News

POST TYPE

POLITICAL

UEHRD ညှိနှိုင်းရေးမှူးချုပ် ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်နှင့်တွေ့ဆုံမေးမြန်းခြင်း
06-Apr-2018
ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ကော်မတီက ရခိုင်ပြည်နယ်အတွင်း ပြန်လည် ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းစဉ်များ ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ ပြန်လည်ထူထောင်ရေး၊ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့်စပ်လျဉ်းပြီး လက်ရှိအခြေအနေအထိ ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်နေမှုများ၊ မောင်တောဒေသ၏ နယ်မြေအခြေအနေ၊ တစ်ဖက်နိုင်ငံသို့ ထွက်ခွာသွားသူများအား ပြန်လည်လက်ခံရေး ဆောင်ရွက်ထားရှိမှု စသည်တို့နှင့်ပတ်သက်၍ သိရှိနိုင်ရန် UEHRD ညှိနှိုင်းရေးမှူးချုပ် ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်အား တွေ့ဆုံမေးမြန်းထားပါသည်။

မေး : UEHRD က ရခိုင်ပြည်နယ် မောင်တောဒေသမှာ ပြန်လည်ထူထောင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေကို သိပါရစေ။
ဖြေ : ကျွန်တော်တို့အနေနဲ့ လုပ်ငန်းစနေတာ ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၁၇ ရက်ကတည်းက ဖြစ်ပါတယ်။ အခြေခံအလုပ်တာဝန် သုံးရပ်ရှိပါတယ်။ တစ်ခုက လူသားချင်းစာနာမှု၊ နောက်တစ်ခုက ပြန်လည် နေရာချထားရေး၊ နောက်ဆုံးကတော့ ဖွံ့ဖြိုးမှုဖြစ်ပါတယ်။ ဒါကြောင့်လည်း HRD လို့ ခေါ်တာပါ။ ပထမဆုံးအနေနဲ့ သိဖို့လိုတာတော့ HRD လုပ်ငန်းတာဝန် သုံးရပ်ကို လုပ်ပေမယ့် လုပ်တဲ့ပုံစံက ကျွန်တော်တို့နိုင်ငံမှာ တစ်ခါမှ မလုပ်ဖူးသေးတဲ့ ပုံစံမျိုး၊ ပြောရရင် ပုဂ္ဂလိကကဏ္ဍ ပါဝင် ဆောင်ရွက်နေတယ်။ ပြည်ထောင်စုအဆင့် ဆိုတာထက်ကို ညီညွတ်မှု ပူးပေါင်းဆောင်ရွက်မှု။ အဓိပ္ပာယ်ကတော့ နိုင်ငံတော်အစိုးရနဲ့ ပုဂ္ဂလိကကဏ္ဍပေါင်းပြီး ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ အခြေအနေ တစ်ရပ်ကို တုံ့ပြန်တဲ့အနေနဲ့ လူသားချင်း စာနာမှုတွေ၊ ပြန်လည်နေရာချထားရေးတွေ၊ ဖွံ့ဖြိုးရေးကိစ္စတွေ ဆောင်ရွက်နေတာပါ။

အဲဒီတော့ တုံ့ပြန်ရေး ကိစ္စတွေအပေါ်မှာ ထူးခြားတာက အရင်တုန်းက ဒီလိုအရေးအခင်းတွေဖြစ်နေရင် များသောအားဖြင့် တုံ့ပြန်မှုဟာ နိုင်ငံတော်အစိုးရရဲ့ တုံ့ပြန်မှုပဲ။ အစိုးရကဦးစီးပြီးလုပ်တယ်။ ဒီတစ်ခေါက်ကတော့ သိသာထင်ရှားအောင်ဆိုပြီး အမျိုးသား တုံ့ပြန်မှု၊ အမျိုးသားတုံ့ပြန်မှုလို့ပြောရင် နိုင်ငံတော် အစိုးရက ဦးစီးတယ်ဆိုပေမယ့် ပုဂ္ဂလိကကဏ္ဍ၊ အရပ်ဘက် လူ့အဖွဲ့အစည်း၊ မီဒီယာ၊ လူငယ်တွေ အားလုံး ပါဝင်ပါတယ်။ ကျွန်တော်တို့ ဒီသုံးရပ်ကို လုပ်တဲ့အခါ ကနဦးကတည်းက ရင်ဆိုင်ရတဲ့ ဝိရောဓိကတော့ အဲဒီမှာဖြစ်တဲ့ ပြဿနာဟာ အရေးပေါ်လုပ်ရတာတွေက အများကြီး။ တစ်ဖက်မှာလည်း အရေးပေါ်တာဝန်ကို ယူနေရတဲ့အချိန်မှာ အရေးကြီးတဲ့ အလုပ်ကိုလည်း အာရုံမပျက်ဖို့လိုတယ်။ ကျွန်တော်တို့မှာလည်း အမြဲတမ်း ဒီနှစ်ခု စနေရတာ၊ အရေးပေါ်တဲ့ အလုပ်ကိုလုပ်ရမယ်၊ အရေးကြီးတဲ့ အလုပ်ကိုလည်း လုပ်ရမယ်။

