News

POST TYPE

POLITICAL

မိုဘိုင်းလ်ဖုန်းဖြင့် အခွန်ဆောင်နိုင်တော့မည်
31-May-2018
ရန်ကုန်၊ မေ ၃၁

အခွန်ထမ်းဆောင်သူများ အချိန်ကုန် သက်သာစေရန်အတွက် မိုဘိုင်းလ်ဖုန်းများရှိ Mobile Banking နှင့် ကွန်ပျူတာအင်တာနက် iBanking အကောင့်များမှတစ်ဆင့် မည်သည့်ဘဏ်မှမဆို အခွန်ပေးဆောင်ခြင်းကို ဇူလိုင်လတွင် စတင်မည်ဖြစ်ကြောင်း ပြည်တွင်း အခွန်များဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ခင်ယမုံအောင်က ပြောကြားသည်။

Mobile Banking နှင့် iBanking အကောင့်များမှတစ်ဆင့် အခွန်ပေးဆောင်ရာတွင် မည်သည့်ပုဂ္ဂလိကဘဏ်မှမဆို မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲများတွင် ဖွင့်လှစ်ထားသည့် ပြည်တွင်းအခွန်များ ဦးစီးဌာနဘဏ်စာရင်းသို့ ပေးဆောင်ရမည်ဖြစ်ပြီး တရားဝင် စတင်ပေးဆောင်နိုင်မည်ဆိုပါက ဗဟိုဘဏ်က တရားဝင် ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာနထံမှ သိရသည်။

“ပြည်တွင်းအခွန်က နိုင်ငံတော်ဘဏ်မှာပဲ ဘဏ်စာရင်း ဖွင့်ရတယ်။ ကျွန်မတို့က ဆူးလေက ဘဏ်ခွဲ (၃) မှာ ဖွင့်ထားတဲ့အတွက် အခွန်ထမ်းက အခွန်သွင်းဖို့ကို ဆူးလေအထိ လာနေရတယ်။ ဒါကြောင့် Mobile Banking, iBanking အကောင့်တွေကတစ်ဆင့် ဇူလိုင်လကစပြီး အခွန်ပေးလို့ရအောင် ဗဟိုဘဏ်နဲ့ ပြည်တွင်းအခွန် ပူးပေါင်းဆောင်ရွက်နေပါတယ်”ဟု ဒေါ်ခင်ယမုံအောင်က ဆက်လက်ပြောဆိုသည်။

Mobile Banking နှင့် iBanking အကောင့်များမှတစ်ဆင့် အခွန်ထမ်းကြီးများ အပါအဝင် အခွန်ထမ်းငယ်များ အားလုံး ပေးဆောင်နိုင်မည်ဖြစ်ကြောင်း၊ ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် e-Payment စနစ်ဖြင့် အွန်လိုင်းမှ အခွန်ပေးဆောင်ခြင်းကို စတင်ဆောင်ရွက်ခဲ့ကာ e-Payment  စနစ်တွင် အခွန်ထမ်းကြီးများသာ ပေးဆောင်နိုင်ခဲ့ပြီး အခွန်ထမ်းငယ်များကိုမူ PIN နံပါတ်ထုတ်ပေးရန် အခက်အခဲရှိသောကြောင့် တစ်ပါတည်း မဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။

“Mobile Banking က နိုင်ငံတိုင်းမှာရှိနေတာ။ Mobile Banking နဲ့ အခွန်ဆောင်ခြင်းအားဖြင့် တကူးတက မဖြစ်တော့ဘဲ ဆောင်တဲ့သူအတွက်လည်း လွယ်ကူတယ်။ Mobile Banking နဲ့ဆို နိုင်ငံခြားကနေလည်း လှမ်းဆောင်လို့ရတယ်။ အခွန်ဆောင်တဲ့ အလေ့အထ ဖြစ်သွားတာပေါ့။ နိုင်ငံခြားမှာ လူတိုင်း လူတိုင်းက အခွန်ဆောင်ရမယ်ဆိုတာ ကလေးတောင် သိတယ်။ ဒီမှာက ခဲရာခဲဆစ် လုပ်ထားလို့ မဆောင်ချင်ကြတာပါ”ဟု စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာမောင်မောင်လေးက သုံးသပ်ပြောကြားသည်။

ဘဏ်သို့ လူကိုယ်တိုင် သွားရောက်ရန်မလိုဘဲ မိုဘိုင်းလ်ဖုန်းများမှတစ်ဆင့် အခွန်ပေးဆောင်ရပါက အခွန်ထမ်း ပြည်သူများအနေနှင့် ဘဏ်များတွင် စောင့်ဆိုင်းရန်မလိုဘဲ အချိန်ကုန် သက်သာသွားမည်ဖြစ်ပြီး အခွန်ပေးဆောင်ရသည်မှာ ပိုမိုလွယ်ကူသွားသည့်အတွက် အခွန်ထမ်းလည်း ပိုမိုများပြားလာမည်ဖြစ်ကြောင်း လုပ်ငန်းရှင်များက ပြောဆိုသည်။

J-11