News

POST TYPE

POLITICAL

ရိခေါဒါရ်မြို့ သမိုင်းကျောက်တိုင် စိုက်ထူခွင့်မရ၍ ဆန္ဒပြမည်
02-May-2018

ကလေး၊ မေ ၁

မြန်မာ- အိန္ဒိယနယ်စပ် ချင်းပြည်နယ်၊ ရိခေါဒါရ်မြို့တည်ထောင်သည့် ၇၆ နှစ်ပြည့် အထိမ်းအမှတ်ကျောက်တိုင် စိုက်ထူခွင့်မပေးသည့်အပေါ် ဆန္ဒထုတ်ဖော်၍ ကျောက်တိုင်စိုက်ထူခွင့်ရရှိရေး တောင်းဆိုမည်ဖြစ်ကြောင်း ရိခေါဒါရ်မြို့ အမှတ် (၁) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးချန်လျန်မာက ပြောကြားသည်။ 

ရိခေါဒါရ်မြို့ တည်ထောင်သည့် ၇၆ နှစ်ပြည့် အထိမ်းအမှတ်ပွဲတော်ကို ဧပြီလ ၄ ရက်နေ့က ရိခေါဒါရ်မြို့တွင်ကျင်းပခဲ့ပြီး ရိရေအိုင်အနီး အမှတ် (၁) ရပ်ကွက် ရိရေအိုင်နှင့် ပြည်ထောင်စုရိပ်သာသွားသည့် လမ်းသုံးခွဆုံနေရာတွင် ရိခေါဒါရ်မြို့ သမိုင်းအကျဉ်းကို အင်္ဂလိပ်၊ မြန်မာနှင့် ချင်းတိုင်းရင်းသား ဘာသာသုံးမျိုးဖြင့် ရေးထိုးစိုက်ထူရန် စီစဉ်ခြင်းကို အစိုးရက တားမြစ်ခဲ့သည့်အတွက် ကျောက်တိုင်စိုက်ထူခြင်းကို ဆောင်ရွက်ခဲ့ရခြင်းမရှိဘဲ ပွဲတော်ကိုသာ ကျင်းပခဲ့ရကြောင်း ပွဲတော်ကျင်းပရာတွင် ဦးဆောင်ပါဝင်ခဲ့သူများက ပြောဆိုသည်။

“ချင်းတိုင်းရင်းသားတွေက စာပေမထွန်းကားခင် ဘိုးဘွားလက်ထက်ကတည်းက ကျောက်တိုင်စိုက်ထူတယ်ဆိုတာ ကျွန်တော်တို့ ယဉ်ကျေးမှုတစ်ခု ဖြစ်ပါတယ်။ အခုလည်းကျောက်တိုင်ကို ခရီးသွားပြည်သူတွေ ဗဟုသုတဖြစ်အောင် လမ်းဘေးမှာပဲ စိုက်ထူမယ်ဆိုပြီး ကျောက်တိုင်စိုက်ထူဖို့ ရွေးထားတဲ့နေရာကိုလာပြီး တားမြစ်ပိတ်ပင်သွားလို့ စိုက်ထူခွင့်ရရေး ဆန္ဒထုတ်ဖော်တောင်းဆိုမှာ”ဟု အုပ်ချုပ်ရေးမှူး ဦးချန်လျန်မာက ဆိုသည်။ 

အဆိုပါ ဆန္ဒထုတ်ဖော်ရန်အတွက် မေလ ၁ ရက်နေ့တွင် အသိပေးစာတင်ပြပြီး ဆန္ဒထုတ်ဖော်တောင်းဆိုမှုကို လူဦးရေ ၃၀၀ ဖြင့် မေလ ၄ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်မှစကာ ရိရေအိုင်မှ အမှတ် (၁) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့အထိ မူလသတ်မှတ်ထားသည့် နေရာတွင် ဆန္ဒထုတ်ဖော် တောင်းဆိုမည်ဖြစ်ကြောင်း ဦးဆောင်သူများထံမှ သိရသည်။

R-20

  • VIA