News

POST TYPE

POLITICAL

၂၁ ပင်လုံတက်ရန် မြောက်ပိုင်းအဖွဲ့ကို တရုတ်တိုက်တွန်း
19-May-2018
ရန်ကုန်၊ မေ ၁၉

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံညီလာခံ တတိယအကြိမ် အစည်းအဝေးကို အစိုးရကဖိတ်ကြားလျှင် တက်ရောက်ရန် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ကို တရုတ်အစိုးရက တိုက်တွန်းလိုက်သည်။

တရုတ်အစိုးရ၏ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ ဆွန်ကော်ရှန်း၏ ဖိတ်ကြားချက်အရ မေလ ၁၈ ရက်တွင် တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့များ၏ FPNCC ကော်မတီမှ ကိုယ်စားလှယ်ခေါင်းဆောင်များ သွားရောက်ကာ တွေ့ဆုံခဲ့ကြပြီး အဆိုပါတွေ့ဆုံပွဲတွင် တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

တရုတ်အစိုးရနှင့် အဆိုပါတွေ့ဆုံပွဲနှင့်ပတ်သက်၍ မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့က အချက်သုံးချက်ပါ သတင်းထုတ်ပြန်ချက် တစ်စောင်ကိုလည်း ထုတ်ပြန်ခဲ့သည်။

လာမည့် ၂၁ ရာစု ပင်လုံညီလာခံကို အစိုးရကဖိတ်ကြားလာပါက တက်ရောက်သွားရန် တရုတ်ကတိုက်တွန်းခဲ့ပြီး တရုတ်မြန်မာ နယ်စပ်တည်ငြိမ်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရန်၊ လက်ရှိ ဖြစ်ပေါ်နေသည့် နိုင်ငံရေး ပြဿနာများကို လက်နက်ကိုင်နည်းလမ်းဖြင့်မဖြေရှင်းဘဲ တွေ့ဆုံဆွေးနွေး အဖြေရှာရန် တရုတ်အစိုးရကတိုက်တွန်းခဲ့ပြီး FPNCC အဖွဲ့ဝင်များအနေနှင့်လည်း လက်ရှိ နိုင်ငံရေး၊ စစ်ရေးပြဿနာများ၊ နယ်စပ်ဒေသတည် ငြိမ်ရေးကိစ္စများကို တွေ့ဆုံဆွေးနွေး အဖြေရှာရန် အဆင်သင့်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ၂၀၁၇ မေလက နေပြည်တော်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ - ၂၁ ရာစု ပင်လုံ ညီလာခံ ပထမနေ့တွင် မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့များ တရုတ်အစိုးရ၏ ကြားဝင်ညှိနှိုင်းမှုဖြင့် ပထမဦးဆုံးအကြိမ် တက်ရောက်ခဲ့သည်။

တရုတ်အစိုးရက မြောက်ပိုင်းအဖွဲ့များနှင့် အစိုးရကြားတွင် ကြားဝင်ညှိနှိုင်းလာသည်မှာ တစ်နှစ်ခွဲကျော် ကြာမြင့်လာပြီဖြစ်သော်လည်း သိသာထင်ရှားသည့် ရလဒ်တစ်စုံတစ်ရာ တွေ့မြင်ရခြင်း မရှိသေးဘဲ ညှိပေးနေသည့် အဆင့်မှာသာ ရရှိသေးကြောင်း စစ်ရေးနိုင်ငံရေး လေ့လာသူ ဦးမောင်မောင်စိုးက သုံးသပ်သည်။

မြောက်ပိုင်းအဖွဲ့များတွင် မတူညီမှုများ ရှိသော်လည်း နီးကပ်သည့် ဆက်ဆံရေးများကို တွေ့မြင်နေရပြီး အတူတူ ရပ်တည်နေသည်ကို တွေ့မြင်နေရကြောင်း ၎င်းကသုံးသပ်သည်။

“မြောက်ပိုင်းနဲ့ တရုတ်နဲ့က နီးနီးကပ်ကပ် ထိတွေ့ဆက်ဆံတာ တွေ့ရပါတယ်။ ဒီနီးနီးကပ်ကပ် ဆက်ဆံနေတဲ့အပေါ်မှာ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဘယ်လိုသက်ရောက်မှု ရှိမလဲဆိုတာတော့ ကျွန်တော်တို့ စောင့်ကြည့်ရမှာဖြစ်ပါတယ်”ဟု ၎င်းကသုံးသပ်သည်။

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSA/UWSP) နှင့် မိုင်းလား လက်နက်ကိုင်အဖွဲ့ (NDAA) တို့သည် မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့က ဖွဲ့စည်းထားသည့် နိုင်ငံရေး ဆွေးနွေးမှုကော်မတီ (FPNCC) အတွင်းပါရှိသည့် အဖွဲ့များဖြစ်ပြီး အစိုးရ၏ NCA လမ်းကြောင်းကို လိုက်ပါဆွေးနွေးခြင်းမရှိဘဲ အပစ်ရပ်လမ်းကြောင်းအသစ်ကို ထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပြီးခဲ့သည့်ရက်ပိုင်းက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် တရုတ်နိုင်ငံ နယ်နမိတ်အတွင်း လက်နက်ကြီးများ ကျည်ဆံများ ကျရောက်ခဲ့ပြီး နယ်စပ်ဒေသ တည်ငြိမ်မှုအတွက် စိုးရိမ်ကြောင်း တရုတ်အစိုးရ ထုတ်ပြန်ထားသည်။

အစိုးရငြိမ်းချမ်းရေးကော်မရှင်သည် “ဝ” ဦးဆောင်သည့် FPNCC ကော်မတီကို ကော်မတီတစ်ခုလုံးအနေနှင့် တွေ့ဆုံဆွေးနွေးရန် ငြင်းဆိုထားပြီး “ဝ” နှင့် မိုင်းလားနှစ်ဖွဲ့ကို သီးခြားစီ တွေ့ဆုံခြင်း KIO အဖွဲ့နှင့် သီးခြားစီ တွေ့ဆုံခြင်းစသည့် နည်းလမ်းများဖြင့် ဆောင်ရွက်နေသည်။

“ဝ”တပ်ဖွဲ့ ဦးဆောင်သည့် နိုင်ငံ ရေးဆွေးနွေးမှု ကော်မတီ FPNCC တွင် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSA)၊ မိုင်းလား (NDAA)၊ ကချင် လက်နက်ကိုင်အဖွဲ့ (KIO)၊ တအောင်း ပလောင်အဖွဲ့ (TNLA)၊ ရှမ်းပြည်တိုး တက်ရေးပါတီ (SSPP)၊ ရခိုင်လက်နက် ကိုင်အဖွဲ့ (AA)၊ ကိုးကန့်အဖွဲ့ (MNDAA) စသည့် လက်နက်ကိုင်အဖွဲ့များ ပါဝင်နေသည်။

J-08