News

POST TYPE

POLITICAL

နှစ်ကုန်အထိ မွန်နှစ်ပါတီ မပေါင်းပါက နည်းသစ်ရှာမည်ဟု နိုင်ဟံသာပြော
12-May-2018

မော်လမြိုင်၊ မေ ၁၂

မွန်လူမျိုးကို ကိုယ်စားပြုသည့် မွန်နိုင်ငံရေး ပါတီများဖြစ်သည့် မွန်အမျိုးသား ပါတီနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့ ၂၀၁၈ ကုန်သည့်အထိ ပေါင်းစည်းမှု မပြုပါက မွန်ပြည်သစ်ပါတီအနေနှင့် နောက်ထပ် နည်းလမ်းသစ် ရှာမည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ ဒုဥက္ကဋ္ဌ နိုင်ဟံသာက ပြောဆိုသည်။

မေလ ၁၂ ရက်က မော်လမြိုင်မြို့ရှိ သာသနာ ၂၅၀၀ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပသော ဒုတိယအကြိမ် မွန်နိုင်ငံရေး ညီလာခံတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။

“အခုထိလည်း ၂ ပါတီ ပေါင်းစည်းရေးကို ကျွန်တော်တို့ ကြိုးပမ်းနေတယ်၊ အဓိက ကျွန်တော်တို့ပါတီ ဗဟို အလုပ်အမှုဆောင်အနေနဲ့ကတော့ ၂၀၁၈ ကုန်တဲ့အထိကို ၂ ပါတီကို မပေါင်းဖြစ်ရင် ကျွန်တော်တို့ နည်းလမ်းအသစ်ကို ရှာရတော့မယ်။ သဘောကတော့ သူတို့ကို ချန်ထားရင်လည်း ချန်ထားရမှာပေါ့”ဟု နိုင်ဟံသာက ပြောသည်။

မပေါင်းလိုသူများအနေနှင့် ယခုခေတ်တွင် ပါတီစုံ ဒီမိုကရေစီခေတ်ဆိုကြကြောင်း၊ သို့သော် ယခုအချိန်တွင် စစ်မှန်သည့် ဖက်ဒရယ် ပြည်ထောင်စု မဖြစ်သေးသည့်ကာလ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် မရှိသေးသည့်ကာလတွင် မိမိတို့ လူမျိုးအနေနှင့် ကွဲပြားနေ၍မရကြောင်း ၎င်းကဆိုသည်။

မွန်နိုင်ငံရေးပါတီများ ပေါင်းစည်းရေးနှင့်ပတ်သက်၍ ၂၀၁၅ ရွေးကောက်ပွဲပြီးနောက်ပိုင်းတွင် မွန်ပြည်သစ်မှဦးဆောင်၍ သံဃာတော်များ မွန်ပညာရှင်များနှင့် ပူးပေါင်း၍လည်း ပါတီပေါင်းစည်းရေးကို လုပ်ခဲ့ကြသည်။

ယခုညီလာခံတွင် မွန်ကိုယ်စားပြုပါတီအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းကို အတည်ပြု ရေးဆွဲသွားမည်ဖြစ်ကြောင်း၊ ညီလာခံ၏ နောက်ဆုံးနေ့တွင် ပါတီဖော်ဆောင်ရေး ကော်မတီတစ်ရပ်ကိုလည်း အတည်ပြု ရွေးချယ်သွားမည်ဖြစ်ကြောင်း ညီလာခံ ကျင်းပရေး ကော်မတီ အတွင်းရေးမှူး မချယ်ရီစိုးက ပြောသည်။

“ကျွန်မတို့ မျှော်လင့်ချက်ကတော့ မွန်လူမျိုးတွေမှာ တစ်ပါတီပဲ ရှိရမယ်၊ အဲဒီပါတီကလည်း မွန်လူမျိုးကို ကိုယ်စားပြုတဲ့ပါတီ ဖြစ်ရမယ်ဆိုရင် မွန်လူထုနဲ့ အများကြီး သက်ဆိုင်တယ်လို့၊ ဒီညီလာခံမှာ အခြေခံဥပဒေမူကြမ်းကို အတည်ပြုပြီးတော့မှ တည်ထောင်သွားဖို့ကိစ္စကို တတိယနေ့မှာ ဆွေးနွေးသွားမှာ ဖြစ်တယ်၊ ပြီးရင်တော့ ပါတီတည်ထောင်နိုင်ဖို့ ခွင့်ပြုချက်တင်သွားမယ်”ဟု ၎င်းကပြောသည်။

ဇန်နဝါရီလတွင် ပြုလုပ်သည့် ပထမအကြိမ် မွန်နိုင်ငံရေး ညီလာခံ၏ ဆုံးဖြတ်ချက် ဒုတိယအကြိမ် မွန်နိုင်ငံရေးညီလာခံကို ကျင်းပရခြင်းဖြစ်ကြောင်း၊ ယင်းဆုံးဖြတ်ချက်တွင် မွန်ကိုယ်စားပြုပါတီတစ်ခု ပေါ်ပေါက်လာစေရန် ပါတီဖော်ဆောင်ရေး ကော်မတီ ၁၉ ဦးကို ဖွဲ့စည်းခြင်း၊ ပါတီ ဖွဲ့စည်းပုံအခြေခံ ဥပဒေမူကြမ်းရေးဆွဲခြင်းနှင့် ပါတီဖော်ဆောင်ရေး ကော်မတီကို ထောက်ပံ့သည့် ကော်မတီတစ်ရပ်ဖွဲ့စည်းခြင်းတို့ ပါဝင်ကြောင်း ကော်မတီအဖွဲ့ဝင်များထံမှ သိရသည်။

ဒုတိယအကြိမ် မွန်နိုင်ငံရေး ညီလာခံကို မော်လမြိုင်မြို့ရှိ သာသနာ ၂၅၀၀ ဘုန်းတော်ကြီးကျောင်းတွင် မေလ ၁၂ ရက်နေ့စ၍ ၃ ရက်တာ ကျင်းပပြုလုပ်လျက်ရှိကြောင်း၊ ညီလာခံကို အုပ်စု ၈ စု ခွဲ၍ ဖိတ်ကြားခဲ့ရာ တက်ရောက်သူ ၇၀၀ ခန့်ရှိကြောင်း သိရသည်။