POST TYPE

POLITICAL

လူအခွင့်အရေးကော်မရှင် အဖွဲ့ဝင်များကို ထိရောက်စွာ အရေးယူပေးရန် အရေးကြီးအဆို လွှတ်တော်တွင် လက်ခံဆွေးနွေးမည်
22-Sep-2016

နေပြည်တော်၊ စက်တင်ဘာ ၂၁ 

အင်းဝအပ်ချုပ်ဆိုင်တွင် အိမ်အကူ မိန်းကလေးနှစ်ဦး နှိပ်စပ်ညှဉ်းပန်ခံရမှုတွင် နိုင်ငံသားများကို ထိရောက်စွာ ကာကွယ်ပေးမှု မရှိဘဲ ကြားဝင် စေ့စပ်ညှိနှိုင်းပေးခဲ့သော မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင်များကို ထိရောက်စွာ အရေးယူပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အရေးကြီးအဆိုကို ပြည်သူ့လွှတ်တော်က လက်ခံဆွေးနွေးမည် ဖြစ်သည်။

ယနေ့ (စက်တင်ဘာ ၂၂ ရက်) က ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဒေါပုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဋ္ဌေးဝင်းအောင် (ခ) ဦးပြုံးချိုက အရေးကြီးအဆို တင်သွင်းခဲ့ခြင်း ဖြစ်ပြီး အိမ်မဲ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်သန္တာက ထောက်ခံခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များက လက်ခံဆွေးနွေးရန် ကန့်ကွက်သူမရှိ သဘောတူညီခဲ့သည်။

ထိုအပြင် အိမ်အကူ မိန်းကလေးနှစ်ဦး နှိပ်စက်ခံရမှုကို နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာ ကော်မတီက ကြားနာနိုင်ရန် လူအခွင့်အရေးကော်မရှင်ကို လွှတ်တော်ဥက္ကဋ္ဌမှ တစ်ဆင့် ဆင့်ခေါ်ထားကြောင်း လွတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

၂၀၁၆ ခုနှစ် ဇူလိုင် ၂၈ ရက်နေ့ ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ မြန်မာနိုင်ငံ လူအခွင့်အရေးကော်မရှင်၏ ၂၀၁၅ ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာကို ကိုယ်စားလှယ် ၁၆ ဦးက ဆွေးနွေးရာတွင် ကော်မရှင်သည် အားနည်းမှုများစွ ဖြစ်ပေါ်နေပြီး အလုပ်လုပ်သည့် အခြေအနေ မတွေ့ရသောကြောင့် ကော်မရှင်ကို အသစ်ဖွဲ့စည်းစေလိုကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ထောက်ပြပြောဆိုခဲ့ကြသည်။

လူအခွင့်အရေးကော်မရှင်သည် နိုင်ငံရေးကြောင့် အကျဉ်းကျနေသူများ၊ ပြည်သူလူထု လုံခြုံမှု၊ မူးယစ်ဆေး၊ မြေယာသိမ်းဆည်းမှု၊ ကျူးကျော်ကိစ္စ ဖြေရှင်းမှု အပါအဝင် ပစ်ခတ်ခံရမှုကြောင့် သေဆုံးရသည့် အရပ်သားများ၏ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စများကို လုပ်ဆောင်ရန် တာဝန်ပျက်ကွက်နေသောကြောင့် ကော်မရှင်တစ်ဖွဲ့လုံးကို ပြောင်းလဲပေးရန် လိုအပ်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၂) မှ ဦးဌေးဦးက လွှတ်တော်သို့ တင်ပြခဲ့သည်။

“ကော်မရှင်ဟာ ဒီထက်အလုပ်လုပ်ဖို့ လိုပါတယ်။ ကြီးကြီးကျယ်ကျယ် ဆောင်ရွက်တာ ဘာတစ်ခုမှ မတွေ့ရပါဘူး” ဟု ဒဂုံမြို့သစ်မြောက်ပိုင်း မဲဆန္ဒနယ်မှ ဒေါက်တာခင်မောင်မောင်က လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးပြောဆိုခဲ့သည်။

အဆိုပါ ညှဉ်းပန်းနှိပ်စက်ခံရသော မိန်းကလေးနှစ်ဦးနှင့် ပတ်သက်၍ အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် မိသားစုဝင်လေးဦးကို လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/၃၂ နှင့် ကလေးသူငယ် ဥပဒေများဖြင်ပါ့ အရေးယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။