News

POST TYPE

POLITICAL

အာဆီယံထိပ်သီးညီလာခံသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်မဟုတ်၊ နိုင်ငံတော်သမ္မတသစ် တက်မည်
24-Apr-2018
ရန်ကုန်၊ ဧပြီ ၂၄

NLD အစိုးရလက်ထက် ၂ နှစ်ကျော် ကြာကာလအတွင်း နိုင်ငံတကာ အစည်းအဝေးများနှင့် ဆွေးနွေးပွဲများသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့သော်လည်း ယခုလအတွင်း စင်ကာပူနိုင်ငံ၌ကျင်းပမည့် အာဆီယံထိပ်သီးညီလာခံသို့ ဒေါ်အောင်ဆန်းစုကြည် မတက်ရောက်ဘဲ သမ္မတသစ် တက်ရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက ပြောကြားသည်။

မြန်မာနိုင်ငံအနေနှင့် နိုင်ငံတော် သမ္မတသစ် ပြောင်းလဲအပြီးတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အနေနှင့် ပထမဆုံး ပြည်ပခရီးစဉ် ဖြစ်လာမည်ဖြစ်သည်။

“ဒေါ်အောင်ဆန်းစုကြည်ဘာလို့ မတက်တာလဲဆိုတော့ နိုင်ငံတော်သမ္မတကြီးအနေနဲ့ အာဆီယံနိုင်ငံတွေရဲ့ ထိပ်သီးကိုယ်စားလှယ်တွေနဲ့ ပုဂ္ဂိုလ်ရေးအရ ရင်းနှီးအောင်လို့အခုလို တက်ရောက်ခြင်းဖြစ်တယ်။ နိုင်ငံတော်သမ္မတအနေနဲ့ ပထမဆုံးထိတွေ့ခြင်းလည်းဖြစ်တယ်”ဟု ဦးမြင့်သူက ဆိုသည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အနေနှင့် အာဆီယံထိပ်သီးအစည်းအဝေးတွင် အိမ်ရှင်စင်ကာပူနိုင်ငံက သတ်မှတ်ထားသည့်ခေါင်းစဉ်များကို ဆွေးနွေးမည်ဖြစ်သည့်အပြင် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ အစိုးရက စီစဉ်ဆောင်ရွက်မှုများကို ဆွေးနွေးရန် စီစဉ်ထားကြောင်း၊ အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့် နှစ်နိုင်ငံခေါင်းဆောင်ချင်း သီးသန့်ဆွေးနွေးမှုများလည်း ပါဝင်မည်ဖြစ်ကြောင်း ၎င်းထံမှ ဆက်လက်သိရသည်။

ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများ ပါဝင်သည့် အာဆီယံ ဆယ်နိုင်ငံအဖွဲ့ဝင်များ၏ ထိပ်သီးအစည်းဝေးကို စင်ကာပူနိုင်ငံတွင် ကျင်းပမည်ဖြစ်သော်လည်း နိုင်ငံတော်သမ္မတ၏ ခရီးစဉ်အချိန်ကို လက်ရှိတွင် မပြောနိုင်သေးကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနထံမှ သိရသည်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူမည့် စင်ကာပူနိုင်ငံတွင်ကျင်းပသော အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို ဧပြီလ ၂၅ ရက် မှ ၂၈ ရက်နေ့ထိ ကျင်းပမည်ဖြစ်သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဗီယက်နမ်နိုင်ငံသို နှစ်ရက်ကြာ ချစ်ကြည်ရေးခရီးစဉ်ကို ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက သွားရောက်ထားပြီး အာဆီယံနှင့်ဩစတြေးလျခရီးကို ထိပ်သီးအစည်းအဝေးတွင် ရခိုင်ပြည်နယ်ရှိ မွတ်စလင်ဘာသာဝင်များနှင့်ပတ်သက်၍ ကိုင်တွယ်ဖြေရှင်းရာတွင် ဝေဖန်ပြောဆိုခံရမှုများ ရှိခဲ့သည်။

J-14


  • VIA