News

POST TYPE

POLITICAL

မွန်လူမျိုးအလိုက် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေးကော်မတီ ဖွဲ့စည်း
27-Apr-2018
မော်လမြိုင်၊ ဧပြီ ၂၆

မွန်ပြည်သစ်ပါတီကလာမည့် မေလပထမအပတ်တွင် ဦးဆောင်ပြုလုပ်မည့် မွန်လူမျိုးအလိုက် နိုင်ငံရေးဆွေးနွေးပွဲပြုလုပ်နိုင်ရန် ကျင်းပရေးကော်မတီတစ်ရပ်ကို အတည်ပြုဖွဲ့စည်းလိုက်ကြောင်း ကျင်းပရေးကော်မတီထံမှ သိရသည်။

ကျင်းပရေးကော်မတီကို မွန်ပြည်သစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ မွန်အမျိုးသားပါတီ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းနှင့် ဖိတ်ကြားသင့် ဖိတ်ကြားထိုက်သည့် ပညာရှင်အစုအဖွဲ့တို့ ပါဝင်ကြောင်း ကျင်းပရေးကော်မတီအတွင်းရေးမှူး ကိုမင်းအောင်ထူးက ပြောသည်။

“ကျွန်တော်တို့ ကော်မတီကိုတော့ အစိုးရက အတည်ပြုပေးဖို့ မလိုဘူး၊ ဒါပေမဲ့ UPDJC က လက်ခံတဲ့ ညှိနှိုင်းမှုတော့ရှိဖို့လိုတယ်၊ ပြည်နယ်တစ်ခုမှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပဖို့အတွက် အစိုးရက ကြီးကြပ်ရေးကော်မတီပဲ ဖွဲ့ပေးရမှာပါ” ဟု ကိုမင်းအောင်ထူးက ပြောသည်။

မွန်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွင် ဦးဆောင်ကော်မတီနှင့် ကျင်းပရေးကော်မတီဟူ၍ နှစ်မျိုးခွဲထားကြောင်း၊ ဦးဆောင်ကော်မတီတွင် မွန်ပြည်သစ်ပါတီမှ ၃ ဦး၊ မွန်အမျိုးသားပါတီမှ ၃ ဦး၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ၃ ဦးနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းနှင့် ဖိတ်ကြားသင့်သည့် ပညာရှင် ၄ ဦးတို့ဖြစ် ဖွဲ့စည်းထားပြီး၊ ကျင်းပရေးကော်မတီကို အဖွဲ့ဝင် ၁၃ ဦးတို့ဖြစ် ဖွဲ့စည်းထားကြောင်း ကျင်းပရေးကော်မတီထံမှ သိရသည်။

မွန်တွင် ကျင်းပမည့် မွန်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို မတ်လ ၅ ရက်မှ ၇ ရက်အထိ ရေးမြို့ပေါ်တွင် ကျင်းပမည်ဖြစ်ကြောင်း၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် မြေယာနှင့် သယံဇာတစသည့် ခေါင်းစဉ်တို့ကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ဆွေးနွေးပွဲ တက်ရောက်ရန် မွန်နိုင်ငံရေးပါတီများအပြင် အခြားပါတီများကိုလည်း ဖိတ်ကြားသွားမည်ဖြစ်ကြောင်း ကော်မတီထံမှ သိရသည်။

R-21