိတ်ကြားပါက တက်ရောက်သွားရန် တရုတ်အစိုးရက မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့များကို ပြီးခဲ့သည့်ရက်ပိုင်းက တိုက်တွန်းထားပြီး မြောက်ပိုင်းအဖွဲ့က ၎င်းတို့၏သဘောထားကို ထုတ်ပြန်ထားခြင်း မရှိသေးပေ။

ပြီးခဲ့သည့်ညီလာခံက NCA ထိုးထားသည့်အဖွဲ့ရှစ်ဖွဲ့သာ ပါဝင်ခဲ့သော်လည်း လက်ရှိညီလာခံမတိုင်မီ မွန်ပြည်သစ်ပါတီနှင့် လားဟူအဖွဲ့တို့ NCA ထိုးခဲ့သောကြောင့် အဖွဲ့နှစ်ဖွဲ့ ထပ်တိုးလာမည်ဖြစ်သည်။

J-08