News

POST TYPE

POLITICAL

ကချင်စစ်ပွဲကြောင့် ပိတ်မိနေသူများကို အမြန်ဆုံး ကူညီပေးရန် ANP တောင်းဆို
စစ်တွေ၊ မေ ၁၀

ကချင်ပြည်နယ်တွင် တပ်မတော်နှင့် ကချင်လက်နက်ကိုင်တပ်ဖွဲ့ကြား ဖြစ်ပွားနေသော တိုက်ပွဲကြောင့် ပိတ်မိနေသူများ အန္တရာယ်ကင်းစွာ လွတ်မြောက်နိုင်ရေးအတွက် တာဝန်ရှိသူများအနေဖြင့် အမြန်ဆုံး ကူညီဆောင်ရွက်ပေးရန် ရခိုင်အမျိုးသားပါတီ (ANP) က တောင်းဆိုသည်။ 

မေလ ၇ ရက်မှစ၍ ၂ ရက်ကြာ ပြုလုပ်သည့် ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် အစည်းအဝေးတွင် တောင်းဆိုချက်ကို ထုတ်ပြန်ကြေညာခဲ့သည်။ 

“အပြစ်မဲ့တဲ့အရပ်သား ကချင်ညီအစ်ကို မောင်နှမတွေ တိုက်ပွဲတွေကြားမှာပိတ်မိပြီး အသက်ဘေးအန္တရယ်တွေကြုံတွေ့ပြီး ပြင်းပြင်းထန်ထန် ခံစားနေရတာကို ကျနော်တို့ပါတီအနေနဲ့ ကိုယ်ချင်းစာပါတယ်”ဟု ရခိုင်အမျိုးသားပါတီမှ အထွေထွေ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောသည်။

အဆိုပါ တိုက်ပွဲများကို ရပ်တန့်ပေးရန် ကချင်တိုင်းရင်းသားများကလည်း ဆန္ဒဖော်ထုတ်ခြင်း၊ စစ်ဘေးရှောင်းများအတွက် ကူညီထောက်ပံ့ပေးရန် အလှူခံကြရာတွင်လည်း တည်ဆဲဥပဒေနဲ့အညီ လုပ်ဆောင်သင့်ကြောင်း ၎င်းကဆိုသည်။

ကချင်ပြည်နယ်တွင် တိုက်ပွဲကြောင့် စစ်ဘေးရှောင်ပြည်သူ ၆၈၀၀ ကျော်ရှိကြောင်း၊ စစ်ဘေးရှောင်ပြည်သူများသည် ပဋိပက္ခဖြစ်ပွားနေသည့်ဒေသများမှ မြို့ပေါ်နေရာများသို့ ရောက်ရှိလာပြီး ခရစ်ယာန် ဘုရားကျောင်းများ၊ မူလကရှိသော စစ်ဘေးရှောင်စခန်းများ၊ လက်ခံ မိသားစုများနှင့်အတူ နေထိုင်နေကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ထားသည်။

R-22