News

POST TYPE

POLITICAL

ဘတ်ဂျက်အတည်ပြုရန် စစ်ကိုင်းတိုင်းလွှတ်တော် အထူးအစည်းအဝေး ခေါ်ယူ
22-Sep-2016

ကလေး၊ စက်တင်ဘာ ၂၂ 

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့အတွက် ဘတ်ဂျတ်များ အတည်ပြုရန် ရှိနေခြင်းကြောင့် လွှတ်တော်အစည်းအဝေးကို မူလသတ်မှတ်ထားသည့် ပုံမှန်အစည်းအဝေးအစား အထူးအစည်းအဝေးအဖြစ် သတ်မှတ်ခေါ်ယူလိုက်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဘိုးသန်းညွန့်က ပြောကြားသည်။

တိုင်းဒေသကြီးလွှတ်တော် စတုတ္ထအကြိမ် ပုံမှန်အစည်းအဝေးကို အောက်တိုဘာ ၅ ရက်တွင် ကျင်းပရန် စက်တင်ဘာ ၁၄ ရက်က ထုတ်ပြန်ကြေညာခဲ့သော်လည်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့အတွက် ဘတ်ဂျက် အတည်ပြုပေးနိုင်ရန်အတွက် အောက်တိုဘာ ၃ ရက်တွင် အထူးအစည်းအဝေး ကျင်းပရန် ပြောင်းလဲ ကြေညာလိုက်ခြင်း ဖြစ်သည်။

“ငွေလုံးငွေရင်း အသုံးစရိတ် ဘတ်ဂျက်ကို လွှတ်တော်ရဲ့ အတည်ပြုချက်ရပြီး နေပြည်တော်ကို ပို့ရမှာဆိုပြီး လာညှိတော့ ကျွန်တော်တို့က အောက်တိုဘာ ၃ ရက်နေ့ကို ရွှေ့လိုက်တာ။ အထူးအစည်းအဝေး ဆိုတာက ၁၅ ရက် ကြိုတင် အသိပေး အကြောင်းကြားပြီးတော့ လုပ်လို့ရတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေကို အကြောင်းကြားရင် ၁၅ ရက် ကြိုတင် အကြောင်းကြားရတာ ဆိုတော့ အထူးအစည်းအဝေး ကျင်းပရတာပေါ့” စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဘိုးသန်းညွန့်က ရှင်းပြသည်။

စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ် ၇၆ ဦး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ ဦး စုစုပေါင်း ၁၀၁ ဦးရှိကြောင်း ယင်းလွှတ်တော်ရုံးထံမှ သိရှိရသည်။