News

POST TYPE

POLITICAL

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ ဖြစ်နိုင်သေးရဲ့လား
12-May-2018
လွန်ခဲ့သည့် စနေနေ့ ဧပြီလ ၅ ရက်နေ့က ဒီဗီဘီ ဒီဘိတ် အစီအစဉ်တစ်ခုတွင် ပါဝင်ဆွေးနွေးခွင့်ရခဲ့သည်။ ခေါင်းစဉ်က “ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဖြစ်နိုင်သေးရဲ့လား” ဖြစ်သည်။ အဓိကဆွေးနွေးသူ လေးယောက်မှာ NLD ပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ဥပဒေကြမ်းကော်မတီဝင် ဦးအောင်သိန်း၊ သေနင်္ဂမဟာဗျူဟာလေ့လာရေးမှ ဒေါက်တာနိုင်ဆွေဦး၊ ကချင်ပြည်နယ် နိုင်ငံရေးပါတီလေးခု ကိုယ်စားပြုတက်ရောက်လာသူ ဒေါ်ဒွဲဘူနှင့် ကျွန်တော်တို့ဖြစ်သည်။ ကျွန်တော်က မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဆောင်းပါးရှင် ရဲထွန်း (သီပေါ) အနေနှင့် လွတ်လွတ်လပ်လပ် မိမိတစ်ဦးတည်းအမြင်ကို ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။ 

ဒီဗီဘီ ဒီဘိတ်သည် အပတ်စဉ် စနေနေ့တိုင်းရိုက်ကူးတင်ဆက်သည့် အစီအစဉ်တစ်ခုဖြစ်ပြီး လူတိုင်းလွတ်လပ်စွာ သဘောကွဲလွဲခွင့်ရှိခြင်းကို လက်ခံလာတတ်စေရန် ရည်ရွယ်ခြင်းဖြစ်သည်။ သို့ဖြစ်၍ အစီအစဉ်တွင် ပင်တိုင်ပါဝင်ဆွေးနွေးသူလေးဦးသည် အမြင်တစ်ထပ်တည်းတူချင်မှ တူမည်ဖြစ်သလို ဆွေးနွေးငြင်းခုံရင်းဖြင့် အဖြေတစ်ခုရှာပေးနိုင်ရန်လည်း ရည်ရွယ်ချက်မရှိပါပေ။

ကျွန်တော့်အနေနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်ပြီး မိမိ၏အမြင်ကို လွတ်လွတ်လပ်လပ်ပြောဆိုခွင့် ရခဲ့သော်လည်း အချိန်တိုအတွင်း ပြည့်စုံစွာပြောခွင့်မရသည့်အတွက် ဆောင်းပါးတစ်စောင်ရေး၍ ပြန်လည်တင်ပြလိုပါသည်။

အခြေခံဥပဒေကို မည်သူတွေက ပြင်ဆင်လိုနေသနည်း

ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်တွေ့ကျင့်သုံးလာသည်မှာ ၇ နှစ် ကျော်ရှိလာသည့်ယနေ့အချိန်တွင် မည်သူတွေက ပြင်ချင်နေတာလဲဟု မေးလာလျှင် အားလုံးကဟု ဖြေရလိမ့်မည်။ ဘာကိုပြင်ချင်တာလဲမေးလျှင်တော့ အဖြေက တူညီကြလိမ့်မည်မဟုတ်။ မိမိတို့၏ မတူညီသော ရပ်တည်မှုများအလိုက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် လူနည်းစုတိုင်းရင်းသား နိုင်ငံရေးပါတီများသာမက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် အခြားသော ဒီမိုကရက်တစ်နိုင်ငံရေးပါတီများကပါ ပြင်ဆင်ချင်ကြသည်ကို ပထမအကြိမ်လွှတ်တော်သက်တမ်းအတွင်းက တွေ့မြင်ခဲ့ကြရသည်။ ကုန်ကုန်ပြောရလျှင် တပ်မတော်ကလည်း ပြင်ဆင်လိုသည့် အပိုဒ်များ ရှိနေနိုင်ပါသည်။ 

