News

POST TYPE

POLITICAL

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပရေး အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် အပစ်ရပ်လက်နက်ကိုင်အဖွဲ့များ ယခုလကုန် တွေ့ဆုံမည်
30-May-2018

ရန်ကုန်၊ မေ ၂၉

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံညီလာခံ တတိယအကြိမ်မြောက် အစည်းအဝေးကျင်းပရေး အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် အပစ်ရပ်လက်နက်ကိုင်အဖွဲ့များ မေလ ၃၀ ရက်နှင့် ၃၁ ရက်နေ့တို့တွင် နေပြည်တော်၌ တွေ့ဆုံမည်ဖြစ်ကြောင်း အဆိုပါလက်နက်ကိုင်အဖွဲ့များထံမှ သိရသည်။

အဆိုပါညီလာခံကို ဇွန်လလယ်တွင် ကျင်းပရန် ပြင်ဆင်ထားပြီး ညီလာခံတွင် ဆွေးနွေးမည့် အကြောင်းအရာများအတွက် ကြိုတင်ညှိနှိုင်းရန် အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် အပစ်ရပ် လက်မှတ်ထိုးထားသည့် ကိုယ်စားလှယ်အဖွဲ့တို့ ယင်းတွေ့ဆုံပွဲတွင် အလွတ်သဘော တွေ့ဆုံညှိနှိုင်းမည်ဖြစ်ကြောင်း အပစ်ရပ် လက်မှတ်ထိုးထားသည့် လက်နက်ကိုင်များတွင် ပါဝင်သည့် ချင်းအမျိုးသားတပ်ဦး (CNF) မှ ဒေါက်တာ ဆလိုင်းလျှန်မှုန်းဆာခေါင်းက ပြောကြားသည်။

“လက်ရှိတိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အစိုးရ တပ်မတော်ကြားမှာ ညှိနှိုင်းမှုမရ ဖြစ်နေတာတွေကို ကျော်လွှားနိုင်ခြင်း မရှိဘူးဆိုရင် ဇွန်လအတွင်းကျင်းပမယ့် ညီလာခံအစည်းအဝေး ကျင်းပနိုင်မှာမဟုတ်ဘူး”ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အစိုးရတပ်မတော်တို့အကြား ညီလာခံဒုတိယအကြိမ် အစည်းအဝေးကတည်းက မဆွေးနွေးနိုင်ဘဲ ချန်လှပ်ထားခဲ့ရသည့် ပြည်ထောင်စုမှ ခွဲမထွက်ရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် စသည့်အချက်များတွင် ညှိနှိုင်း၍ ရရှိသေးခြင်းမရှိသေးကြောင်း အဆိုပါ အပစ်ရပ် လက်နက်ကိုင်အဖွဲ့များထံမှ သိရသည်။

အဆိုပါ ကိစ္စရပ်များနှင့်ပတ်သက်၍ အပစ်ရပ်လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ကြပြီး အဆိုပါအစည်းအဝေးမှ ထွက်ပေါ်လာသည့် ဆွေးနွေးချက်များကို မေလ ၃၀ ရက် အစိုးရနှင့် အလွတ်သဘော တွေ့ဆုံစဉ် ပြန်လည်တင်ပြသွားမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့များထံမှ သိရသည်။

အပစ်ရပ် အဖွဲ့ခေါင်းဆောင်များသည် မေလ ၂၇ နှင့် ၂၈ ရက်နေ့တို့တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ တွေ့ဆုံ၍ အလွတ်သဘော ကိုယ်စားလှယ်အဖွဲ့၏ တင်ပြချက်များကို ပြန်လည်သုံးသပ်ကာ မေလ ၃၀ နှင့် ၃၁ ရက်တွင် အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် နေပြည်တော်၌ ပြန်လည်ဆွေးနွေးမည်ဖြစ်သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစု ပင်လုံညီလာခံ တတိယအကြိမ် အစည်းအဝေးကို ပြီးခဲ့သည့် ၂၀၁၇ နှစ်ကုန်ပိုင်းကတည်းက ကျင်းပရန် စီစဉ်ထားခဲ့သော်လည်း အစိုးရနှင့် လက်နက်ကိုင်အဖွဲ့များကြား ညှိနှိုင်းမှု အဆင်မပြေသေးသည့်အတွက် ညီလာခံကျင်းပမည့်အချိန်ကို ယခုနှစ် ဇွန်လအထိ ရွှေ့ဆိုင်းထားရခြင်းဖြစ်သည်။

လက်ရှိတွင် NCA သဘောတူစာချုပ်ကို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်အမျိုးသားအစည်းအရုံး- (ငြိမ်းချမ်းရေးကောင်စီ) (KNU/KNLA-PC)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ/(RCSS/ SSA) မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့ လက်မှတ်ထိုးထားသည်။

J-08

  • VIA