News

POST TYPE

POLITICAL

ပြည်တွင်းစစ်၏ ပြဿနာရင်းမြစ်ကို ရှာဖွေရမည်ဟု ငြိမ်းချမ်းရေး ကော်မရှင်ဥက္ကဋ္ဌဆို
ရန်ကုန်၊စက်တင်ဘာ၂၁

လာမည့် နိုဝင်ဘာလအစပိုင်းတွင် စတင်ကျင်းပမည့် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများတွင် ပြည်တွင်း စစ်၏ ပြဿနာအရင်းအမြစ်ကို ရှာဖွေဖော်ထုတ်ရမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက ပြောကြားသည်။

စက်တင်ဘာလ၂၁ ရက်တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အခမ်းအနားကို ရန်ကုန်မြို့ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) တွင် ကျင်းပရာ ယင်းအခမ်းအနားတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပနိုင်ရေးအတွက် နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်တစ်ခုကို အစိုးရ၊တပ်မတော်၊တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊နိုင်ငံရေးပါတီများ စုပေါင်း၍ သုံးသပ်သည့် အစည်းအဝေးများကို ပြုလုပ်နေပြီး ယင်းအမျိုး သားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများမှ နိုင်ငံရေး ပြဿနာအရင်းအမြစ်ကို တတ်နိုင်သလောက် ရှာဖွေသွားမည်ဖြစ်ကြောင်း ဒေါက်တာတင်မျိုးဝင်းက ပြောကြားသည်။

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများမှ ရရှိလာမည့်ရလဒ်များကို စုစည်း၍ အောက်တိုဘာလတွင် ကျင်းပမည့် UPDJC အစည်းအဝေးတွင် အတည်ပြုခြင်း လာမည့် ဒုတိယအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် အဆုံးသတ် အတည်ပြုခြင်းတို့ကို လုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

"အားလုံး ပါဝင်ရေးကို အခြေခံပြီးတော့ နိုင်ငံရေး ပြဿနာတွေကို အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေ ပြုလုပ်ပြီးတော့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံမှာ ဆွေးနွေးကြရမှာ ဖြစ်ပါတယ်" ဟု ၎င်းက ဆိုသည်။

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရေးအတွက် အဖွဲ့ဝင်ကိုးဦး ပါဝင်သော အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ လုပ်ငန်းလမ်းညွှန် ရးဆွဲရေး အလုပ်အဖွဲ့ကို ပြီးခဲ့သည့် နိုင်ငံရေး မူဘောင်သုံးသပ်သည့် အစည်း အဝေးတွင် ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းလမ်းညွှန် မူကြမ်းတစ်ခုကို ရေးဆွဲနေကြောင်း ယင်းအလုပ်အဖွဲ့ဝင် တစ်ဦးဖြစ်သူ စိုင်းကျော်ညွန့်ကပြောကြားသည်။

လက်ရှိတွင် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများအတွက် လုပ်ငန်းလမ်းညွှန်မှု မူကြမ်းကို နောက်တစ်ကြိမ် ကျင်းပမည့် နိုင်ငံရေးမူဘောင် သုံးသပ် သည့် အစည်းအဝေးအမီ ရေးဆွဲသွားမည်ဟု စိုင်းကျော်ညွန့်က ဆိုသည်။

"နိုင်ငံရေး ဆွေးနွေးပွဲတွေကို စနစ်တကျ ကျင်းပနိုင်ဖို့၊အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲအဖြစ် သတ်မှတ်နိုင်ဖို့ ဘုံသဘောထားတွေ စုစည်းနိုင်ဖို့ လုပ်ငန်း ကော်မတီကို ဖွဲ့ထားပြီး အဲဒီကော်မတီရဲ့ လုပ်ပိုင်ခွင့်တွေကို ပြဋ္ဌာန်းထားတဲ့ လုပ်ငန်းလမ်းညွှန်ကို အခု ရေးဆွဲနေတာပါ"ဟု ၎င်းကဆိုသည်။

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပပြီး နောက်လာမည့် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလတွင် ဒုတိယ အကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ -၂၁ ရာစု ပင်လုံညီလာခံကို ပြန်လည်ကျင်းပမည်ဖြစ်ကြောင်း ငြိမ်း ချမ်းရေး ကော်မရှင်ထံမှ သိရသည်။