News

POST TYPE

POLITICAL

AA တပ်ဖွဲ့ဝင်ဟုဆိုကာ ဖမ်းဆီးမှု ဥပဒေကြောင်းအရ ရင်ဆိုင်လိုဟု မိသားစုဝင်များပြော
23-Sep-2016 tagged as

ရန်ကုန်၊ စက်တင်ဘာ ၁၃

ရက္ခိုင့်တပ်(AA)မှ တပ်ဖွဲ့ဝင်ဟုဆိုကာ အမျိုးသား တစ်ဦးကို မြန်မာ့ တပ်မတော်က စက်တင်ဘာလ ၁၉ ရက်နေ့က ရသေ့တောင်မြို့နယ်တွင် ဖမ်းဆီးခဲ့မှု တရားဥပဒေအရ ရင်ဆိုင်လိုသည်ဟု အဆိုပါ အမျိုးသား၏ မိသားစုဝင်များက ပြောကြားသည်။

AA တပ်ဖွဲ့ဝင်ဆိုသူတစ်ဦးကို လက်နက် ခဲယမ်းများနှင့်အတူ ရသေ့တောင်မြို့နယ် လိုင်ဂွင်ကျေးရွာ အနီးတွင် မြန်မာ့ တပ်မတော်က ဖမ်းဆီးခဲ့သည်ဟု ဒေသခံများထံမှ သိရှိရသည်။ 

ယင်းကိစ္စမှာ မှန်ကန်မှု ရှိ မရှိ စုံစမ်း စစ်ဆေးပေးရန် ရသေ့တောင်မြို့နယ် ရဲတပ်ဖွဲ့ စခန်းတွင် တိုင်ချက် ဖွင့်ခဲ့သော်လည်း ယင်းအမှုမှာ တပ်မတော်နှင့် သက်ဆိုင်သည့်ကိစ္စ ဖြစ်သည့်အပြင် လိုင်ဂွင်နယ်မြေမှာ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ထိန်းချုပ်နယ်မြေ ဖြစ်သည်ဟုဆိုကာ မြို့နယ် ရဲတပ်ဖွဲ့မှူးက လက်မခံကြောင်း ဖမ်းဆီး ခံထားရသူ၏ မိသားစုဝင်များက ပြောကြားသည်။
 
“သူ့ကို တွေ့ခွင့် ရချင်တယ်။ အဖမ်း ခံတယ်လို့ သိရပြီးနောက် သတင်း အစအန မရဘဲ ပျောက်နေတဲ့အတွက် မိသားစုက စိုးရိမ်တယ်။ ရုပ်ပိုင်းဆိုင်ရာအရရော စိတ်ပိုင်းဆိုင်ရာအရရော ပကတိ အနေအထား ရှိလား။ စိုးရိမ်တဲ့အတွက် တွေ့ချင်တယ်”ဟု မိသားစုဝင်များနှင့် တွေ့ဆုံခွင့်ရအောင် လိုက်ပါ ဆောင်ရွက်နေသည့် ဘုန်းတော်ကြီး တစ်ပါးက မိန့်ကြားသည်။

မြန်မာ့ တပ်မတော် အနေနှင့် မိသားစုနှင့် တွေ့ခွင့်ပြုစေလိုကြောင်း ၎င်းက မိန့်ကြားသည်။

AA တပ်ဖွဲ့ဝင်ဟုဆိုကာ ဖမ်းဆီးထားသူကို မြန်မာ့ တပ်မတော်က ထိန်းသိမ်းထားခြင်း မဟုတ်ဘဲ တရားရုံးသို့ လွှဲပြောင်းကာ တရားဥပဒေ လမ်းကြောင်းအရ ရင်ဆိုင်ခွင့်ပြုစေလိုကြောင်း ဆရာတော်က ဆက်လက် မိန့်ကြားသည်။

“ပြစ်မှု ကျူးလွန်ထားတယ် ဆိုရင်လည်း ဥပဒေကြောင်းအရပဲ တရားစွဲဆိုပြီး အရေးယူပါ။ ဒီဘက်ကလည်း တရားဥပဒေအရ ထုချေခွင့် ရချင်တယ်”ဟု ၎င်းက မိန့်ကြားသည်။

ဖမ်းဆီးခံထားရသူကို ၎င်း၏ အစ်မတော်စပ်သူ နှစ်ဦးက တွေ့ခွင့် ရရှိအောင် စက်တင်ဘာလ ၂၂ ရက်နေ့က ကြိုးပမ်း ခဲ့သော်လည်း တွေ့ခွင့် မရသေးကြောင်း၊ AA တပ်ဖွဲ့ဝင်ဟုဆိုကာ ဖမ်းဆီး ခံထားရသူမှာ လွန်ခဲ့သည့် ငါးနှစ်ခန့်က နေအိမ်က ထွက်သွားပြီးနောက် အဆက်အသွယ် မရခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။

  • VIA
  • TAGS