News

POST TYPE

POLITICAL

ဗင်နီဇွဲလားတွင် ထောင်ချထားသော နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို စတင်လွှတ်ပေး
03-Jun-2018
ကာရာကတ်စ် ဇွန် ၂

ဗင်နီဇွဲလားနိုင်ငံတွင် သမ္မတမာဒူရို အစိုးရက အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများနှင့် တွေ့ဆုံဆွေးနွေးရေးကို လိုလားကြောင်း ပြသသည့်အနေနှင့် ထောင်ကျနေသော အတိုက်အခံနိုင်ငံရေးလှုပ်ရှားသူ အချို့ကို လွှတ်ပေးခဲ့သော်လည်း အတိုက်အခံအမတ်များကမူ အာဏာရှင် မင်းဆိုးမင်းညစ်၏ စိတ်ရင်းမပါသော ဟန်လုပ်သရုပ်ပြမှုဖြစ်သည်ဟု ဝေဖန်ပြောကြားလိုက်ကြောင်း DW သတင်းတွင် ဖော်ပြထားသည်။

နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၃၉ ဦး လွတ်မြောက်လာခဲ့ရာတွင် အများစုမှာ ၂၀၁၄ နှင့် ၂၀၁၇ အတွင်း ဗင်နီဇွဲလားမြို့ကြီးများတွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများကို ဦးဆောင်ခဲ့မှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံရသူ ၃၀၀ ကျော် အုပ်စုထဲမှဖြစ်သည်။ အဆိုပါ ဆန္ဒပြပွဲများတွင် ဆန္ဒပြသူများနှင့် ရဲများအကြား အချေအတင်ဖြစ်ပွားခဲ့မှုကြောင့် သေဆုံးသူစုစုပေါင်း ၁၇၀ ခန့်ရှိခဲ့သည်။

လွတ်မြောက်လာသူများသည် အစိုးရက ဖွဲ့စည်းပေးထားသောအမှန်တရား ကော်မရှင်နှင့် တွေ့ဆုံရမည်ဖြစ်သည်။

လွတ်မြောက်လာသူများထဲမှ ထင်ရှားသူတစ်ဦးမှာ ၂၀၁၄ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့စဉ်အချိန်က အကြမ်းဖက်မှုကို လှုံ့ဆော်ခဲ့သူဟု စွပ်စွဲခံရသော ဆန်ခရစ်စတိုဘာ မြို့တော်ဝန်ဟောင်း ဒန်နီယယ်စီဘာလို့စ် ဖြစ်သည်။

အတိုက်အခံ လွှတ်တော်အမတ်များ၏ ပါဝါကို ကန့်သတ်ရန်အတွက် သမ္မတမာဒူရိုက ဖန်တီးခဲ့သော အခြေခံဥပဒေလွှတ်တော်၏ ဥက္ကဋ္ဌ ဒယ်စီရိုဒရီဂွက်စ်က “သမ္မတမာဒူရိုရဲ့ တောင်းဆိုမှုကြောင့် အမှန်တရားကော်မရှင်က ဒီအကြံပြုချက်ကို ထုတ်ပြန်ခဲ့ပါတယ်။ သူကဒီအစီအစဉ်ဟာ တွေ့ဆုံဆွေးနွေးရေး၊ ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် လမ်းကြောင်းဖြစ်တယ်လို့ ပြောပါတယ်”ဟု ပြောကြားသည်။

မာဒူရိုသည် လိမ်လည်မှုများစွာရှိခဲ့သော မကြာသေးမီက ရွေးကောက်ပွဲတွင် နောက်ထပ် ခြောက်နှစ်သက်တမ်းအတွက် ပြန်လည်ရွေးချယ်တင်မြှောက်ခြင်းခံရသည်။

မာဒူရိုဖန်တီးထားသော အခြေခံဥပဒေလွှတ်တော်မပေါ်ခင်အထိ တစ်ခုတည်းသာရှိခဲ့သော အတိုက်အခံများ လွှမ်းမိုးထားသည့် အမျိုးသားလွှတ်တော်က ယခု နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးမှုသည် နိုင်ငံရေးထိုးဇာတ်တစ်ခုထက် မပိုပါဟု မှတ်ချက်ပေးသည်။

“အစိုးရက နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးပြီး နိုင်ငံရေးထိုးဇာတ်ကို ပြနေပေမယ့် ဗင်နီဇွဲလားမှာ ပြည်သူအားလုံးက အကျဉ်းသားတွေပါပဲ။ အခု လွတ်မြောက်လာသူတွေအတွက် ဝမ်းသာပေမယ့် အကျဉ်းသားပြည်သူသန်းသုံးဆယ် ကျန်နေသေးတယ်” ဟု လွှတ်တော်အမတ် သောမတ်စ်ဂွါနီပါက ပြောကြားသည်။

ဗင်နီဇွဲလားနိုင်ငံသည် ငွေကြေးဆိုင်ရာနှင့် လူသားချင်းစာနာမှုဆိုင်ရာ ပြဿနာများကို ရင်ဆိုင်တွေ့ကြုံနေရပြီး ကိုလမ်ဘီယာကဲ့သို့ အိမ်နီးချင်းတိုင်းပြည်များတွင် ဗင်နီဇွဲလားမှ ထွက်ပြေးလာသော ဒုက္ခသည်များဖြင့် ပြည့်လျှံသွားသည်အထိ အခြေအနေများဆိုးဝါးနေသည်။

F-04