News

POST TYPE

POLITICAL

တိုင်းရင်းသား လူငယ်များ ညီလာခံ ရလဒ်များ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များထံ ပေးပို့မည်
22-Jul-2016

ရန်ကုန်၊ ဇူလိုင် ၂၁

မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များ ညီလာခံမှ ထွက်ပေါ်လာသော ရလဒ်များကို ပြည်ထောင်စု အစိုးရအဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင်များထံ ပေးပို့သွားမည် ဖြစ်ကြောင်း တိုင်းရင်းသား ညီလာခံ ကျင်းပရေး ကော်မတီအဖွဲ့ဝင် စိုင်းအောင်မြင့်ဦးက ပြောသည်။

ညီလာခံကို ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့၌ ဇူလိုင်လ ၂၇ ရက်နေ့မှ စတင်ပြီး ဇူလိုင်လ ၃၁ ရက်နေ့အထိ ၅ ရက်တိုင် ကျင်းပမည်ဖြစ်ပြီး တိုင်းရင်းသားလူငယ် ၆ဝဝ ခန့် တက်ရောက်သွားမည် ဟု ၎င်းက ဆိုသည်။
“တိုင်းရင်းသား အသီးသီးကို ကိုယ်စားပြုနိုင်တဲ့ လူငယ် ၆ဝဝ လောက် တက်ရောက်ကြမယ်။ ညီလာခံကနေ ထွက်ပေါ်လာတဲ့ ရလဒ်အလိုက် ပြည်ထောင်စုအစိုးရအဖွဲ့နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေထံ ပေးပို့တင်ပြသွားမယ်” ဟု စိုင်းအောင်မြင့်ဦးက ဆိုသည်။

ယင်းညီလာခံ၌ ဒေသအလိုက် ဖြစ်ပေါ်လျက်ရှိသော လက်နက်ကိုင် ပဋိပက္ခ၊ တိုက်ပွဲများကြောင့် ဖြစ်ပေါ်လာသော လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ဘိန်းစိုက်ပျိုး ရောင်းဝယ်ထုတ်လုပ်မှုများကို ဆွေးနွေးသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“တိုင်းရင်းသား ဒေသတွေက လက်နက်ကိုင် ပဋိပက္ခတွေ ဘိန်းစိုက်ပျိုး ထုတ်လုပ်သုံးစွဲမှုတွေကို ဒေသအလိုက် ဆွေးနွေးမယ်။ သက်ဆိုင်တဲ့ ကဏ္ဍအလိုက် ရလဒ်တွေကို အသီးသီး ထုတ်ပြန်တင်ပြမယ်” ဟု ၎င်းက ဆက်လက်ရှင်းပြ ပြောဆိုသည်။

အလားတူ ရှမ်းပြည်နယ်အတွင်း တိုင်းရင်းသား လက်နက်ကိုင်များနှင့် တပ်မတော်တို့ ပဋိပက္ခများ ဖြစ်ပွားခြင်းကြောင့် ဒေသခံပြည်သူများ ဖမ်းဆီးခံရခြင်း၊ သေဆုံးခြင်းများ ဖြစ်ပေါ်လျက်ရှိပြီး ပြည်ထောင်စုအစိုးရက ဒေသတွင်း ရေအားလျှပ်စစ် စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ ကျောက်မီးသွေး တူးဖော်ခြင်းများကြောင့် ဒေသခံပြည်သူများ အိုးအိမ်ရွှေ့ပြောင်းခဲ့ရကြောင်း ၎င်းက ဆိုသည်။