News

POST TYPE

POLITICAL

ဂျာမနီခေါင်းဆောင် မာကယ်လ်နှင့် ရုရှားသမ္မတပူတင် တွေ့ဆုံ
20-May-2018 tagged as ရုရှား ဂျာမနီ



မော်စကို၊ မေ ၁၉

ဂျာမနီခေါင်းဆောင် မာကယ်လ်သည် ရုရှားသမ္မတပူတင်နှင့် သောကြာနေ့က တွေ့ဆုံဆွေးနွေးခဲ့ပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်ဟု DW သတင်းတွင် ဖော်ပြထားသည်။

ခေါင်းဆောင်နှစ်ဦးသည် ဆီးရီးယားစစ်ပွဲ၊ ယူကရိန်းပြဿနာ၊ Nord Stream 2 ဓာတ်ငွေ့ပိုက်လိုင်း၊ အီရန်နျူကလီးယား စာချုပ်စသော ကိစ္စများကို ဆွေးနွေးခဲ့ကြသည်။ အဓိအတိမာကယ်လ်က အီရန်နျူကလီးယားစာချုပ်သည် ဘာမှမရှိခြင်းထက် ပိုကောင်းသည်ဟု မှတ်ချက်ပေးခဲ့ပြီး တွေ့ဆုံမှုမတိုင်မီ ယူကရိန်းအရှေ့ပိုင်း၌ တစ်ညလုံး အပစ်ရပ် ကျိုးပေါက်ခဲ့မှုကို ပြစ်တင်ဝေဖန်ခဲ့သည်။

ယူကရိန်းပြဿနာနှင့်ပတ်သက်၍ မင့်စ်သဘောတူစာချုပ်သည် ငြိမ်းချမ်းရေးရရှိရေးအတွက် အခြေခံဖြစ်ကြောင်းနှင့် ဂျာမနီ၊ ပြင်သစ်၊ ရုရှားနှင့် ယူကရိန်းတို့ ပါဝင်သော နော်မန်ဒီပုံစံဖြင့် ဆက်လက်လုပ်ဆောင်သွားရမည်ဟု ခေါင်းဆောင်နှစ်ဦးစလုံးက ပြောကြားသည်။ ယူကရိန်း အရှေ့ပိုင်းတွင် ကုလသမဂ္ဂ၏ ငြိမ်းချမ်းမှု ထိန်းသိမ်းရေးတပ်ဖွဲ့များကို ရုရှားက ထောက်ခံမည်ဟု ပူတင်က ပြောကြားသည်။ 

Nord Stream 2 ဓာတ်ငွေ့ပိုက်လိုင်း ဖွင့်လှစ်လိုက်သည့်တိုင်အောင် ယူကရိန်းသည် ဓာတ်ငွေ့ပို့လွှတ်မှုကြား စခန်းအဖြစ် ဆက်ရှိနေရမည်ဖြစ်ပြီး ထိုကိစ္စတွင် ဂျာမနီက ပါဝင်ရန်အဆင်သင့် ရှိသည်ဟု မာကယ်လ်က ပြောကြားခဲ့သည်။ ပူတင်က ယူကရိန်းကသာ စီးပွားရေးအရ တတ်နိုင်လျှင် ဓာတ်ငွေ့ဆက်ရနေမည် ဖြစ်သည်ဟု ပြောကြားသည်။

အီရန်နျူကလီးယား သဘောတူစာချုပ်မှ အမေရိကန် နုတ်ထွက်သွားခြင်းသည် ခက်ခဲသော အခြေအနေကို ဖြစ်ပေါ်စေသည်ဟု မာကယ်လ်ကဆိုသည်။ ထိုစာချုပ်သည် ပြီးပြည့်စုံခြင်း မရှိသော်လည်း လုံးဝမရှိခြင်းထက် ပိုကောင်းကြောင်းနှင့် အီရန်တွင် ရင်းနှီးမြှုပ်နှံသည့် ဥရောပကုမ္ပဏီများအပေါ် အမေရိကန်က အရေးယူခြင်းကို ပိတ်ဆို့မည့် ဥပဒေများ ပြဋ္ဌာန်းရန် အီးယူက ဆွေးနွေးနေကြောင်း မာကယ်လ်က ပြောကြားသည်။

ပူတင်က ဥရောပနိုင်ငံများအနေနှင့် ဒုက္ခသည်များကို နေရပ်ပြန်စေလိုပါက ဆီးရီးယားနိုင်ငံ ပြန်လည်တည်ဆောက်ရေးကို ကူညီသင့်သည်ဟု ပူတင်က ပြောကြားသည်။ 

မာကယ်လ်က ဂျာမနီသည် ရုရှားနှင့် ဆက်ဆံရေးကောင်းရန် မဟာဗျူဟာမြောက် စိတ်ဝင်စားမှုရှိသည်ဟု ထုတ်ဖော်ပြောကြားသည်။

ယခုတွေ့ဆုံဆွေးနွေးမှုသည် စိတ်ဝင်စားစရာကောင်းသောအချိန်တွင် ပေါ်ထွက်လာခဲ့ပြီး များစွာအသုံးဝင်သည်ဟု ပူတင်က မှတ်ချက်ပေးသည်။

အာရုံကြောအဆိပ်ဖြင့် လုပ်ကြံခံရပြီးနောက် နေပြန်ကောင်းလာကာ သောကြာနေ့က ဆေးရုံမှ ဆင်းသွားသူ ရုရှားသူလျှိုဟောင်း ဆာဂျီစခရီပယ်နှင့် ပတ်သက်၍ ပူတင်က “သူတို့ပြောသလို စစ်ဘက်သုံးအဆင့် အဆိပ်ဆိုရင် နေရာမှာတင် ပွဲချင်းပြီး သေသွားမှာပေါ့” ဟု ပြောဆိုသွားသည်။

မော်စကို၏ ဆီးရီးယားသမ္မတ အာဆတ်အား ထောက်ခံမှုနှင့် ယူကရိန်း ကရိုင်းမီးယားကျွန်းဆွယ် ကျူးကျော်မှုများကြောင့် ဆက်ဆံရေးတင်းမာနေသော ဂျာမနီနှင့် ရုရှားအကြား အီရန်နျူကလီး ယားစာချုပ်နှင့်ပတ်သက်၍ သဘောတူညီမှုသည် ရှားရှားပါးပါး သဘောထားတိုက်ဆိုင်မှုတစ်ခုဖြစ်သည်။

ဥရောပနိုင်ငံများက အီရန်နျူကလီးယားစာချုပ်သည် ဒေသတွင်း လုံခြုံရေးအတွက် အရေးကြီးသည်ဟု ယူဆထားကြပြီး အမေရိကန်နုတ်ထွက်သွားမှုကြောင့် တီဟီရန်၏ နျူလက်နက်အစီအစဉ် ပြန်လည်စတင်မည့်အရေးကို စိုးရိမ်နေကြသည်။ ထို့ပြင် အီရန်အပေါ် ဝါရှင်တန်က အရေးယူပိတ်ဆို့မှုများ ပြန်လည်ချမှတ်မှုက အီရန်နိုင်ငံအတွင်းရှိ ဥရောပ အကျိုးစီးပွားများအား ခြိမ်းခြောက်လာမည်ကိုလည်း အီးယူက စိုးရိမ်လျက်ရှိသည်။

F-04