News

POST TYPE

POLITICAL

ရှစ်လေးလုံး ပြည်သူ့ပါတီ ပါတီတည်ထောင်ခွင့်ရ
28-Apr-2018 tagged as ရှစ်လေးလုံး

ရန်ကုန်၊ ဧပြီ ၂၈ 

ဦးကိုကိုကြီး ဦးဆောင်သော ရှစ်လေးလုံး ပြည်သူ့ပါတီ တည်ထောင်ခွင့်ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ပြောကြားသည်။

ခွင့်ပြုသည်ဆိုသော အကြောင်းကြားစာကို နိုင်ငံရေးပါတီ ဖြစ်မြောက်ရေးကော်မတီထံ ဧပြီလ ၂၆ ရက်စွဲဖြင့် ပေးပို့ထားပြီးဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“ပါတီ တည်ထောင်ခွင့်ပြုလိုက်ပြီ။ မှတ်ပုံတင်တာတော့ ကျန်သေးတယ်။ လုပ်ငန်းစဉ်အရတော့ ပါတီတံဆိပ် ကြေညာရဦးမယ်။ ကန့်ကွက်ရန် ရှိ၊ မရှိပေါ့။ ကန့်ကွက်သူ မရှိမှဘဲ မှတ်ပုံတင်ကျမှာပါ”ဟု ဦးမြင့်နိုင်က ဆိုသည်။

ရှစ်လေးလုံး ပြည်သူ့ပါတီသည် ရှစ်လေးလုံး ပါတီအမည်ဖြင့် တရားဝင်ပါတီအဖြစ် ရပ်တည်ရန် ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း ရွေးကောက်ပွဲ ကော်မရှင်ထံ ပါတီတည်ထောင်ခွင့် လျှောက်ထားသော်လည်း သုံးလကျော်သည်အထိ တရားဝင်မှတ်ပုံတင် မကျခဲ့ပေ။

“ဒါကတော့ ဝမ်းသာစရာ သတင်းပေါ့နော်။ ကျွန်တော်တို့ဘက်ကတော့ သတင်းထုတ်ပြန်တဲ့အပိုင်းကို ဗဟိုကော်မတီ အစည်းဝေးပြီးမှပဲ ထုတ်ပြောပါ့မယ်”ယင်းပါတီတည်ထောင်ခွင့် လျှောက်ထားရာတွင် ပါဝင်ခဲ့သူ ကိုကျော်လင်းက ဆိုသည်။

ထိုသို့ ပါတီတည်ထောင်ခွင့်ပြုလိုက်ခြင်းနှင့်ပတ်သက်ပြီး နိုင်ငံရေးပါတီများနှင့် နိုင်ငံရေး စိတ်ဝင်စားသူများကလည်း စောင့်ကြည့်မှုများနှင့်အတူ ကြိုဆို အသိအမှတ်ပြုကြသည်။

“ဒီမိုကရေစီခေတ်မှာ နိုင်ငံရေးပါတီတွေ ပေါ်ပေါက်လာတာ ကြိုဆိုရမယ်။ အတိုက်ခံပါတီကောင်းတွေ ပေါ်လာမှပဲ တိုးတက်မှု ပိုကောင်းလာမယ်။ နိုင်ငံအတွက်လည်း ကောင်းမယ်”ဟု လက်ရှိအာဏာရ NLD ပါတီ၏ ဗဟိုပြန်ကြားရေး ကော်မတီမှ အတွင်းရေးမှူး မုံရွာအောင်ရှင်က ဆိုသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ ဦးလှသိန်းကလည်း “သူတို့က နိုင်ငံသားဖြစ်တဲ့အတွက် ပါတီတည်ထောင်ခွင့်ရှိပါတယ်။ ဒါပေမဲ့ ဒို့တာဝန် အရေးသုံးပါးကို စောင့်ထိန်းဖို့တော့လိုတယ်။ အခုက သူတို့ ဘာတွေလုပ်မလဲဆိုတာတော့ စောင့်ကြည့်ရမယ်လေ”ဟု မှတ်ချက်ပြု ပြောဆိုသည်။

ထိုပါတီ၏ ယခင်အမည်ဖြစ်သော ရှစ်လေးပါတီဟူသော အမည်နှင့်ပတ်သက်၍ အငြင်းပွားမှုများ ရှိခဲ့ပြီး ထိုအမည်သည် ၈ လေးလုံး အရေးတော်ပုံ၏ အစဉ်အလာနှင့် နိုင်ငံရေး အနှစ်သာရများကို အပိုင်စီးသလို ဖြစ်နေသည်ဟု နိုင်ငံရေးစိတ်ဝင်စားသူများက အပြင်းအထန် ဝေဖန်ခဲ့ကြသည်။

ထို့ကြောင့် ဧပြီလ ၁ ရက်တွင် အမည်ပြောင်းလဲရန် ပါတီဖြစ်မြောက်ရေး ဗဟိုဦးဆောင်ကော်မတီ မျက်နှာစုံညီ အစည်းဝေးပြုလုပ်၍ တက်ရောက်လာသည့် ကိုယ်စားလှယ်များမှ မဲပေးခွင့်ရှိသူ ၉၂ ဦးက ရှစ်လေးလုံး ပြည်သူ့ပါတီကို ထောက်ခံမဲ ၆၇ ဖြင့် မဲပေးရွေးချယ်ခဲ့ခြင်းဖြစ်သည်။

ထိုနောက် ဧပြီလ ၆ ရက်တွင် ပါတီဖြစ်မြောက်ရေး ဗဟိုဦးဆောင်ကော်မတီက ရွေးကောက်ပွဲ ကော်မရှင်ထံ ရှစ်လေးလုံး ပြည်သူ့ပါတီအမည်ဖြင့် ပြောင်းလဲလျှောက်ထားခဲ့သည်။

အဆိုပါ ပါတီကို ရှစ်လေးလုံး အရေးတော်ပုံကာလက ဦးဆောင်ခဲ့သည့် ကျောင်းသားခေါင်းဆောင်ဟောင်းများဖြင့် စုပေါင်းဖွဲ့စည်းထားခြင်းဖြစ်ပြီး ပါတီနာမည်ရွေးချယ်ရာ၌ သဘောထား ကွဲလွဲမှုများကြောင့် ခေါင်းဆောင်အချို့ နုတ်ထွက်ခဲ့ကြသေးသည်။

လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံရေးပါတီပေါင်း ၉၀ ကျော် ရှိသော်လည်း တစ်နိုင်ငံလုံးကိုလွှမ်းခြုံ၍ အင်အားကောင်းသောပါတီမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် လက်ရှိအစိုးရကို ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီတို့သာရှိပြီး တတိယ အင်အားကောင်းသော ပါတီတစ်ခု ပေါ်ပေါက်ရန် နိုင်ငံရေးလောကမှ မျှော်လင့်နေချိန်တွင် ယခုကဲ့သို့ ရှစ်လေးလုံး ပြည်သူ့ပါတီ အမည်ဖြင့် မှတ်ပုံတင်လာခြင်းဖြစ်သည်။