News

POST TYPE

POLITICAL

ကိုယ်စားလှယ်များ၏ မေးခွန်းနှင့် ဆွေးနွေးမှုများ လေထဲတွင် ပျောက်မသွားရန်လိုဟု ဥက္ကဋ္ဌ ပြောကြား

ရန်ကုန်၊ စက်တင်ဘာ ၂၃

လွှတ်တော်ကိုယ်စားလှယ်များ အနေနှင့် လွှတ်တော် အစည်းအဝေးများအတွင်း မေးခွန်း မေးမြန်းခြင်း၊ ဆွေးနွေးခြင်းများ ပြုလုပ်ရာတွင် လေထဲတွင် ပျောက်ကွယ် မသွားစေရန် လိုအပ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောဆိုလိုက်သည်။ 

ယနေ့ ပြုလုပ်သည့် အစည်းအဝေးတွင် ပြောဆိုခဲ့ခြင်း ဖြစ်ပြီး ကိုယ်စားလှယ်များ အနေနှင့် မိမိတို့၏ မဲဆန္ဒနယ်များအတွက် တာဝန် ကျေပွန်စွာ ဆောင်ရွက်သင့်သည်ဟု ဥက္ကဋ္ဌက ဆိုသည်။ 

လွှတ်တော်အတွင်း မေးခွန်း မေးမြန်းခြင်းသည် အစိုးရနှင့် ဥပဒေပြုရေး လွှတ်တော်တို့အကြား အပြန်အလှန် ထိန်းကျောင်းခြင်း (Check and Balance) မမည်ဘဲ မိမိတို့  ပြောဆို ဆွေးနွေးခဲ့သည့် အကြောင်းအရာများနှင့် ပတ်သက်၍ စေ့စပ် သေချာစွာ  လက်တွေ့ အကောင်အထည် ဖော်နိုင်ရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အဲဒီတော့ ကိုယ်တို့ လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့က လေနဲ့ပြောပြီး လေထဲမှာ မပျောက်ဖို့ပဲ လိုတယ်။ ပြောတော့ ပြောနေကြတာပဲ၊ သို့သော်လည်း  လက်တွေ့ကျကျ ထိထိမိမိ ပိုင်ပိုင်နိုင်နိုင် အကောင်အထည် ဖော်ဖို့ လိုတယ်၊ အဲဒီလို  အကောင်အထည် ဖော်နိုင်မှလည်း ဒီလို ပြုပြင် ပြောင်းလဲမှုကို ရောက်မှာ”ဟု ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောဆိုသည်။ 

ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမဲ ဆန္ဒနယ်မှ ဒေါက်တာ ဦးထွန်းလင်းမော်က  မေးခွန်း မေးမြန်းခဲ့မှုကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက ပြန်လည် ဖြေကြားအပြီးတွင် ၎င်းက ပြောဆိုခဲ့ခြင်း ဖြစ်သည်။ 

ကျန်းမာရေး ဝန်ထမ်းများ၏ ပြောင်းရွှေ့ နေရာချမှုများနှင့် ပတ်သက်၍ ဘက်လိုက်မှုများ၊ တရား မမျှတမှုများ ရှိနေပြီး ဝန်ထမ်းများ အနေနှင့် လုပ်ငန်းခွင် မပျော်ရွှင်ခြင်း၊  စွမ်းဆောင်ရည် ကျဆင်းခြင်း၊ အလုပ်မှ ထွက်စာ တင်ခြင်း၊ ထုတ်ပယ် ခံရခြင်းများ၊  ဝေးလံခေါင်းပါး တာဝန် မထမ်းဆောင်လိုမှုများ ရှိနေမှုနှင့် ပတ်သက်၍ ဒေါက်တာ ဦးထွန်းလင်းမော်က မေးမြန်းခဲ့ခြင်း ဖြစ်သည်။ 

