News

POST TYPE

POLITICAL

နိုင်ငံတော်နှင့် နိုင်ငံသားများကို အိုးမဲမသုတ်စေလို (Daily, Vol-6/No-30)
စစ်ပွဲများ ရပ်တန့်ပေးရန် ဆန္ဒပြကြသူများသည် ယေဘုယျအားဖြင့် ဆိုရပါက ငြိမ်းချမ်းရေးကို လိုလားကြသူများဖြစ်သည်။ တစ်နည်းအားဖြင့် ငြိမ်းချမ်းရေးကို လိုလားသူများဟုလည်း ဆိုနိုင်သည်။ 

ဆန္ဒပြသူများ၏ နောက်ကွယ်တွင် မည်သို့သော အဖွဲ့အစည်း၊ အထောက်အပံ့၊ အကူအညီ ရှိနေစေကာမူ စစ်ကို ဆန့်ကျင်ခြင်းသည် အနိမ့်ဆုံးအားဖြင့် စစ်ပွဲ ကြောင့် ဒုက္ခရောက်နေကြသော မြေစာပင် ပြည်သူများကို စာနာထောက်ထားရာ ရောက်သည်။

ရန်ကုန်အပါအဝင် မြို့ ကြီးအချို့တွင် စစ်ပွဲဆန့်ကျင်ကြောင်း ဆန္ဒပြသူ များနှင့် ၎င်းတို့ကို အတင်းအကျပ် အင်အားသုံး ဖြိုခွင်းခြင်း၊ အမှုဖွင့် ဖမ်းဆီးသူ ရဲတပ်ဖွဲ့ဝင်များသည်လည်း တည်ဆဲ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေနှင့် မဆန့်ကျင်ရန် သို့မဟုတ် ဥပဒေပါအချက်များအတိုင်း အတိအကျ လိုက်နာရန် တာဝန်ရှိသည်။

အထူးသဖြင့် တာမွေအဝိုင်းထိပ်တွင် ဆန္ဒပြသူများအား ဖြိုခွင်း၊ ဖမ်းဆီး ရာတွင် အငြင်းပွားဖွယ် အရပ်ဝတ်ထားသူများကပါ အကြမ်းနည်းဖြင့် ဝင်ရောက် ချုပ်နှောင်ဖမ်းဆီးခြင်းမှာ ယခင် ၂၀၀၇ ခုနှစ် ရွှေဝါရောင်အရေးအခင်းမှ ရဟန်းသံဃာတော်များ၊ ၂၀၁၅ ခုနှစ် မတ်လက မြို့တော်ခန်းမရှေ့တွင် အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်သော ကျောင်းသားများအား ထောက်ခံ ဆန္ဒပြသူများအပေါ် ရိုက်နှက်အကြမ်းဖက် ဖမ်းဆီးခဲ့သူ စွမ်းအားရှင် များကို ပြန်လည်အသုံးချလာပြီလောဟု စောကြောစရာ ဖြစ်သွားခဲ့သည်။ 

စင်စစ်အားဖြင့် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ဥပဒေနှင့်မညီဟုဆိုကာ အကြမ်းနည်းဖြင့် ဖမ်းဆီးခြင်းသည်လည်းကောင်း၊ အရပ်ဝတ်များကို အသုံးပြု၍ ဆန္ဒပြသူများကို ဖြိုခွဲ ဖမ်းဆီးခြင်းသည်လည်းကောင်း ဥပဒေက ခွင့်ပြုထား သည်ဟုဆိုသော်ငြား မည်သည့်အခြေအနေရောက်မှ ဖမ်းဆီးရမည်၊ အသုံးပြုရ မည်ဆိုသော အချက်ကို လိုသလို ဆွဲယူ အသုံးပြုသည့်သဘောဟု ယူဆနိုင်သည်။

စစ်ဆန့်ကျင်ရေး ဆန္ဒပြခြင်းသည် တပ်မတော်ကိုသော်လည်းကောင်း၊ တပ်မတော်နှင့် တိုက်ခိုက်နေသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကိုသော်လည်းကောင်း ဆန့်ကျင်ခြင်း၊ ထောက်ခံခြင်းသဘောမဟုတ်ဘဲ စစ်ပွဲ ဖြစ်ပွားနေခြင်းကို ဆန့်ကျင်ခြင်းသာဖြစ်ကြောင်း သာမန် စဉ်းစားဉာဏ်ရှိသူတိုင်း နားလည်သိရှိနိုင်သည်။

