News

POST TYPE

POLITICAL

ရခိုင်ဒေသပဋိပက္ခဖြစ်စဉ်ရဲ့ နောက်ကွယ်က အကြောင်းတရားတွေက ဘာတွေလဲ
14-May-2018
အမေရိကန်နဲ့ အနောက်အုပ်စုကိုလိုလားတဲ့နိုင်ငံတွေ လွှမ်းမိုးထားတဲ့ လက်ရှိကုလသမဂ္ဂလုံခြုံရေးကောင်စီ United Nations Security Council - UNSC အဖွဲ့ဝင်နိုင်ငံတွေက ကိုယ်စားလှယ်တွေဟာ ဧပြီလ ၃၀ ရက်နေ့မှာ မြန်မာနိုင်ငံကိုလာရောက်ခဲ့ပြီး နိုင်ငံ့ခေါင်းဆောင်များနဲ့ တွေ့ဆုံသွားခဲ့ပါတယ်။ ဒီလိုတွေ့ဆုံစဉ်မှာ သူတို့ဘက်ကပြောကြားသွားခဲ့တာနဲ့ပတ်သက်ပြီး နိုင်ငံတစ်ခုရဲ့ အချုပ်အခြာအာဏာကို ခြိမ်းခြောက်ရာရောက်ခဲ့တဲ့အထိ ဖြစ်ခဲ့ရတာတွေလည်း အားလုံးသိပြီးဖြစ်ကြမှာပါ။ သူတို့ အခုလိုလုပ်နေကြရတဲ့ရည်ရွယ်ချက်က ရခိုင်ပြည်နယ်ကို အစဉ်အဆက် ခိုးဝင်နေရာက ခုတစ်ခေါက် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားတဲ့ ခိုးဝင်ဘင်္ဂါလီတွေအပါအဝင် မည်သူ့ကိုမှ လူသားချင်းစာနာ ကြင်နာသနားလို့ မဟုတ်ဘူး။ သူတို့ရဲ့အဓိကရည်ရွယ်ချက်ကတော့ အမေရိကန်နဲ့ အနောက် အုပ်စုဟာ ချမ်းသာလာတဲ့ တရုတ်ရဲ့ One Belt One Road (OBOR) တရုတ်ရဲ့ ကုန်းလမ်းက အာရှပိုးလမ်းမကြီးနဲ့ အိန္ဒိယသမုဒ္ဒရာထဲက ပုလဲသွယ်စီမံကိန်း String of Pearls Project အရ ရေလမ်းနဲ့ ခါးပတ်လိုဆက်ကြမယ့် မဟာဗျူဟာ ကုန်းရေနှစ်သွယ်လမ်းမကြီးမှာ ပါဝင်နေတဲ့ ရခိုင်ပြည်နယ်မတည်မငြိမ်ဖြစ်နေရေးက သူတို့ရဲ့ တန်ပြန်မဟာဗျူဟာ ဖြစ်နေတာကြောင့်ပါ။ ဒါကြောင့် ခိုးဝင်ဘင်္ဂါလီကိစ္စမရှိရင်လည်း တစ်နည်းနည်းနဲ့ ရခိုင်ပြည်နယ်မှာ မီးတွေတောက်လောင်နေအောင် ဒုက္ခပေးနေရမှာ သူတို့ရဲ့အလုပ်သာ ဖြစ်နေတယ်လို ရုရှားနိုင်ငံထုတ် Sputnik online မဂ္ဂဇင်းရဲ့ သူတို့အတွေး သူတို့အမြင် Opinion ကဏ္ဍမှ Soros and Hydrocarbons: What's Really Behind the Rohingya Crisis in Myanmar ဆောင်းပါးမှာ သုံးသပ်ထားတာဖတ်မိပါတယ်။

ဒီအတွက် ယခုလက်ရှိဖြစ်နေတဲ့ ဘင်္ဂါလီအရေးကို သူတို့အလိုကျ အားလုံးကို အစစ်ဆေးအမေးမြန်းမရှိ လက်ခံပြီး နိုင်ငံမှာဘဏ္ဍာရေးနှစ် တစ်နှစ်စာ ဘတ်ဂျက်ကိုအကုန်ခံပြီး သူတို့ဒေသကို မီးရောင်တထိန်ထိန်လင်းပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် လုပ်ထားပေးတယ် ဆိုစေဦး အမေရိကန်နဲ့ အနောက်အုပ်စုရဲ့ဖိအားကတော့ လျော့ပါးသွားသေးမယ် မထင်ပါဘူး။ နောက်တစ်ဖန် ပုံစံအသစ်တွေနဲ့ ARSA လို၊ AA လို သောင်းကျန်းသူကို အင်အားပိုကောင်းအောင်လုပ်ပြီး အဖျက်အမှောင့်လုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေဦးမှာပဲ ဖြစ်ပါတယ်။

