News

POST TYPE

POLITICAL

ရှစ်လေးလုံး ပြည်သူ့ပါတီ၏ ပထမခေါင်းဆောင်အဖြစ် ဦးကိုကိုကြီးကို ရွေးချယ်
29-Apr-2018

ရန်ကုန်၊ ဧပြီ ၂၉

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တွင် ရှစ်လေးလုံးပြည်သူ့ပါတီ မှတ်ပုံတင်ရာ၌ ပါတီ၏ ပထမခေါင်းဆောင်အဖြစ် ဦးကိုကိုကြီး၊ ဒုတိယခေါင်းဆောင်အဖြစ် ဦးရဲနိုင်အောင်ကို ရွေးချယ်ခဲ့ကြောင်း ဧပြီလ၂၉ ရက်ကပြုလုပ်သော ပါတီဖြစ်မြောက်ရေး ဗဟိုဦးဆောင်ကော်မတီ အစည်အဝေးအပြီးတွင် ဦးကိုကိုကြီးက ပြောကြားသည်။

မေလ ၂ ရက်တွင် ရွေးကောက်ပွဲ ကော်မရှင်ထံ ပါတီမှတ်ပုံတင်မည်ဖြစ်ပြီး ထိုသို့မှတ်ပုံတင်ရာ၌ ပါတီ၏ ပထမခေါင်းဆောင်နှင့် ဒုတိယခေါင်းဆောင် အပါအဝင် အဖွဲ့ဝင် ၁၈ ဦးစာရင်းကို ပေးပို့ရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“ပါတီတံဆိပ်ကတော့ ရွေးကောက်ပွဲ ကော်မရှင်ဆီတင်ပြီး ကော်မရှင်က ကြေညာပါလိမ့်မယ်။ အရင်တံဆိပ် ဖြစ် မဖြစ် ကလည်း ကော်မရှင်ဆီမရောက်ခင် ပြောလို့ မကောင်းပါဘူး။ တခြားပါတီတွေနဲ့ မတူအောင် ကျွန်တော်တို့ ရွေးချယ်ထားပါတယ်”ဟု ဦးကိုကိုကြီးကဆိုသည်။

ပါတီမှတ်ပုံတင်ခြင်း လုပ်ငန်းများ ပြီးဆုံး၍ နိုင်ငံရေးပါတီ တစ်ရပ်အနေနှင့် ရပ်တည်ခွင့်ရှိပါက ပါတီညီလာခံတစ်ခုကျင်းပကာ ဗဟိုကော်မတီဝင်များကို အဆင့်ဆင့် ရွေးချယ်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ဦးကိုကိုကြီးက ပြောသည်။

“ဗဟိုကော်မတီနဲ့ ခေါင်းဆောင်တွေကို ပြန်ရွေးချယ်ဦးမှာပါ။ အခုပထမနဲ့ ဒုတိယ ခေါင်းဆောင်တို့ဆိုတာ ကော်မရှင်နဲ့ ဆက်ဆံပြောဆိုတဲ့အခါ ထသွား ထလာ လုပ်နိုင်တဲ့သူတွေကို ဦးစားပေး ရွေးချယ်ခဲ့တာပါ” ဟု ၎င်းကဆိုသည်။

ရှစ်လေးလုံး ပြည်သူ့ပါတီ၏ နိုင်ငံရေးပါတီတစ်ရပ်အဖြစ် တည်ထောင်ခွင့်ကို ရွေးကောက်ပွဲ ကော်မရှင်က ဧပြီလ ၂၆ ရက်က ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

ယင်းပါတီ၏ ယခင်နာမည်ဖြစ်သော ရှစ်လေးလုံး ပါတီအမည်ဖြင့် ရွေးကောက်ပွဲ ကော်မရှင်တွင် ပါတီတည်ထောင်ခွင့် လျှောက်ထားသော်လည်း သုံးလကျော်သည်အထိ အကြောင်းပြန်ခြင်း မရှိသောကြောင့် ယခုအမည်ကို ပြောင်းလဲလိုက်ခြင်းဖြစ်သည်။

လက်ရှိတွင် ရန်ကုန်၊ မန္တလေး၊ ပဲခူးတိုင်း၊ မွန်နှင့် ရှမ်းပြည်နယ်ရှိ မြို့နယ်အချို့တွင် ပါတီဖြစ်မြောက်ရေး ရုံးခန်းများ ဖွင့်လှစ်ထားပြီးဖြစ်ကာ ပါတီဖြစ်မြောက်ရေး အဖွဲ့ဝင်အဖြစ် အဆိုပြု လျှောက်လွှာ တစ်ထောင်ကျော်ကိုလည်း လက်ခံရရှိထားကြောင်း ပါတီဖြစ်မြောက်ရေးဗဟို ဦးဆောင် ကော်မတီထံမှ သိရသည်။

ဝေလင်း