News

POST TYPE

POLITICAL

မူဆယ်တွင် တိုက်ပွဲဖြစ်၍ ၁၉ ဦး သေဆုံး၊ လူ ၂၇ ဦး ဒဏ်ရာရ
12-May-2018

မူဆယ်၊ မေ ၁၂

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်- နမ့်ခမ်းလမ်း ပန်ခန်းတံတားအနီးတွင် မေလ ၁၂ ရက်နေ့ နံနက်ပိုင်းက တိုက်ပွဲဖြစ်၍ ရဲအရာရှိတစ်ဦး၊ ပြည်သူ့စစ်သုံးဦးနှင့် အရပ်သားများ အပါအဝင် စုစုပေါင်း ၁၉ ဦး သေဆုံးခဲ့ပြီး လူဦးရေ ၂၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

မန်ဝိန်းအမှတ်(၁) ရဲကင်းပါ တိုက်ခိုက်ခံရသဖြင့် ရဲတပ်ဖွဲ့ဝင်အချို့ သေဆုံး၊ ဒဏ်ရာရရှိမှုများရှိခဲ့ပြီး ဒဏ်ရာရရှိသူများကို မူဆယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုပေးနေကြောင်း၊ သေဆုံးသွားသည့် အရပ်သားများမှာ မည်သူမည်ဝါဖြစ်သည်ကို စိစစ်နေဆဲဖြစ်ကြောင်း လားရှိုးမြို့၊ ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။ 

ဒဏ်ရာရရှိသူများအနက် ရဲတပ်ဖွဲ့ဝင်သုံးဦး၊ ပြည်သူ့စစ် ခြောက်ဦးပါဝင်ပြီး ကျန်သူများမှာ အရပ်သားများဖြစ်ကြောင်း ရဲတပ်ဖွဲ့ဝင်များနှင့် ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူများထံမှ သိရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်အတွင်းရှိ လုံခြုံရေး ဂိတ်စခန်းများနှင့် မြို့တွင်းရှိ နေအိမ်များသို့ မေလ ၁၂ ရက်နေ့ နံနက်အစောပိုင်းတွင် KIA/TNLA အကြမ်းဖက် သောင်းကျန်းသူများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြမ်းဖက် ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။

ယင်းသို့ မေလ ၁၂ ရက်နေ့ နံနက် ၅ နာရီခန့်မှစတင်က ပစ်ခတ်မှုများဖြစ်ပေါ်ခဲ့ပြီးနောက် နံနက် ၈ နာရီခွဲကျော်တွင် လက်နက်ကိုင်အဖွဲ့များ ဆုတ်ခွာသွားသည့်အတွက် တိုက်ပွဲငြိမ်သက်သွားခဲ့ကြောင်း၊ လက်နက်ကိုင်အဖွဲ့များ ဆုတ်ခွာသွားပြီးနောက် မူဆယ်မြို့တွင်းနှင့် တိုက်ပွဲဖြစ်ပွားရာ ဒေသအနီးတစ်ဝိုက်တွင် နယ်မြေခံ တပ်မတော်၊ ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်တပ်ဖွဲ့များက နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့သည်။

အဆိုပါတိုက်ပွဲအတွင်း ပစ်ခတ်ခံရသဖြင့် အရပ်သားများ သေဆုံးခဲ့သည့်အပြင် နေအိမ်နှင့် မော်တော်ယာဉ်အချို့လည်း မီးလောင်ပျက်စီးခဲ့သည်။

မူဆယ်- နမ့်ခမ်းလမ်း ပန်ခမ်းတံတားအနီး၊ စယ်လန့်ကျေးရွာထိပ်နှင့် မူဆယ်- လားရှိုး ကားလမ်းမပေါ် နမ့်ပေါ်တံတားအနီးတို့တွင် မေလ ၁၂ ရက် နံနက် ၅ နာရီမှ ၈ နာရီခွဲကျော်အထိ တပ်မတော် စခန်းများနှင့် ပြည်သူ့စစ်စခန်းများကို စစ်ဆင်ရေး ပြုလုပ်ခဲ့ကြောင်း တအန်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (TNLA) က သတင်းထုတ်ပြန်သည်။

တအန်းဒေသတွင် တပ်မတော်က အင်အားဖြည့်တင်းလာမှုနှင့် ကချင်ဒေသတွင် မဟာမိတ် ကေအိုင်အေကို တပ်မတော်က တိုက်ခိုက်မှုများအပြင် တအန်းတောတွင်းယာယီစခန်းများကို တပ်မတော်က လိုက်လံ တိုက်ခိုက်နေခြင်းကြောင့် ယခုကဲ့သို့ စစ်ဆင်ရေးပြုလုပ်ခြင်းဖြစ်ကြောင်း တအာင်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (TNLA)၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းနေ့က လက်နက်ကိုင်အဖွဲ့များသည် မူဆယ်မြို့၊ စွမ်စော်ရပ်ကွက် ၄ လမ်းရှိ မြဝတီဘဏ်အနီးအထိ လာရောက်ပစ်ခတ်ကြခြင်းဖြစ်ပြီး အရပ်သားအချို့ ထိမှန်ဒဏ်ရာရမှုများရှိကြောင်း၊ လတ်တလော၌ စာရင်းအတိအကျ မသိရသေးကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

မန်ဝိန်းဂိတ်အနီးတွင် ကုန်သွယ်လယ်ယာဆန်ဂိုဒေါင်အဟောင်းများနှင့် ဆန်ကုန်စည်ဒိုင်များလည်းရှိပြီး မန်ဝိန်းဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံဘက်သို့ ဝင်ရောက်မည့်ကုန်တင်ယာဉ်များ ရပ်နားရာ စခန်းလည်း ရှိနေသည်။

မူဆယ်မြို့အထွက် ၁၀၅ မိုင်ကုန်သွယ်မှုဇုန်ဘက်တွင်မူ ပစ်ခတ်တိုက်ခိုက်ခြင်းမရှိသော်လည်း ကားအသွားအလာ မရှိတော့ကြောင်း၊ ဒေသခံများအနေဖြင့်လည်း စိုးရိမ်မှုများကြောင့် နေအိမ်အတွင်း ပုန်းအောင်းနေရသဖြင့် လမ်းများတွင် ခြောက်ကပ်ကာ လူအသွားအလာမဲ့နေကြောင်း ၁၀၅ မိုင် ကျေးရွာနေ ဦးလေးမြင့်က ပြောဆိုသည်။

မူဆယ်နှင့် နမ့်ခမ်းအကြား သွားလာနိုင်သည့်လမ်းကိုလည်း မူဆယ်မှ ဆယ်လန့် ရွာအကြားအထိ ဖြတ်သန်းသွားလာခွင့် မပြုသေးဘဲ နယ်မြေရှင်းလင်းခြင်း လုပ်ဆောင်လျက်ရှိသည်။

မူဆယ်တိုက်ပွဲကြောင့် ယင်းနေ့က လားရှိုး- မူဆယ် ပြည်ထောင်စုလမ်းအပိုင်းတွင် ခရီးသည်များ အသွားအလာ နည်းပါးပြီး ကုန်တင်ယာဉ်များမှာလည်း အနီးဆုံး ကျေးရွာများတွင် စောင့်ဆိုင်း ရပ်နားထားခဲ့ရသည်။ 

R-07