News

POST TYPE

POLITICAL

ဂုတ်တွင်းတံတားအသစ်စီမံကိန်း မြေယာလျော်ကြေးပေး
23-May-2018


လားရှိုး၊ မေ၂၂ 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပြည်ထောင်စုလမ်းပိုင်းရှိ ဂုတ်တွင်းတံတားသစ် စီမံကိန်းအတွက် နောင်ချိုဘက်အခြမ်းမှ မြေယာပိုင်ရှင် ၆၂ ဦးကို မြေယာလျော်ကြေးငွေ ပေးအပ်ခဲ့ကြောင်း Oriental Highway ကုမ္ပဏီထံမှ သိရသည်။ 

“ဂုတ်တွင်း တံတားသစ်စီမံကိန်း ချဉ်းကပ်လမ်းအပိုင်းမှာ ပါဝင်နေတဲ့မြေယာတွေကို လျော်ကြေးငွေပေးတာပါ။ လျော်ကြေးငွေပေးနေတာ လေးကြိမ်ရှိပါပြီ။ နောက်ဆုံးအကြိမ်က မေလ ၁၈ ရက်နေ့ကပေးတာပါ။ တောင်သူ ၆၂ ဦးအတွက် ပေးလျော်ခဲ့တယ်။ ၁၈၁ ဦး ပေးချေပြီးနောက်မှာ ၁၀၉ ဦးပေးချေဖို့ ကျန်ရှိနေပါတယ်”ယင်းကုမ္ပဏီမှ စီမံကိန်းတာဝန်ခံ ဦးသက်ဆွေက ပြောဆိုသည်။

ဂုတ်တွင်းတံတား ချဉ်းကပ်လမ်းနှင့် မလွတ်ကင်းသည့်လယ်မြေယာမြေများ အနက် ကျောက်မဲဘက်အခြမ်းမှ တောင်သူ ၁၃၀ ဦးကို လျော်ကြေးပေးချေပြီး ၃၇ ဦး သာကျန်ရှိတော့ကြောင်း၊ ဂုတ်တွင်းတံတား သစ်တည်ဆောက်ရေးအတွက် မြေယာလျော်ကြေးငွေပေးချေခြင်းကို အစိုးရက သာပေးချေခြင်းဖြစ်ပြီး လယ်မြေတစ်ဧကကို ကျပ်သိန်း ၁၅၀ နှင့် ယာမြေတစ်ဧကကို ကျပ်သိန်း ၁၀၀ စီ ပေးချေခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ဂုတ်တွင်းလမ်းပိုင်းမှာ တစ်ပတ်ကိုတစ်ရက် လမ်းပိတ်ဆို့မှုဖြစ်တယ်။ လမ်းပိတ်ရင် တစ်နာရီ၊ နှစ်နာရီစောင့်ရတာမျိုးအပြင် ဒီဇင်ဘာလတုန်းက ငါးရက်ကြာပိတ်ခဲ့တာရှိတော့ ဂုတ်တွင်းကား လမ်းတံတားသစ် မြန်မြန်အကောင်အထည်ဖော်စေချင်တယ်” ဟု ကုန်တင်ယာဉ်မောင်း ဦးလှမြင့်က ပြောဆိုသည်။

ဂုတ်တွင်းတံတားအသစ်မှာ မီတာ ၈၈၀ အရှည်ရှိ လေးလမ်းသွားသံမဏိကြိုး ဆိုင်းတံတားဖြစ်ပြီး လက်ရှိအသုံးပြုနေသည့် ဂုတ်တွင်းကားလမ်းအပိုင်းမှာ နောင်ချိုမြို့နှင့် ကျောက်မဲမြို့အကြားတွင် တည်ရှိပြီး အကွေ့အကောက်များ၍ အတက်အဆင်းကြီးသဖြင့် ၂၂ ဘီးယာဉ်များ မကြာခဏစက်ချို့ယွင်းမှုကြောင့် မကြာခဏ ယာဉ်ကြောပိတ်ဆို့မှု ဖြစ်လေ့ရှိသည်။

R-07