အမှန်တကယ်ဆိုရင် ရခိုင်ပြည်နယ်ဟာ ကမ္ဘာ့ Super Power ဘက်နှစ်ဖက်ကြားမှာ Geopolitic ပထဝီနိုင်ငံရေးအရ ကြားညှပ်ခံဖြစ်နေရတဲ့ဒေသပါ။ အမေရိကန်နဲ့ အနောက်အုပ်စုက တစ်ဖက်၊ တရုတ်နဲ့ ရုရှားကတစ်ဖက်တို့ ခြေစမ်းကြရာ သူတို့အတွက် အဝေးကွင်းအဖြစ်ကို ဆိုက်ရောက်လာနေတာဖြစ်ပါတယ်။ ခိုးဝင်ဘင်္ဂါလီကိစ္စတို့၊ မြန်မာပြည်ရဲ့ စစ်တပ်က ဒီမိုကရေစီအစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာမရှိလို့ ဆိုတာတွေက အပေါ်ယံအကြောင်းပြတဲ့အချက်တွေသာဖြစ်ပြီး၊ အကယ်၍ ခိုးဝင်ဘင်္ဂါလီကိစ္စဆိုတာလည်းမရှိ စစ်တပ်ဟာဒီမိုကရေစီအစိုးရက ထိန်းချုပ်ထားတဲ့ စစ်တပ်ဖြစ်နေလည်းပဲ တစ်နည်းနည်းနဲ့ ရခိုင်ပြည်နယ်မှာ မီးတွေတောက်လောင်နေအောင် ဒုက္ခပေးမယ့်အလုပ် တစ်မျိုးမျိုးရှာကြံပြီး လုပ်နေကြမှာ သူတို့ရဲ့မူလတာဝန်သာ ဖြစ်နေတာပါ။

အမှန်တကယ်တော့ အမေရိကန်နဲ့အနောက်အုပ်စုတို့ ရုပ်လုံးဖော်လာနေတဲ့ Ethnic Cleansing တို့၊ Genocide တို့ဆိုတာ ရခိုင်အရေးကို စကားလုံးတွေပြောပြီးတော့ ကာချင်တဲ့အတွက် ကာဖို့အချက် ဗန်းပြ ဆောင်ရွက်မှုတွေသာ ဖြစ်ပါတယ်။ ဒီအတွက်လည်း ဒါကိုချေပဖို့၊ မဟုတ်မှန်ကြောင်းသက်သေပြဖို့အတွက် အချက်အလက်တွေ ရှာနေကြမယ်ဆိုရင်လည်း ပင်ပန်းရုံကလွဲပြီး ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။ ဟိုတစ်ရက်က လာသွားတဲ့လုံခြုံရေးကောင်စီက အဖွဲ့ဝင်တစ်ဦးပြောသလို “ဒါကိုပဲ အထပ်ထပ်ရှင်းပြနေတယ်” ပြောမှာပါပဲ။ အမေရိကန်နဲ့ အနောက်အုပ်စုတွေအတွက်က ရခိုင်ဟာ ငြိမ်းချမ်းနေလို့ကို မဖြစ်ဘူးလို့တွေးထားကြတာပါ။ ဒီလို ဘာကြောင့်လုပ်ရသလဲဆိုရင် တရုတ်ကို အမေရိကန်ရဲ့ ဝိုင်းပတ်ပိတ်ဆို့ရေးမူဝါဒ China Containment Policy-CCP မှာ ပထဝီအနေအထားအရ ရခိုင်က အနောက်ထွက်ပေါက်တစ်ခုအဖြစ် အဓိကအခန်းက ပါနေလို့ပါပဲ။ အမေရိကန်နဲ့ EU အဖွဲ့ဝင် အနောက်အုပ်စုတွေအနေနဲ့ ရခိုင်အရေးမှာ ဘင်္ဂါလီဘက်ကပဲရပ်တည်မယ်ဆိုတဲ့ Policy ကိုချမှတ်ထားပြီး တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုလုပ်တဲ့ ရခိုင်ဒေသမှာ တရုတ်ကို အရူးမီးဝိုင်းဖြစ်နေအောင် ဘင်္ဂါလီကိစ္စနဲ့မီးမွှေးထားဖို့ကလည်း အမေရိကန်တို့ရဲ့ အဓိကဦးတည်တဲ့အလုပ်တစ်ခု ဖြစ်နေပါတယ်။ အဲ့အလုပ်ကို အမေရိကန်အစိုးရအတွက် ကိုယ်စားလှယ်အဖြစ် ဟန်ဂေရီ+ဂျူး ကပြား အမေရိကန်သူဌေးကြီး George Soros က လုပ်ပေးနေတာဖြစ်ပြီး သူ့အနေနဲ့ ရခိုင်ပြည်နယ်ကိုဝင်ပြီး အထောက်အပံ့တွေပေးနေတဲ့ INGO မှန်သမျှ ကို သူတည်ထောင်ထားတဲ့ Burma Task Force အဖွဲ့ကတစ်ဆင့် Soros က ထောက်ပံ့ပေးနေတယ်လို့ ရုရှားနိုင်ငံထုတ်သတင်းစာမှာ ရေးထားပါတယ်။ သူ့ပိုက်ဆံနဲ့ ရခိုင်နဲ့ ဘင်္ဂါလီပြဿနာတွေ မဖြစ်ဖြစ်အောင်ကို၊ ပိုကြီး ထွားလာအောင် လုပ်လို့ရတာ အကုန်လုပ်နေတယ်လို့ ဆိုလိုချင်တာပါ။

