News

POST TYPE

POLITICAL

ဆိပ်ကမ်းများ၌ကောက်သည့် ကွန်တိန်နာ ဝန်ဆောင်ခ လျှော့ချ
20-May-2018

ရန်ကုန်၊ မေ ၂၀

ဆိပ်ကမ်းများ၌ကောက်ခံသည့် ကွန်တိန်နာ (ကုန်သေတ္တာ) ဝန်ဆောင်ခများကို ယခင်က အလုံးလိုက် ကောက်ခံရာမှ ဇူလိုင်လ ၁ ရက်နေ့မှစတင်၍ နှုန်းထားလျှော့ကာ တင်သွင်း၊ တင်ပို့သော ကုန်စည် ပမာဏအရသာ သတ်မှတ်ကောက်ခံတော့မည်ဖြစ်ကြောင်း ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်က ထုတ်ပြန်သည်။

ယခင်က ကွန်တိန်နာတစ်လုံးစာ မပြည့်သည့် (LCL- Less than Container Load) ကုန်စည်များကိုလည်း ကွန်တိန်နာ တစ်လုံးစာ ကျပ်တစ်သိန်းခန့်မှစ၍ နှုန်းထား အမျိုးမျိုး ကောက်ခံနေရာမှ ယခုအခါ ကုန်စည် ပမာဏအလိုက်သာ ကောက်ခံတော့မည်ဖြစ်ကြောင်း ပို့ကုန် သွင်းကုန် လုပ်ငန်းရှင်များထံမှ သိရသည်။

ယခင်က လုပ်ငန်းရှင်များမှာ ကွန်တိန်နာ တစ်လုံးစာ ကုန်စည်မရှိပါက အခြားကုန်စည်ရှင်အချို့နှင့် အတူတွဲ၍ ကွန်တိန်နာတစ်လုံးစာ စီစဉ်ပို့ဆောင်လေ့ရှိကြောင်း ယင်းလုပ်ငန်းရှင်များက ပြောကြားသည်။

ယခုသတ်မှတ်လိုက်သည့် နှုန်းထားများမှာ ကုန်စည်ထုထည် ၁ ကုဗမီတာမှ ၃ ကုဗမီတာအထိ ကျပ်သုံးသောင်း၊ ၃ ကုဗမီတာအထက်ကို ကျပ်ခုနစ်သောင်း ကောက်ခံမည်ဖြစ်ပြီး ကွန်တိန်နာတစ်လုံးစာ မပြည့်သည့် ကုန်စည်များသည် များသောအားဖြင့် ၂၀ ကုဗမီတာအောက် နည်းသည့် ကုန်စည်များဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“အရင်တုန်းက ကောက်ကြတဲ့နှုန်းထားက အရမ်းများတဲ့အတွက် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်တို့၊ ကုန်သည်စက်မှု အသင်းချုပ်တို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပေါင်းစပ်ညှိနှိုင်းတဲ့နှုန်းထားကို အစိုးရဘက်က လျှော့ချပေးတဲ့အနေနဲ့ နှုန်းထားတစ်ခုကို သတ်မှတ်ပေးလိုက်တာပါ”ဟု ကုန်သည်စက်မှုအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကွန်တိန်နာတစ်လုံးစာ မပြည့်သည့်ကုန်ပစ္စည်းများ ဆိပ်ကမ်းမှထုတ်ယူခြင်း၊ တင်ပို့ခြင်းနှင့်ပတ်သက်၍ မလိုလားအပ်သည့် စရိတ်များ လျှော့ချရန်အတွက် ၂၀၁၇ ခုနှစ် မတ်လမှစတင်၍ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ တာဝန်ရှိသူများ၊ ဝန်ဆောင်မှုပေးနေသည့် အဖွဲ့အစည်းများ၊ ပို့ကုန် သွင်းကုန် လုပ်ငန်းရှင်များ၊ အသင်းဝင်၊ အသင်းသားများနှင့် ကုန်သည်စက်မှု အသင်းချုပ်တို့ အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း ကုန်သည်စက်မှု အသင်းချုပ်ထံမှ သိရသည်။

“အရင်က ခြောက်သောင်းကောက်တာ ရှိတယ်။ တစ်သိန်းကောက်တာ ရှိတယ်။ ခေါင်းစဉ် အမျိုးမျိုးနဲ့ အားလုံးက အဆင်ပြေသလို ကောက်နေကြတာ။ ကိုယ့် မားကက်ရဖို့ ဈေးလျှော့ပေးတာလည်း ရှိတယ်။ အမြတ်များများ လိုချင်လို့ ဈေးတင်တာတွေလည်း ရှိတယ်။ အခုကျတော့ အဲဒီလိုလုပ်လို့ မရတော့ဘူးလေ။ ဘယ်လောက်ပဲ ကောက်ပါဆိုပြီး သတ်မှတ်လိုက်တဲ့သဘောပါ။ အခုလို သတ်မှတ်လိုက်တာ ကောင်းပါတယ်”ဟု ကုန် တင်သွင်း/တင်ပို့ ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သည့် ဦးစိုးအောင်က ပြောကြားသည်။

ကွန်တိန်နာတစ်လုံးစာ မပြည့်သည့် ကုန်စည်များကို ဝန်ဆောင်ခနှုန်းထား သတ်မှတ်ကောက်ခံရန် ယခင်က တိတိကျကျ သတ်မှတ်ထားခြင်း မရှိသောကြောင့် ၂၀၁၈ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှစတင်၍ ဈေးနှုန်း တစ်ခုတည်းကိုသာ တစ်ပြေးညီ ကောက်ခံရန် စတင် သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း သွင်းကုန် ပို့ကုန်များကို ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သည့် အေးဂျင့်များထံမှ သိရသည်။

ယခုသတ်မှတ်ထားသည့် ဝန်ဆောင်မှု နှုန်းထားများထက် ပိုမိုကောက်ခံမှုများ တွေ့ရှိပါက ရေကြောင်း ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများ လုပ်ကိုင်သည့် ကုမ္ပဏီများ ကြီးကြပ်ရေး ကော်မတီနှင့် ကုန်သည်စက်မှု အသင်းချုပ် အတွင်းရေးမှူးချုပ်ရုံး ဌာနတို့ထံ တိုက်ရိုက် ဆက်သွယ်၍ အသိပေး တိုင်ကြားနိုင်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်ထံမှ သိရသည်။ 

မြန်မာနိုင်ငံ ကမ်းရိုးတန်းဒေသတွင် ဆိပ်ကမ်းပေါင်း ကိုးခုခန့်ရှိကာ မြန်မာတစ်နိုင်ငံလုံး၏ ကုန်စည် ၉၀ ရာခိုင်နှုန်းခန့်ကို ရန်ကုန်ဆိပ်ကမ်းတွင်ပင် အတင်အချ ပြုလုပ်နေခြင်းဖြစ်ပြီး ရန်ကုန်ဆိပ်ကမ်းတွင် ပို့ကုန် သွင်းကုန် ပြုလုပ်သည့် ကုန်သေတ္တာ အလုံးပေါင်း တစ်နေ့လျှင် ၂၀၀၀ ခန့်ရှိကြောင်း ကုန်သေတ္တာတင် မော်တော်ယာဉ်များအသင်းထံမှ သိရသည်။ 

J-11