ထိုစဉ်က ပြင်ပတွင် ကြိုတင်ညှိနှိုင်းမှုများမလုပ်နိုင်ခဲ့ဘဲ လွှတ်တော်တွင်းတွင် အခြေခံဥပဒေပြင်ဆင်ရေးသက်သက်ကိုသာ ကြိုးစားခဲ့ကြလေရာ အချို့သောအချက်များကို ပြင်ဆင်နိုင်ခဲ့သော်လည်း အရေးပါသည့် ပြင်ဆင်ချက်များကို မပြင်နိုင်ခဲ့ချေ။

ယခုအချိန်တွင် ထင်ရှားလာသည့်အချက်တစ်ခုမှာ နိုင်ငံနှင့် နိုင်ငံသားအားလုံး၏ ဘုံအကျိုးစီးပွားဖြစ်သည်ဟု သဘောတူညီကြသော ပြဿနာကိုဖြေရှင်းရေးသည် အခြေခံဥပဒေပြင်ဆင်ရန် အခြေခံအကြောင်းအချက်ဖြစ်လာနေခြင်းပင်။

ပြည်တွင်းငြိမ်းချမ်းရေးကိစ္စပင် ဖြစ်ပါသည်။ ကမ္ဘာတွင်အရှည်ကြာ ဆုံးပြည်တွင်းစစ်ကို တိုက်နေရသည့်နိုင်ငံတစ်ခုအနေနှင့် တိုင်းရင်းသား အချင်းချင်း စည်းလုံးညီညွတ်၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်ကာ အင်အားတောင့်တင်းခိုင်မာသည့် နိုင်ငံတစ်ခုဖြစ်လာရန်ကိစ္စမှာ ထင်သာမြင်သာ အရေးကြီးကိစ္စရပ်ကြီးဖြစ်နေပါသည်။ ဤကိစ္စကား တပ်မတော်သားများ အပါအဝင် တစ်မျိုးသားလုံး၏ ဘုံအကျိုးစီးပွားဖြစ်သည်မှာ ထင်ရှားသည်။

အခြေခံဥပဒေကို ဤသို့ပြင်ဆင်ပေးလိုက်လျှင် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းကာ ထာဝရငြိမ်းချမ်းရေးရမည် - ပြည်ထောင်စုပြိုကွဲရေးအန္တရာယ်လည်း မရှိနှိုင်တော့ဆိုသည့် အာမခံချက်ရှိစေမည့် ပြင်ဆင်ချက်မျိုးဖြစ်သည်။ 

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ခွဲထွက်ရေးကို မတောင်းဆိုတော့ဘဲ အခြေခံဥပဒေကို ဖက်ဒရယ်ဒီမိုက ရေစီနိုင်ငံရေးစနစ်ပီပြင်စေရန်သာ လိုလားနေကြသောကြောင့် ၂၁ ရာစုပင်လုံညီလာခံတွင် အဆိုပါ ကိစ္စကိုဆွေးနွေးနေကြပြီဖြစ်သည်။

သို့ဖြစ်၍ အခြေခံဥပဒေပြင်ဆင်ရေးသည် လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေး၊ ထာဝရငြိမ်းချမ်းရေးတို့နှင့် ခေါင်းနှင့်ပန်းပမာ ခွဲမရ ဖြစ်လာရလေတော့သည်။ တစ်နည်းအားဖြင့်ပြောရလျှင် အခြေခံဥပဒေပြင်ဆင်ရေးသည် ထာဝရငြိမ်းချမ်း၍ မပြိုကွဲသော မြန်မာနိုင်ငံတော်ဖြစ်တည်လာရေးဆိုသော ပစ်မှတ်အတွက် ဖြစ်ပါသည်။

ဒီဗီဘီ ဒီဘိတ်တွင် ငြိမ်းချမ်းရေးကိစ္စမဟုတ်ဘဲ အခြားသောအကြောင်းဖြင့် ဖွဲ့စည်းပုံပြင်ဆင်ရေးမ လုပ်နိုင်ဘူးလားဟု အမေးတစ်ခုရှိလာပါသည်။ စာရေးသူ၏အမြင်တွင် ထိုသို့သောကိစ္စသည် လက်တွေ့တွင် ထင်သာမြင်သာ ဘုံအကျိုးစီးပွားပြဿနာမဟုတ်သဖြင့် ဆိုင်းထား၍ရနိုင်သည့်ကိစ္စ ဖြစ်လေရာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ ရခိုင်ပြည်နယ်မြောက်ပိုင်း ပြဿနာစသည်တို့ဖြင့် အလုပ်များနေသော NLD အစိုးရအနေနှင့် အာရုံစိုက်နိုင်လိမ့်မည်မထင်ပါ။ အခြေခံဥပဒေပြင်ဆင်ရေး အဓိက (INGO) တစ်ဦးဖြစ်သော တပ်မတော်ကလည်း ငြိမ်းချမ်းရေးနှင့်မသက်ဆိုင်သော တခြားပြင်ဆင်ချက်ကို စိတ်ဝင်စားလိမ့်မည်မထင်ပါ။