ဒီကိစ္စတွေအပေါ် လုပ်ကြတဲ့အခါမှာလည်း တစ်ချက်ခုတ်နှစ်ချက်ပြတ်တဲ့အနေနဲ့ အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Organization of Islamic Cooperation - OIC) တို့ အစ္စလာမ်နိုင်ငံတွေတို့ကိုလည်း သူတို့က ဘင်္ဂါလီဘက်က ရပ်ပါတယ်ဆိုတဲ့ Soft-line Stance ကို ပြတယ်။ မြောက်အတ္တလန္တိတ်စစ်စာချုပ် (North Atlantic Treaty Organization - NATO) ထဲက တစ်ခုတည်းသော အစ္စလာမ်နိုင်ငံဖြစ်တဲ့ အမေရိကန်ရဲ့ မဟာမိတ်ဖြစ်တဲ့ တူရကီနဲ့ မြန်မာကို Face-off  လုပ်ထားလိုက်ကြတယ်လို့ ဆောင်းပါးမှာဖော်ပြထားတာ ဖတ်ခဲ့ရပါတယ်။

ဒီလိုအခြေအနေတွေကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့လည်း တွက်ဆမိမှာပါပဲ။ ဒါ့ကြောင့် George Soros နဲ့ ယခုနောက်ဆုံး OIC ကိုယ်စားလှယ်တွေလာတွေ့ဖို့၊ အဲ့ဒေသကိုလာစစ်ဖို့ Protocol တောင်းတာ လက်မခံတော့ဘူးဆိုတာလည်း ကြားသိနေရပါပြီ။ အမေရိကန်နဲ့ အနောက်အုပ်စုတို့အနေနဲ့ ရခိုင်ဒေသအပေါ် ဘာ့ကြောင့်ခြေရှုပ်ကြသလဲ၊ အခုလို လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံက ကိုယ်စားလှယ်တွေကိုလည်း အပေါ်စီးက ဘာ့ကြောင့်ဆက်ဆံခိုင်းပြီး ဩဇာအာဏာပြပြီး ရာဇသံလိုလို အမိန့်လိုလို ပေးသွားခဲ့တာလဲဆိုတာ အမှန်တော့ အကြောင်းတွေရှိနေပါတယ်။

