News

POST TYPE

POLITICAL

ဆန္ဒပြရန် ပါဝင်သူကို မရိုးဖြောင့်သော သဘောဖြင့် ငွေကြေးနှင့် ပစ္စည်း မပေးရန် ငြိမ်းစုစီ ဥပဒေကြမ်းတွင် အတည်ပြု
23-Sep-2016

နေပြည်တော်၊ စက်တင်ဘာ ၂၃

ဆန္ဒ ဖော်ထုတ်ရာတွင် ပါဝင်မည့် သူများကို မရိုးမဖြောင့်သော သဘောဖြင့် တစ်ဦးဦးအား ငွေကြေး သို့မဟုတ် ပစ္စည်း တစ်စုံတရာ ပေးဆောင်ခြင်း မပြုရဟု ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်း လှည့်လည်ခြင်းဆိုင်ရာ ဥပဒေကြမ်းတွင် ထည့်သွင်း အတည်ပြုလိုက်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။ 

ယင်းဥပဒေကြမ်းကို ပြန်လည် ပြင်ဆင်ရာတွင် အချက် ၈ ချက် သဘောထား ကွဲလွဲနေပြီး ယနေ့ ကျင်းပသော ပြည်ထောင်စု လွှတ်တော်တွင် ညှိနှိုင်း အတည်ပြုချက် ရယူခဲ့ခြင်း ဖြစ်သည်။
ယင်းအချက်ကို ပြည်သူ့လွှတ်တော်က ပယ်ဖျက်ရန် တင်ပြခဲ့သော်လည်း ဥပဒေကြမ်း ပူးပေါင်း ကော်မတီ၏ ညှိနှိုင်းချက်ကို အတည်ပြုလိုက်ခြင်း ဖြစ်သည်။

ယင်းပြင်ဆင်ချက်တွင် မရိုးမဖြောင့်သော သဘောဆိုသည့် စာသားကို ထည့်သွင်းချက်သည် သူခိုးလမ်းပြဖြစ်နေပြီး ဥပဒေကို ရှောင်လွဲ လုပ်ဆောင်မည့် အရေးကိစ္စများ ပြုလုပ်လာနိုင်ကြောင်း အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဦးက ထောက်ပြ ပြောဆိုခဲ့သော်လည်း မဲခွဲရာတွင် ပူးပေါင်း ကော်မတီ၏ သဘောထား ပြင်ဆင်ချက်အတိုင်း အတည်ပြုခဲ့ခြင်း ဖြစ်သည်။

အမျိုးသားလွှတ်တော်က ဥပဒေကြမ်းပါ “တာဝန်ရှိပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများမှ ကြိုတင် သတ်မှတ်ထားသော စည်းကမ်းချက်များကို လိုက်နာ ဆောင်ရွက်ရမည်”ဟု သဘောတူထားပြီး ပြည်သူ့လွှတ်တော်က “ဒေသဆိုင်ရာ လိုအပ်ချက်အရ ကြိုတင် သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်း သဘော တူညီချက် ရယူရမည်”ဟု သဘောထား ကွဲလွဲနေသောအချက်ကို ပြည်သူ့လွှတ်တော်၏ အတည်ပြုချက်အတိုင်း အတည်ပြုခဲ့သည်။

ယင်းအပြင်  ပြည်သူ့လွှတ်တော်က “ခွင့်ပြုထားသော စုဝေးသည့် နေရာ သို့မဟုတ် စီတန်းလှည့်လည်သည့် လမ်းကြောင်းတလျှောက်ရှိ ပြည်သူပိုင် ပစ္စည်း၊ အများပိုင် ပစ္စည်း၊ ပုဂ္ဂလိကပိုင် ပစ္စည်းများကို ထိခိုက် ပျက်စီးစေမည့် အပြုအမူ၊ ပတ်ဝန်းကျင် ညစ်ညမ်းစေမည့် အပြုအမူများ မပြုလုပ်ရ”ဟု အတည်ပြု ထားခြင်းတွင် အမျိုးသားလွှတ်တော် အတည်ပြုချက်အတိုင်း အတည်ပြုခဲ့သည်။

သဘောထား ကွဲလွဲချက် ၈ ချက်တွင် ၄ ချက်ကို အတည်ပြုလိုက်ပြီး ကျန်ရှိသည့် အချက်များကို ဆက်လက် ကျင်းပမည့် ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြုသွားမည်ဖြစ်ကြောင်း လွှတ်တော် နာယက မန်းဝင်းခိုင်သန်းက ကြေညာခဲ့သည်။


  • VIA