ပြင်ဆင်ရန်ခက်ခဲသည့် အခြေခံဥပဒေလော 

ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခန်း (၁၂) ပါပြဋ္ဌာန်းချက်များအရ ပြင်ဆင်ချက်တစ်ရပ်သည် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ထောက်ခံပါမှ အောင်မြင်နိုင်လေရာ ၇၅ ရာခိုင်နှုန်း ပလပ်စ်ဝမ်း (၇၅+၁) ဟု ပြောလေ့ရှိပါသည်။ အဓိပ္ပာယ်မှာ ပြင်ဆင်ချက် တစ်ရပ်ကို အရွေးကောက်ခံကိုယ်စားလှယ်အားလုံး (၇၅ ရာခိုင်နှုန်း) နှင့် တပ်မတော်သားကိုယ်စားလှယ်တစ်ယောက် ထောက်ခံပါမှ အောင်မြင်နိုင် မည်ဆိုသည့်အဓိပ္ပာယ်ဖြစ်သည်။ ထိုသို့ဖြစ်လာရန်မှာ လက်တွေ့တွင် အလွန်ခက်ခဲပါသည်။ အကြောင်းမှာ အရွေးကောက်ခံကိုယ်စားလှယ်များသည် မည်သည့်အခါမျှ ပြည်ထောင်စုလွှတ်တော်တွင်း ၇၅ ရာခိုင်နှုန်း အပြည့် မရှိသောကြောင့်ဖြစ်သည်။ ရွေးကောက်ပွဲကျင်းပသည့်အချိန်ကပင်လျှင် မြို့နယ်ပေါင်း ၃၃၀ အပြည့်မကျင်းပနိုင်ခဲ့ခြင်း၊ အကြောင်းအမျိုးမျိုးကြောင့် လွှတ်တော်ကိုယ်စားလှယ်နေရာလစ်လပ်ခြင်းနှင့် နေရာအားလုံးတွင် တစ်ပါတီတည်းက အနိုင်ရရှိထားခြင်း မဟုတ်သောကြောင့် အခြေခံဥပဒေပြင်ဆင်ရန် ထောက်ခံမဲ ၇၅ ရာခိုင်နှုန်း အပြည့်ရရှိရန်ပင်မလွယ်ပါ။ အခြားတစ်ဖက်တွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များမှာ ခွင့်နှင့်ပျက်ကွက်သူမှလွဲ၍ အချိန်ပြည့် ၂၅ ရာခိုင်နှုန်း ရှိနေပါသည်။ ထို့ပြင် တပ်မတော်သားကိုယ်စားလှယ်အားလုံးကို ကာကွယ်ရေးဦးစီးချုပ်မှ အချိန်မရွေးခန့်အပ်ခြင်း၊ လူစားလဲလှယ်ခြင်း စသည်တို့ကိုပြုလုပ်ခွင့်ရှိသည့်ပြင် အရေးကြီးသည့် လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်မှုများကို ထောက်ခံရန် သို့မဟုတ် ကန့်ကွက်ရန် ထိန်းချုပ်ခွင့်ရှိပါသည်။

ထိုသို့သောအချက်များကိုထောက်ပြ၍ ၂၀၀၈ ခုနှစ် အခြေခံဥပဒေသည် ပြင်ဆင်ရန် အခက်အခဲဆုံးဥပဒေဟု ပြောဆိုလေ့ရှိကြပါသည်။