အမှန်ဆိုရင် ဒီကိစ္စဟာ သူ့တို့ရဲ့ တရုတ်ကို ဝိုင်းပတ်ပိတ်ဆို့ရေး China Containment Policy - CCP မဟာဗျူဟာအတွက် ရခိုင်မှာ ပြဿနာမဖြစ်ဖြစ်အောင် မီးမွှေးတဲ့အလုပ်ကို လုပ်နေကြတာပါ။တရုတ်ရဲ့ One Belt One Road - OBOR အတွက် ရခိုင်မှာ ရင်းနှီးမြှုပ်နှံမှုတွေလုပ်တဲ့အခါ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ကမ်းလွန်ကော ကုန်းတွင်းမှာပါ ရေနံထုတ်လို့ရတဲ့ Hydro-carbon ဓာတ်ငွေ့ကြောတွေကို တရုတ်ကတွေ့ထားတယ်။ ဒါကြောင့် အမေရိကန်တို့အနေနဲ့ တရုတ်ဆီက Hydro-carbon ဓာတ်ငွေ့ကြောတွေကို ဝင်လုဖို့ရယ်၊ ASEAN နိုင်ငံတွေထဲ အစ္စလာမ် ၃ နိုင်ငံနဲ့ စိတ်ဝမ်းကွဲနေအောင်ရယ်၊ နောက်မြန်မာနဲ့ ASEAN အကြားမှာပြဿနာရှိနေအောင်လို့ရယ် အမေရိကန်နဲ့ အနောက်အုပ်စုက ကြံစည်ကာ လုပ်ဆောင်နေခြင်းသာဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်တာဟာ ပထမတစ်ဖက်ကတော့ ရခိုင်ဒေသမှာ အကြီးအကျယ် ရင်းနှီးမြှုပ်နှံထားတဲ့တရုတ်ကို အမေရိကန်က ကစားလိုက်တဲ့ပွဲဖြစ်ပြီး ဒုတိယတစ်ဖက်ကတော့ အရှေ့တောင်အာရှမှာ မွတ်ဆလင်အစွန်းရောက်ဝါဒ မီးတောက်လာစေဖို့ ရည်ရွယ်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ နောက်တတိယတစ်ဖက်ကတော့ ASEAN ထဲက မွတ်ဆလင်နိုင်ငံတွေဖြစ်ကြတဲ့ အင်ဒိုနီးရှား၊ မလေးရှားတို့နဲ့ မြန်မာနိုင်ငံတို့အကြားမှာ သပ်လျှိုသွေးခွဲဖို့ ကြိုးပမ်းခြင်းဖြစ်တယ်လို့ သူကဆိုထားပါတယ်။

တကယ့်တကယ်က ရခိုင်ပြည်နယ် ကမ်းလွန်ပင်လယ်ပြင်မှာရှိတဲ့ ဟိုက်ဒရိုကာဗွန်ဓာတ်ငွေ့သိုက်တွေကို မောင်ပိုင်စီးချင်လို့ လောဘဇောတိုက်နေကြတဲ့ ပြည်ပက ကမ္ဘာလုံးဆိုင်ရာ ပထဝီနိုင်ငံရေးကစားသမားတွေက မြန်မာနိုင်ငံရဲ့ ရာစုနှစ်နဲ့ချီပြီးရှိခဲ့တဲ့ ပဋိပက္ခကိုအသုံးချပြီး အရှေ့တောင်အာရှဒေသကို မတည်မငြိမ်ဖြစ်အောင် လုပ်လိုက်တာဖြစ်တယ်လို့ အဆိုပါဆောင်းပါးမှာ  Mosyakov က သုံးသပ်ပြထားခဲ့ပါတယ်။ ဒါ့အပြင် ရေနံထွက်တဲ့ ဟိုက်ဒရိုကာဗွန်ဓာတ်ငွေ့သိုက်ကြီးဟာလည်း ရခိုင်ကမ်းရိုးတန်းတစ်ခုလုံးနီးပါးမှာ ရှိနေတာမို့ တရုတ်တို့အနေနဲ့လည်း ၂၀၀၄ ခုနှစ်က ရခိုင်ဒေသမှာ စွမ်းအင်တွေ ထုနဲ့ထည်နဲ့ စတင်တွေ့ရှိလာတဲ့နောက်ပိုင်းမှာ ရခိုင်ကို မျက်စိကျလာခဲ့ကြတာဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်မှာတော့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ရေနက်ဆိပ်ကမ်းကျောက်ဖြူမြို့ကနေ တရုတ်ရဲ့ ယူနန်ပြည်နယ် ခွန်းမိန်မြို့ထိ ဆက်သွယ်လိုက်တဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့ပိုက်လိုင်းဟာ ပြီးစီးသွားခဲ့ပါတယ်။

