News

POST TYPE

POLITICAL

ကြားဖြတ် ရွေးကောက်ပွဲ နိုဝင်ဘာ ၃ ရက်တွင် ကျင်းပမည်
09-May-2018

ရန်ကုန်၊ မေ ၉

၂၀၁၈ ကြားဖြတ် ရွေးကောက်ပွဲတစ်ရပ်ကို နိုဝင်ဘာလ ၃ ရက်တွင် လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာ၌ ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က ထုတ်ပြန်ကြေညာခဲ့သည်။

ယင်းကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၄ နေရာ၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၁ နေရာနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ၈ နေရာ စုစုပေါင်း ၁၃ နေရာတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုကျင်းပမည့် ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲသည် လက်ရှိအစိုးရသက်တမ်းအတွင်း ဒုတိယအကြိမ်မြောက် ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲ ဖြစ်လာမည်ဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်က ကျင်းပခဲ့သည်။

အဆိုပါ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် ၉ နေရာ၊ အမျိုးသားလွှတ်တော် ၃ နေရာနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော်အတွက် ၆ နေရာ စုစုပေါင်း မဲဆန္ဒနယ် ၁၈ နေရာတွင် ကျင်းပပြု လုပ်ခဲ့သည်။

လက်ရှိ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲကို လစ်လပ် ပြည်သူ့လွှတ်တော် မဲဆန္ဒများဖြစ်ကြသည့် ကန်ပက်လက်၊ လဲချား၊ တာမွေ၊ မြင်းခြံ၊ လစ်လပ်အမျိုးသားလွှတ်တော်အဖြစ် ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၂)၊ လစ်လပ် တိုင်းဒေသကြီး/ပြည်နယ် မဲဆန္ဒနယ်များအဖြစ် မတူပီ၊ တမူး၊ အုတ်တွင်း၊ သပိတ်ကျင်း၊ ရသေ့တောင်၊ မင်းဘူး၊ ဆိပ်ကမ်းမြို့နယ်၊ မန္တလေး တိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် အသီးသီးတို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ကော်မရှင်ထံမှ သိရသည်။

လာမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၁၃ နေရာလုံးတွင် ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ကိုယ်စားလှယ်လောင်းများကို ဗဟို အလုပ်အမှုဆောင် အစည်းအဝေး လုပ်ကာ ရွေးချယ်သွားမည်ဖြစ်ကြောင်း လက်ရှိအာဏာရပါတီဖြစ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

“ကျွန်တော်တို့ ဝင်ရောက် ယှဉ်ပြိုင်မယ်ဆိုတာ နိုင်မယ်လို့ ယုံကြည်ချက်ရှိတဲ့အတွက် ဝင်ပြိုင်မှာပါခင်ဗျ။ ဒါပေမဲ့ တိုင်းရင်းသား မဲဆန္ဒနယ်တွေမှာတော့ တိုင်းရင်းသားဒေသစွဲရှိတဲ့အတွက် ကြိုးစားပမ်းစား ယှဉ်ပြိုင်သွားရဖို့တော့ ရှိနေတယ်”ဟု ၎င်းကဆိုသည်။

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ မတိုင်မီ ယခုလို ပြုလုပ်မည့် ကြားဖြတ် ရွေးကောက်ပွဲသည် နိုင်ငံရေးပါတီများအကြားတွင် လူထုထောက်ခံမှု၊ ရေပန်းစားမှုကို ဆန်းစစ်နိုင်မည့် အကြိုခြေစမ်းပွဲ တစ်ပွဲဖြစ်လာမည်ဖြစ်သည်။

လာမည့် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် နေရာ အသီးသီးသည် လက်ရှိ အာဏာရပါတီ အနိုင်ရခဲ့သည့် နေရာများအပြင် တိုင်းရင်းသားဒေသ မဲဆန္ဒနယ်များလည်း ပါဝင်သည့်အတွက် အကြိတ်အနယ် ရှိလာနိုင်သည့် အခြေအနေရှိသည်။

လတ်တလော ပါတီအသစ်ထောင်ကာ မှတ်ပုံတင်ခွင့် ကျထားသည့် ဦးကိုကိုကြီး ဦးဆောင်သည့် ရှစ်လေးလုံး ပြည်သူ့ပါတီကလည်း ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သွားရန်ရှိနေပြီး အနည်းဆုံး မဲဆန္ဒနယ် သုံးနေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ရည်မှန်းထားကြောင်း ယင်းပါတီ ဒုခေါင်းဆောင်ဖြစ်သူ ဦးရဲနိုင်အောင်က ပြောကြားသည်။

“ဘယ်နေရာတွေဝင်မလဲ၊ သုံးနေရာထက် ပိုဝင်မလား မဝင်ဘူးလားကတော့ ကျွန်တော်တို့ပါတီ တရားဝင် နိုင်ငံရေးပါတီဖြစ်ပြီးတော့ ပါတီရဲ့ စည်းရုံးရေး အနေအထား၊ နိုင်ငံရေး အနေအထားတွေကို ခြုံငုံသုံးသပ်ရဦးမှာ ဖြစ်ပါတယ်”ဟု ၎င်းကဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် ဦးဝင်းမြင့်က နိုင်ငံတော်သမ္မတ ဖြစ်သွားသည့်အတွက် လစ်လပ်သွားခဲ့ခြင်းဖြစ်သည်။

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ၂၀၁၅ ရွေးကောက်ပွဲကာလက အာဏာရပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက အနိုင်ရခဲ့ခြင်းဖြစ်ပြီး အဆိုပါ ရွေးကောက်ခံကိုယ်စားလှယ် ကွယ်လွန်သွားသည့်အတွက် လစ်လပ်သွားခဲ့ခြင်း ဖြစ်သည်။

ရှမ်းပြည်နယ် လဲချားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာကို ၂၀၁၅ ရွေးကောက်ပွဲပြုလုပ်စဉ်က ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီက အနိုင်ရခဲ့ခြင်းဖြစ်ပြီး အဆိုပါ လဲချား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်း ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ လစ်လပ် မဲဆန္ဒနယ်အသီးသီးတို့တွင် နိုင်ငံရေးပါတီကြီးများက အသီးသီး ဝင်ရောက် ယှဉ်ပြိုင်သွားရန်လည်း ရှိနေသည်။

J-08