ကျွန်တော့်အမြင်မှာ ထိုသို့မဟုတ်ပါ။ အခြေခံဥပဒေပြင်ဆင်ချက် တစ်ရပ်ကိုဖြစ်စေ၊ အရေးကြီးသော ဥပဒေတစ်ရပ်ကိုဖြစ်စေ အတည်ပြုနိုင်ရန် လုံလောက်သောထောက်ခံမဲမရရှိ၍ မပြတ်မသား သောင်မတင် ရေမကျဖြစ်နေလျှင် လွှတ်တော်တွင်း အမတ်နေရာရရှိထားသော နိုင်ငံရေးပါတီများအကြား လွှတ်တော်ပြင်ပတွင် အပြန်အလှန်ဆွေးနွေးညှိနှိုင်းကြရစမြဲဖြစ်ပါသည်။ လွှတ်တော်ပြင်ပ နိုင်ငံရေးပါတီများအချင်းချင်း ညှိနှိုင်းမှုကို မည်သည့်နိုင်ငံတွင်မျှ ပိတ်ပင်မထားပါချေ။ လွှတ်တော်တွင်း မဲပေးစဉ်တွင် အနိုင်အထက်ပြု မဲပေးစေခြင်းကိုသာ ဥပဒေဖြင့်တားမြစ်ထားပါသည်။ လွှတ်တော်ပြင်ပတွင် ထိုသို့ အပြန်အလှန်နားလည်မှုရသွားပြီး ထောက်ခံမဲအလုံအလောက်ရရှိသွားပါက ဥပဒေပြုရန် လမ်းပွင့်သွားသည်ချည်းဖြစ်ပါသည်။ 

ယခုလည်း ထိုအတိုင်းပင်။ အခြေခံဥပဒေပြင်ဆင်ရေးကိစ္စတွင် အနိုင်ရ NLD အမတ်များက ပါတီ၏ညွှန်ကြားချက်အတိုင်း မဲပေးကြမည်ဖြစ်သကဲ့သို့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များကလည်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ညွှန်ကြားချက်အတိုင်း မဲပေးကြမည်မှာ မြေကြီးလက်ခတ်မလွဲဖြစ်သည်။ သို့ဖြစ်လျှင် NLD ခေါင်းဆောင်နှင့် ကာကွယ်ရေးဦးစီးချုပ်တို့ လွှတ်တော်ပြင်ပတွင် နိုင်ငံရေးအရ သဘောတူညီနားလည်မှုရရှိထားပြီးပါက အခြေခံဥပဒေပြင်ဆင်ရန်လိုအပ်သည့် အရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်အရေအတွက်မှာ ၅၀ ရာခိုင်နှုန်းကျော်ကျော်လေးသာဖြစ်သည်။ လိုအပ်သည့် ကျန် ၂၅ ရာခိုင်နှုန်းမှာ သေချာပေါက်ထောက်ခံမည်ဖြစ်သော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်သောကြောင့်ဖြစ်သည်။ သို့ဖြစ်၍ နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းနိုင်လျှင် အခြေခံဥပဒေပြင်ဆင်ရန်လိုအပ်သည့် ထောက်ခံမဲမှာ ၅၁ ရာခိုင်နှုန်း + ၁ သာ ဟုဆိုနိုင်လေသည်။ အဆိုပါ +၁ သည် လွှတ်တော်တွင်းတွင် မရှိဘဲ ၂၅ ရာခိုင်နှုန်းသောမဲကို တစ်လုံးတစ်ခဲတည်း အာမခံနိုင်သော +၁ ဖြစ်ကြောင်း နားလည်ထားသင့်သည်။