ရခိုင်ဒေသက တရုတ်-မြန်မာ စွမ်းအင်စီမံကိန်းတွေ ဖြစ်ပေါ်လာနေတဲ့ ၂၀၁၁-၂၀၁၂ ခုနှစ်တွေမှာပဲ တိုက်ဆိုင်စွာနဲ့ လူပေါင်းတစ်သိန်းနှစ်သောင်း နေရပ်ကိုစွန့်ခွာထွက်ပြေးရတဲ့ ခိုးဝင်ဘင်္ဂါလီအရေးအခင်း အကြမ်းဖက်မှုကြီးလည်း ပေါ်ပေါက်လာခဲ့ပါတယ်။ ဘင်္ဂါလီအရေးအခင်းဖြစ်ရခြင်းရဲ့ ပြည်တွင်းက အကြောင်းရင်းအခံတွေ ရှိနေပေမယ့်လည်း ကမ္ဘာလုံးဆိုင်ရာ ပထဝီနိုင်ငံရေးကစားသမားတွေ အထူးသဖြင့် အမေရိကန်ရဲ့ ပြည်ပကနေ မီးထိုးပေးတဲ့လက်ရာတွေ ရှိနေခဲ့တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံ မတည်မငြိမ်ဖြစ်ရင် မြန်မာနိုင်ငံက တရုတ်ရဲ့ စွမ်းအင်စီမံကိန်းတွေကို ထိခိုက်စေမှာဖြစ်သလို တရုတ်ရဲ့ အနောက်တံခါးဝမှာ တရုတ်ကို ထိခိုက်စေမယ့် ရုတ်ရုတ်သဲသဲတွေ ပေါ်ပေါက်လာစေမှာဖြစ်ပါတယ်။ လောလောဆယ် အမေရိကန်နဲ့တရုတ်တို့ဟာ တရုတ်ရဲ့အရှေ့တံခါးဝက မြောက်ကိုရီးယားအရေးဟာ ပြေလည်စပြုနေပြီဖြစ်တဲ့အတွက် တရုတ်ရဲ့ ကျန်တဲ့အနောက် တံခါးဝဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ရခိုင်ဒေသမှာ မတည်မငြိမ်တွေဖြစ်အောင် ဆက်လက်ဖန်တီးနေကြတာ ဖြစ်ပါတယ်။

ဒေသတစ်ခုထဲက နိုင်ငံတွေရဲ့ အချုပ်အခြာအာဏာတွေကို ချုပ်ကိုင်နိုင်ရေးနဲ့ အဲဒီနိုင်ငံတွေကို လိုသလိုဖိအားပေးနိုင်ရေးတို့အတွက် ဒေသတွင်း ပဋိပက္ခတွေကို ပိုမိုကြီးထွားအောင် ဖန်တီးပေးလိုက်ခြင်းအားဖြင့် ဒီအကွက်တွေကိုချောင်းနေတဲ့ အင်အားကြီး ပထဝီနိုင်ငံရေး ကစားသမားတွေ ဒီပဋိပက္ခတွေထဲ ခုန်ဝင်လာနိုင်ဖို့ အခွင့်အလမ်းတွေရရှိလာစေတယ်လို့လည်း နိုင်ငံရေးပညာရှင်က ဆိုထားပါတယ်။ ဒီလိုအခြေအနေတွေနဲ့ အတိုင်အဖောက်ညီစွာ ဘင်္ဂါလီကလည်း အချိန်ကိုက်ကမ္ဘာပတ်ပြီး သူတို့ကို ရိုဟင်ဂျာအဖြစ် အသိအမှတ်ပြုဖို့ လုပ်လာတာပဲဖြစ်ပါတယ်။ 

ဒီအတွက် နောက်ဆုံးအနေနဲ့ အနှစ်ချုပ်ပြီး သုံးသပ်ကြရမှာကတော့ ယခုလက်ရှိ ပဋိပက္ခဖြစ်နေတဲ့ရခိုင်ဒေသက အရေးကိစ္စတွေဟာ မိမိတို့နိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံအကြား၊ ဘင်္ဂါလီလူမျိုးတွေနဲ့အစိုးရ၊ တပ်မတော်တို့အကြား ဖြစ်ပွားနေတဲ့ကိစ္စတွေဆိုတာထက် ကမ္ဘာ့ဆူပါပါဝါ အင်အားကြီးအရှေ့အုပ်စုနဲ့ အနောက်အုပ်စုနှစ်ခုအကြားမှာ ပထဝီနိုင်ငံရေးအရ အရေးပါလှတဲ့ ကိုယ့်နိုင်ငံအတွက် အသုံးချခံသက်သက်ဖြစ်နေကြရတာလို့ တွေးယူကြရမှာဖြစ်ပါတယ်။ ဒီပြဿနာတွေ ပြေလည်သွားသည့်တိုင် နောက်ထပ်နောက်ထပ် ဖိအားပေးမှုမျိုးစုံကိုလည်း ဆက်လက်ကြုံတွေ့ကြရဦးမှာ အမှန်ပါပဲ။