“အပြောင်းအရွှေ့ ကိစ္စတွေမှာ ကျေနပ်မှု မရှိတဲ့၊ နစ်နာမှုရှိတဲ့ ဝန်ထမ်းတွေ အနေနဲ့  ဝန်ကြီးကို စာအားဖြင့်သော်လည်းကောင်း၊ ဖုန်းအားဖြင့်သော်လည်းကောင်း၊ အီးမေးလ် အကောင့်ကသော်လည်းကောင်း၊ ဖေ့စ်ဘုတ် အကောင့်ကသော်လည်းကောင်း တိုက်ရိုက် ဆက်သွယ်ရေး လမ်းကြောင်းတစ်ခု ဝန်ကြီး အနေနဲ့ ဖွင့်ပေးနိုင်ခွင့် ရှိ မရှိ သိလိုပါတယ်”ဟု ၎င်းက ဆိုသည်။ 

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန လက်အောက်ရှိ အမှုထမ်းများ ဖြစ်သည့်  ဘက်စုံဝန်ထမ်း၊ ပြည်သူ့ကျန်းမာရေး ကြီးကြပ် ၁၊ ၂၊ သားဖွား၊ သူနာပြု ဆရာမများ၊ လက်ထောက် ကျန်းမာရေးမှူးများ၊  ကုသရေး အထောက်အကူများ ဖြစ်သည့် ဓာတ်မှန်၊ စာရေးဝန်ထမ်း စသည့် အမှုထမ်းများ၏ အပြောင်းအရွှေ့ ကိစ္စများကို တိုင်းဒေသကြီး ပြည်နယ်အတွင်း ပြောင်းရွှေ့ တာဝန် ထမ်းဆောင်မှုကို သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ် ဦးစီးမှူးများက ကြီးကြပ် ဆောင်ရွက်ခြင်း ဖြစ်ပြီး တိုင်းဒေသကြီး ပြည်နယ်ခြား ပြောင်းရွှေ့ တာဝန် ချထားရာတွင် လုပ်သက် အနည်းဆုံး ၂ နှစ်ရှိမှသာ လုပ်ထုံး လုပ်နည်းနှင့်အညီ လုပ်ဆောင်လျက် ရှိကြောင်း အရာထမ်းများ ဖြစ်သည့် ဆရာဝန်များကိုလည်း ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် ဗဟို စီမံခန့်ခွဲမှု ကော်မတီက ကိုင်တွယ် ဆောင်ရွက်လျက် ရှိကြောင်း ပြည်ထောင်စု ဝန်ကြီးက ဒေါက်တာမြင့်ထွေးက ပြန်လည် ဖြေဆိုသည်။ 

ကျန်းမာရေး ဝန်ထမ်းများပြောင်း ရွှေ့ရာတွင် တရား မမျှတမှုများ၊ လာဘ်ပေး လာဘ်ယူမှုများ ရှိနေပါက ၎င်းထံသို့ တိုက်ရိုက် တိုင်ကြားနိုင်ကြောင်း၊ ယင်းသို့ တိုင်ကြားနိုင်ရန် အီးမေးလ်၊ တယ်လီဖုန်းနှင့် Facebook Messenger တို့ကို ဖွင့်လှစ်ထားရှိကြောင်း  ဝန်ကြီးက ဆိုသည်။ 

“တိုက်ရိုက် အကြောင်းကြားပါ၊ စုံစမ်းပြီး မှန်လို့ ရှိရင် သင့်တင့်တဲ့ အရေးယူမှု လုပ်မယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါ ပြောကြားချက်များအပြီး  ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ပြောဆိုခဲ့ခြင်း ဖြစ်သည်။ 

“လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ကလည်း ခုနက သက်ဆိုင်ရာ ဝန်ကြီး ပြောကြားသလိုပဲ အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ တင်ပြနိုင်တယ်၊ တိုင်ကြားနိုင်တယ်၊ စာပို့နိုင်တယ်လို့ အစွမ်းကုန် ပြောပြီးပြီ။ အဲဒီတော့ ကိုယ်တို့ လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့က လေနဲ့ပြောပြီး လေထဲမှာ မပျောက်ဖို့ပဲ လိုတယ်”ဟု ဦးဝင်းမြင့်က ဆိုသည်။ 

ယင်းအပြင် ကိုယ်စားလှယ်များ အနေနှင့် လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်း ဥပဒေများတွင် ပြဋ္ဌာန်းထားသည့် မိမိတို့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ကျနစွာ လေ့လာ သိရှိထားရန် လိုအပ်ကြောင်း ၎င်းက ထပ်လောင်း ပြောဆိုသည်။