အထက်ပါ ကျွန်တော့်အမြင်ကို ရှင်းပြသည့်အခါ လွှတ်တော်ပြင်ပရှိ အဆိုပါ +၁ ကို လက်ခံလာအောင်ဆွေးနွေးရန်မှာ ခက်ခဲမှာဖြစ်သည့်အတွက် သိပ်စိတ်ဝင်စားမှုမရှိလှချေ။ ၎င်းတို့၏အမြင်မှာ ကာကွယ်ရေးဦးစီးချုပ်ကို သမ္မတက လွတ်လွတ်လပ်လပ်ခန့်ထားရခြင်းမဟုတ်ဘဲ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ထောက်ခံချက်ဖြင့် ခန့်ထားရသောကြောင့် အခြားသောပြည်ထောင်စုအဖွဲ့အစည်းဝင်များ၊ ပြည်ထောင်စုအစိုးရဝန်ကြီးများအပေါ် ဩဇာညောင်းသကဲ့သို့ ဩဇာညောင်းမည်မဟုတ်ဟု ဆိုကြလေသည်။ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၁ ယောက်တွင် ကာကွယ်ရေးဦးစီးချုပ်က ဩဇာညောင်းသူ ၆ ယောက်ပါဝင်ပြီး၊ နိုင်ငံတော်သမ္မတက ဩဇာညောင်းသူ ၅ ယောက်သာ ပါဝင်သဖြင့် ခန့်ထားမည့်ကာကွယ်ရေးဦးစီးချုပ်မှာ လက်ရှိတပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဩဇာညောင်းသူသာဖြစ်ဖို့ များပါသည်။ ထိုသို့ဖြစ်နေခြင်းကြောင့် ကာကွယ်ရေးဦးစီးချုပ် အစဉ်အဆက်မှာ အရပ်သားသမ္မတ၏ ဩဇာညောင်းသူဖြစ်ရန်မလွယ်ဟု ပြောဆိုကြပါသည်။ ထိုသို့ပြောဆိုသူတို့သည် အခြေခံဥပဒေ ပုဒ်မ ၃၄၂ ၏ အားနည်းချက်ကို မမြင်ကြချေ။ ထိုပုဒ်မသည် ၂၀၀၈ အခြေခံဥပဒေတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ခန့်ထားရေးနှင့် ပတ်သက်သည့် တစ်ခုတည်းသောပုဒ်မ ဖြစ်ကာ အောက်ပါအတိုင်းဆိုသည်။ 

၃၄၂ ။ နိုင်ငံတော်သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အဆိုပြုထောက်ခံချက်ဖြင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကို ခန့်အပ်တာဝန်ပေးရမည်။

(တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကွယ်လွန် (သို့မဟုတ်) နုတ်ထွက် (သို့မဟုတ်) အနားယူသွားသည့်အခါ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အလိုအလျောက် ကာကွယ်ရေးဦးစီးချုပ်တာဝန်ကို ထမ်းဆောင်ရမည်ဟု မပြဋ္ဌာန်းခဲ့ခြင်းကို ကျွန်တော်က အကောင်းမြင်သည်။)

ပုဒ်မ ၃၄၂ ပြဋ္ဌာန်းချက်က ထိုသို့ဆိုထားခြင်းကြောင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်မရှိသည့်အခြေအနေဟု နားလည်ရပေမည်။ ထိုသို့သော အခြေအနေတွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့သည် ၁၀ ဦးသာ ရှိပေလိမ့်မည်။ စုံဂဏန်းဖြစ်နေသည့်အတွက် ကာကွယ်ရေးဦးစီးချုပ်အသစ်ရွေးချယ်ရာတွင် ထောက်ခံနှင့် ကန့်ကွက်တူညီနေပါလျှင် မည်သို့ဆုံးဖြတ်မည်နည်း။ တစ်ဖန်ကာကွယ်ရေးဦးစီးချုပ်၏ အသက် ၆၀ ပြည့်သွား၍ သက်တမ်းတိုးလျှင် အချိန်မည်မျှနှင့် အကြိမ်မည်မျှတိုးနိုင်သနည်း၊ မည်သူက ဆုံးဖြတ်မည်နည်း စသည်တို့မှာ အခြေခံဥပဒေတွင် မပါရှိချေ။ ထို့ပြင် နိုင်ငံတော်၏ အထွတ်အထိပ်ပုဂ္ဂိုလ်ဖြစ်သော သမ္မတအပါအဝင် ပြည်ထောင်စုအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်ထောင်စုအဖွဲ့အစည်း ဝင်များ၊ နိုင်ငံတော်တရားလွှတ်တော်ချုပ် တရားသူကြီးများကို ပုဒ်မ ၇၁ (က) ပါ ပစ်မှု ၅ ရပ်အနက် တစ်ရပ်ရပ်ကိုကျူးလွန်လျှင် စွပ်စွဲပစ်တင်နိုင်သော်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဖောက်ဖျက်ကျူးလွန်လျှင် မည်သို့အရေးယူနိုင်ပုံကို အခြေခံဥပဒေတွင် ပြဋ္ဌာန်းမထားချေ။ သို့ဖြစ်လေရာ အဆိုပါပြဿနာကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဥပဒေ သို့မဟုတ် ကာကွယ်ရေးဦးစီးချုပ်ခန့်ထားရေး ဥပဒေဆိုသည်မျိုးပြဋ္ဌာန်း၍ တိတိကျကျ ဖြစ်စေသင့်သည်။