ကိုယ့်အမျိုးသားအကျိုးစီးပွားကိုသာ ရှေးရှုပြီး အဓိကထားဆောင်ရွက်ကြတဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေအကြားမှာ မိမိတို့နိုင်ငံအနေနဲ့လည်း မိမိတို့ရဲ့ အမျိုးသားအကျိုးစီးပွားကိုသာ ဦးထိပ်ထားပြီး အရာရာကို ချင့်ချိန်တွက်ချက်လို့ စည်းစည်းလုံးလုံးနေကြရမယ့်အချိန်လည်းဖြစ်ပါတယ်။ အထက်တွေမှာ တင်ပြခဲ့သလို အင်အားကြီးနိုင်ငံတွေရဲ့ စီးပွားရေး နိုင်ငံရေး မဟာဗျူဟာခင်းကျင်းမှုတွေအကြားမှာ နွားကွဲရင်ကျားဆွဲတယ် ဆိုတဲ့စကားနဲ့အညီ ကိုယ့်နိုင်ငံသားအချင်းချင်းကလည်း ဒီအခြေအနေတွေကို အလုံးစုံသိအောင် လေ့လာကြပြီး တစ်စိတ်တစ်ဝမ်းတည်းရှိနေကြရမယ့်အချိန်ပါ။ ဒီကာလမှာ သူ့ကြောင့် ငါ့ကြောင့်ဆိုတဲ့ အပြစ်တင်မှုတွေ၊ ဟိုလိုဒီလိုပါဆိုတဲ့ ဝေဖန်မှုတွေ၊ အပြစ်တင်မှုတွေဆိုတဲ့လမ်းကြောင်းထက်က အခုဆောင်းပါးပါ အခြေအနေမှန်တွေကိုကျော်ကြည့်ပြီး နိုင်ငံသားတစ်ဦးချင်းအနေနဲ့လည်း ဝေဖန်ပိုင်းခြားတတ်ဖို့လိုလာပါတယ်။

အစိုးရနဲ့ တပ်မတော်ဆိုတာ ကိုယ့်နိုင်ငံတစ်ခုတည်းက ခိုင်မာအားကောင်းနေကြရမယ့် အဖွဲ့အစည်းကြီးတွေဖြစ်တာမို့ သူငါခွဲခြားပြီး စိတ်ဝမ်းကွဲပြားစေမယ့်အရေး အပြောတွေနဲ့နှပ်ကြောင်းပေးနေရမယ့် ကာလလည်းမဟုတ်တော့ပါဘူး။ နိုင်ငံရေးပါတီတွေအားလုံးအနေနဲ့လည်း ဒီအခြေအနေတွေကို မြင်အောင်ကြည့်ပြီး အမှန်ကိုအမှန်အတိုင်း နားလည်လက်ခံတတ်ကြရပါမယ်။ ယခုလက်ရှိ အစိုးရက မဖြေရှင်းနိုင်ဘူး၊ ဖြေရှင်းနိုင်တယ် ဆိုစေကာဦး နောင်လည်း ဒီလိုဖိအားပေးမှုမျိုးတွေ ဆက်လက်ကြုံတွေ့လာရနိုင်တာဖြစ်တဲ့အတွက် မိမိတို့နိုင်ငံရဲ့ အချုပ်အခြာကို ကာကွယ်ဖို့ဆိုရင် နိုင်ငံသားတစ်ဦးချင်းမှာလည်း တာဝန်ရှိတာနဲ့အညီ နိုင်ငံ့ချစ်စိတ်ကိုသာ အရင်းတည်ပြီး ပါတီစွဲ၊ ဝါဒစွဲ၊ လူမျိူးစွဲ၊ အဖွဲ့အစည်းအုပ်စုစွဲတွေကို ခဝါချပြီး ဝိုင်းဝန်းဖြေရှင်းတုံ့ပြန်မှသာ အနာဂတ်နိုင်ငံတော်အရေးဟာ အေးဆေးသာယာလာမှာ အမှန်ပင်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။

သန်းဖြိုးနိုင် (ကညင်ကျိုး)