News

POST TYPE

POLITICAL

KNPP အဖွဲ့၏ NCA လက်မှတ်ထိုးရန်လုပ်သည့် လူထုထောက်ခံပွဲ အင်အားသုံးသောင်းခန့် တက်ရောက်
15-May-2018 tagged as NCA

ရန်ကုန်၊ မေ ၁၅

ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) ၏ NCA လက်မှတ်ရေးထိုးရန် ထောက်ခံပွဲတစ်ရပ်ကို မေလ ၁၅ ရက်က ကယားပြည်နယ် လွိုင်ကော်မြို့တွင်း လှည့်လည်ပြုလုပ်ခဲ့ပြီး လူအင်အား သုံးသောင်းခန့် တက်ရောက်ခဲ့ကြောင်း အဆိုပါ အခမ်းအနား စီစဉ်သူများထံမှ သိရသည်။

ကရင်နီအမျိုးသာ တိုးတက်ရေးပါတီ (KNPP) နှင့် အစိုးရငြိမ်းချမ်းရေး ကော်မရှင်တို့အကြား ပြီးခဲ့သည့်ရက်ပိုင်းကတွေ့ဆုံကာ KNPP အနေနှင့် NCA လက်မှတ်ရေးထိုးနိုင်ရေး ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည့် ပူးတွဲထုတ်ပြန်ချက်အပေါ် လူထုထောက်ခံပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ထောက်ခံပွဲတွင် ပါဝင်ဦးဆောင်သူများက ပြောကြားသည်။

အဆိုပါထောက်ခံပွဲသည် KNPP ကို NCA ထိုးရန် ဖိအားပေးသည့်သဘော ပြုလုပ်ခဲ့ခြင်းမဟုတ်ဘဲ ငြိမ်းချမ်းရေး ဆက်လက် ကြိုးပမ်းသွားမည့် သဘောထားကို ထောက်ခံသွားခြင်းသာဖြစ်ကြောင်း အဆိုပါ ထောက်ခံပွဲ စီစဉ်မှုတွင် ပါဝင်သူတစ်ဦးဖြစ်သူ ကယန်းပြည်သစ်ပါတီ (KNLA) မှ ဗိုလ်မှူးဝင်းမော်က ပြောကြားသည်။

“ကျွန်တော် ဒီနေ့ အခမ်းအနားကို ပါလာတာကတော့ ကယန်းပြည်သစ်ပါတီကို ကိုယ်စားပြုပြီး ပါဝင်ခြင်းတော့ မဟုတ်ဘူး။ ငြိမ်းချမ်းရေးကို လိုလားတဲ့ ကယန်း ပြည်သူတစ်ဦးအနေနဲ့ ပါဝင်ခြင်း ဖြစ်ပါတယ်။ ကယားပြည်နယ်မှာရှိတဲ့ ဘာသာပေါင်းစုံ၊ ပါတီပေါင်းစုံ ငြိမ်းချမ်းရေးကို လိုလားတဲ့အဖွဲ့တွေပါပါတယ်”ဟု ၎င်းကဆိုသည်။

အဆိုပါ စီတန်းလှည့်လည် ထောက်ခံ ပွဲသို့ ကယားပြည်နယ်အတွင်းရှိ မြို့နယ် နှင့် ကျေးလက်အသီးသီးမှ ပြည်သူများ၊ ဘာသာရေး ခေါင်းဆောင်များ၊ နိုင်ငံရေး ပါတီများ ပါဝင်ခဲ့ကြောင်း ပွဲစီစဉ်သူများ ထံမှ သိရသည်။

ကရင်နီ အမျိုးသား တိုးတက်ရေးပါတီနှင့် ငြိမ်းချမ်းရေးကော်မရှင်တို့ ကယားပြည်နယ် လွိုင်ကော်မြို့ ပြည်နယ်ခန်းမတွင် ပြီးခဲ့သည့် ဧပြီလ ၂၇ရက်နေ့က တရားဝင် တွေ့ဆုံဆွေးနွေးပွဲကို ပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး နှစ်ဖက် ပူးတွဲ ထုတ်ပြန်ချက်တစ်ရပ်ကိုလည်း ထုတ်ပြန်ခဲ့သည်။

အဆိုပါ ပူးတွဲ ထုတ်ပြန်ချက်တွင် နှစ်ဖက် ညှိနှိုင်းဆွေးနွေးမှုများ သဘောတူညီမှု ရရှိခဲ့သဖြင့် KNPP အနေနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် ပါဝင် လက်မှတ်ရေးထိုးနိုင်ရေး ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြောင်း ဖော်ပြခဲ့သည်။

NCA လက်မှတ် မရေးထိုးမီ ရေတိုကာလအတွင်း နှစ်ဖက် အပစ်ရပ် စောင့်ကြည့်ရေးကိစ္စရပ်များ ညှိနှိုင်းရေး၊ ပြည်နယ်နှင့် ပြည်ထောင်စုအဆင့် ဆက်ဆံရေး တာဝန်ခံများ ပြန်လည် ထားရှိရေးတို့ကို သဘောတူခဲ့ကြောင်း သိရသည်။

J-08