ထိုသို့သော ဥပဒေပြဋ္ဌာန်းကြသည့်အခါ ကာကွယ်ရေးဦးစီးချုပ် ရုတ်တရက်ကွယ်လွန် (သို့မဟုတ်) နုတ်ထွက် (သို့မဟုတ်) အနားယူသွားသောအခါ ကျန်ရှိသောကာလုံအဖွဲ့ဝင်များ၏ အဆိုပြုထောက်ခံချက်ဖြင့်ဟု ရှင်းလင်းစွာ ပြဋ္ဌာန်းနိုင်သလို၊ ထောက်ခံမဲနှင့် ကန့်ကွက်မဲတူညီနေသော ကိစ္စမျိုးတွင် နိုင်ငံတော်သမ္မတသည် အဆုံးအဖြတ်မဲ ထပ်မံပေးခြင်းဖြင့် အတည်ပြုနိုင်/ပယ်ချနိုင်သည်ဟု ပြဋ္ဌာန်းနိုင်ပါသည်။

ထိုသို့ပြဋ္ဌာန်းနိုင်ခဲ့လျှင် ကာကွယ်ရေးဦးစီးချုပ်အသစ်မှာ နိုင်ငံတော်သမ္မတ၏ ထောက်ခံချက်မပါဘဲ ဖြစ်မလာနိုင်ပါချေ။ ထိုသို့သော ကာကွယ်ရေးဦးစီးချုပ်နှင့် နိုင်ငံတော်သမ္မတတို့၏ ဆက်ဆံရေး- တစ်နည်းအားဖြင့် ဆိုလျှင် အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးမှာ ပိုမိုချောမွေ့ကောင်းမွန်လာမည်ဖြစ်ပြီး၊ နိုင်ငံ့အရေးကိစ္စများ တိုင်ပင်ဆွေးနွေးရာတွင် ပိုမိုပြေပြစ်လာဖွယ်ရှိပါသည်။

သို့ဖြစ်လျှင် ပြည်တွင်းငြိမ်းချမ်းရေးကဲ့သို့သော ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးကိစ္စနှင့် ဆက်စပ်နေသည့် ပြဿနာများကိုလည်း ပြေပြေလည်လည်ညှိနှိုင်းနိုင်ပါလိမ့်မည်။ တစ်နည်းအားဖြင့်ဆိုလျှင် ပြည်တွင်း ငြိမ်းချမ်းရေးရရှိရေးတွင် အရပ်ဘက်-စစ်ဘက်အမြင်များ လွန်စွာကွဲပြားခြားနားနေခြင်းမျိုး မရှိနိုင်တော့သဖြင့် လုပ်ရကိုင်ရ ပိုမိုချောမွေ့ပါလိမ့်မည်။

ထိုသို့သောအခြေအနေတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို နိုင်ငံနှင့်နိုင်ငံသားများအကျိုးအတွက် ပြင်ဆင်ရန် ခက်ခဲလှတော့မည်မဟုတ်ပါ။ 

သို့သော်လည်း ငြိမ်းချမ်းရေးရဖို့လည်း မသေချာ၊ ပြည်ထောင်စုကြီး မပြိုကွဲနိုင်တော့ဆိုသည့် အာမခံချက်များလည်း မရှိသေးဘဲ၊ တစ်နည်းအားဖြင့်ဆိုလျှင် အပစ်အခတ်ရပ်စဲ၍ ငြိမ်းချမ်းစွာ ဆွေးနွေးအဖြေရှာရေးလမ်းကြောင်းကို လက်ခံရန်ပင်လျှင် အလွန်ခက်ခဲစွာ ပြောဆိုနေရသောအခြေအနေမျိုးတွင် အစိုးရကရော၊ တပ်မတော်ကပါ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပေးလိမ့်မည်ဟု သိပ်မထင်ပါချေ။ အနာဂတ်ကာလတွင် ဖြစ်လာမည်ဟုယုံကြည်သော်လည်း အချိန်တိုအတွင်း မမျှော်လင့်နိုင်ပေ။

ရဲထွန်း (သီပေါ)