သို့သော် စစ်ပွဲဆန့်ကျင်သူများကို သူပုန်ဘက်သားများအဖြစ် စွပ်စွဲ သတ်မှတ်ကာ ပြင်းထန်စွာ တံဆိပ်ကပ်၊ အပုပ်ချ၊ တိုက်ခိုက်နေခြင်းမှာ သွေးရိုး သားရိုးမဟုတ်ဘဲ မြန်မာလူ့အဖွဲ့အစည်းအတွင်း သွေးစည်းညီညွတ်မှု ပျက်ပြား စေရန် သို့မဟုတ် စစ်ဝါဒကို တံခွန်ထူမြှင့်တင်ရန် ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော် ပုံဖော်နေသည့်အသွင် ဆောင်လာသည်။

မည်သည့် စစ်ပွဲ တိုက်ပွဲတွင်ဖြစ်စေ အပြစ်မဲ့ ပြည်သူများ သေဆုံးရခြင်း၊ အိုးပစ်၊ အိမ်ပစ် ထွက်ပြေးတိမ်းရှောင်ရခြင်း၊ နှစ်ဖက် လက်နက်ကိုင်စစ်သည်များ သေဆုံးရခြင်း စသည့် မည်သည့် အနုတ်လက္ခဏာအကျိုးဆက်မျိုးကိုမဆို ဖြစ်ပေါ်စေသူမှန်သမျှ တစ်နည်းအားဖြင့် စစ်ပွဲဖန်တီးသူမှန်သမျှကို အခြေခံ လူသားစိတ်ရှိသူတိုင်း ဆန့်ကျင်ခြင်းမှာ သဘာဝကျသည်။

ထိုအခြေအနေတွင် အွန်လိုင်းလူမှုကွန်ရက်ပေါ် ရှိ စစ်ပွဲဆန့်ကျင်ကြောင်း ဆန္ဒပြပွဲသတင်းများ၊ ဆောင်းပါးများအောက်တွင် စစ်ပွဲဆန့်ကျင်သူများကို သူပုန်အားပေးထောက်ခံသူများ၊ နိုင်ငံခြား ပေးစာ ကမ်းစာဖြင့် လှုပ်ရှားနေကြ သူများဟု စွပ်စွဲကာ တိုက်ပွဲဖြစ်ပွားနေသော နေရာများသို့ သွားရောက် ဆန္ဒပြ ပါလား စသဖြင့် စစ်ဆန့်ကျင်သူများအပေါ် ပြင်းထန်ရိုင်းပျသော အသုံးအနှုန်း များဖြင့် မှတ်ချက်များ အုံနှင့်ကျင်းနှင့် တက်နေခြင်းမှာ များစွာ စဉ်းစားစရာ ကောင်းလှသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲ ဥပဒေများက ပေးအပ်ထားသော အခွင့်အရေးကို အသုံးချကာ ယဉ်ကျေးသော လူ့အဖွဲ့အစည်းနှင့် မလျော်ညီသည် များကို ဆန့်ကျင်ဆန္ဒပြသူများအပေါ် ဥပဒေကို လက်တစ်လုံးခြား အသုံးပြု၍ သော်လည်းကောင်း၊ ဥပဒေထက်ကျော်လွန်သော အမိန့်ညွှန်ကြားချက်များ အသုံးပြု၍သော်လည်ကောင်း၊ လုပ်ထုံး၊ လုပ်နည်း၊ အမိန့်စီးဆင်းသည့် ပုံမှန် လမ်းကြောင်းမှ သွေဖည်၍သော်လည်းကောင်း နိုင်ငံတော်ရှိ အဓိကမဏ္ဍိုင်ကြီး များအကြား၊ နိုင်ငံရေး အင်အားစုများအကြား၊ အဓိကပလေယာ ခေါင်းဆောင် များအကြား၊ ပြည်သူလူထုနှင့် ပြည်သူ့ဝန်ထမ်းများအကြား အပြန်အလှန် နားလည်မှု၊ လေးစားယုံကြည်မှုတို့ ပျက်ယွင်းစေပါက နိုင်ငံတော်နှင့် နိုင်ငံသားများအားလုံး၏ မျက်နှာကို အိုးမဲသုတ်ခြင်းသာ ဖြစ်ကြောင်း သိစေ အပ်ပေသည်။

အယ်ဒီတာ (၁၅-၅-၂၀၁၈)