News

POST TYPE

POLITICAL

သြင်္ကန်အကြတ်နေ့က လားရှိုးမြို့ရှောင်လမ်းတွင် ယာဉ်မတော်တဆမှုကြောင့် နှစ်ဦးသေဆုံး
16-Apr-2018
လားရှိုး၊ ဧပြီ ၁၆

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ရှိ မြို့ရှောင်လမ်းတွင် ဧပြီလ ၁၅ ရက် (သြင်္ကန်အကြတ်နေ့) က ယာဉ်မတော်တဆမှုများကြောင့် လူနှစ်ဦးသေဆုံးခဲ့ရကြောင်း ယင်းမြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ သိရသည်။

ယင်းနေ့ မွန်းလွဲပိုင်း ၃ နာရီခွဲအချိန်က မြို့ရှောင်လမ်း မိုင်တိုင် ၃/၆ နှင့် ၃/၇ အကြားတွင် ဆိုင်ကယ်တစ်စီးကို ယာဉ်တစ်စီးကတိုက်မိခဲ့ရာ ဆိုင်ကယ်ပေါ်တွင်ပါလာသည့် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး ဆိုင်ကယ်မောင်းနှင်သူမှာ ဒဏ်ရာပြင်းထန်သောကြောင့် လားရှိုးဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း၊ ယာဉ်တိုက်မှု ကျူးလွန်သူမှာ ထွက်ပြေးတိမ်းရှောင်သွားကြောင်း၊ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဒဏ်ရာရရှိသူနှင့်သေဆုံးသူတို့၏အမည်ကို သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ပြီး ယာဉ်တိုက်မှုကျူးလွန်သူကို လားရှိုးမြို့မရဲစခန်းက (ပ) ၁၅/၂၀၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၃၇/၃၃၈/၄၀၄-က တို့ဖြင့် အမှုဖွင့်ထားကြောင်း အမှတ် ၁၁၉ ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ဒုရဲအုပ်သီဟထွန်းက ပြောကြားသည်။

အလားတူပင် ယင်းနေ့မွန်းလွဲ ၄ နာရီအချိန်က လားရှိုးမြို့ရှောင်လမ်း မိုင်တိုင်အမှတ် ၁၅/ဝနှင့် ၁၅/၁ အကြား တွင် Hijet ယာဉ်တစ်စီး လမ်းချော်ကာ ပေ ၁၀၀ ခန့်အနက်ရှိသော လမ်းဘေးချောက်အတွင်း ပြုတ်ကျခဲ့၍ မိုင်းရှူးမြို့နယ်မှ အိုက်ပွန်းဆိုသူ အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း ၎င်းကရှင်းပြသည်။

အဆိုပါ Hijet ယာဉ်ကို လာရှိုးမြို့တွင်နေထိုင်သော အသက် ၄၂ နှစ်အရွယ်ရှိ ဦးဖုန်းမြင့်ဆိုသူ မောင်းနှင်လာခြင်း ဖြစ်ပြီး ယာဉ်ပေါ်ပါသူများအနက် အသက် ၃ဝ အရွယ်ရှိ အိုက်မောင်၊ အသက် ၄ဝ အရွယ်ရှိ နန်းစိန်ဥနှင့် အသက် ၁၁ နှစ်အရွယ်ရှိ နန်းဆိုင်သိန်းတို့ ဒဏ်ရာရရှိခဲ့ကြောင်း၊ လက်ရှိတွင် ယာဉ်မောင်း ဦးဖုန်းမြင့်ကို လားရှိုးမြို့မရဲစခန်းက (ပ) ၁၃/၂၀၁၈ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၃၇/၃၃၈/၃၀၄-ကတို့ဖြင့် အမှုဖွင့်ထားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

R-07