အရေးပေါ်လို့ပြောရင် တစ်ဖက်နိုင်ငံကို ရောက်သွားတဲ့သူတွေ ပြန်လာတဲ့အခါမှာ အဆင်သင့်ဖြစ်အောင် ကျွန်တော်တို့က နိုင်ငံတော် အစိုးရအနေနဲ့ နှစ်နိုင်ငံ သဘောတူစာချုပ်ပါ ရှိထားပြီးတော့ ကျွန်တော်တို့ ထွက်ထွက်ချင်း စိန်ခေါ်မှုက ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၃ ရက်မှာ သူတို့ပြန်လာလို့ ရတယ်ဆိုတာကို သဘောတူထားတော့ လုပ်တဲ့အခါမှာလည်း အရင်တုန်းက လုပ်ခဲ့တာတွေကို သင်ခန်းစာယူပြီး ငါးခူရ လက်ခံရေးစခန်းနဲ့ တောင်ပြိုလက်ခံရေးစခန်းတို့ကို ကျွန်တော်တို့ အဆင်သင့်ဖြစ်အောင် လုပ်ထားတယ်။

တစ်ဖက်က လက်ခံရေးစခန်းတွေ လုပ်ထားပြီးတဲ့အခါမှာ တစ်ဆက်တည်းမှာပဲ သူတို့ကို ပြန်လည်နေရာ ချထားဖို့ဆိုပြီး လုပ်ရပြန်ရော။ နောက်ဆုံးမှာတော့ သူတို့ကို နဂိုရှိတဲ့နေရာနဲ့ အနီးစပ်ဆုံးနေရာကို ပို့ဖို့ ကျွန်တော်တို့က အားလုံး စိုင်းပြင်းနေရတာ။ ခုနပြောတဲ့ လက်ခံရေးစခန်း နှစ်ခုကို အဆင်သင့် ဖြစ်အောင် လုပ်ဖို့ရယ်၊ ကြိုဆိုရေးစခန်းဖြစ်အောင် လုပ်ဖို့ကို ကျွန်တော်တို့ နားလည်တာက ရခိုင်ပြည်နယ်ကို ပြန်လည်ပြီး နဂိုထက်ပိုကောင်းတဲ့ အခြေအနေဖြစ်အောင် အကောင်အထည်ဖော်မယ်၊ အရေးကြီးတဲ့ ကိစ္စကတော့ ဖွံ့ဖြိုးမှုပဲ။

ရခိုင်ပြည်နယ်ဟာ တကယ်တမ်းတော့ အလားအလာ သိပ်ကောင်းတဲ့နေရာ၊ ရခိုင်ပြည်နယ်နဲ့ ပတ်သက် လာရင် အပြင်ကလူတွေ မြင်နေတာက ရခိုင်ပြည်နယ်လို့ပြောလိုက်ရင် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်လောက်ပဲမြင်တာ၊ တကယ်က ရခိုင်ပြည်နယ်ဟာ ၁၇ မြို့နယ်ရှိတယ်။ ရခိုင်ပြည်နယ် တောင်ပိုင်း၊ အလယ်ပိုင်းဆိုပြီး ရှိတယ်။ ရခိုင်ပြည်နယ်ဆို ငပလီကို ချက်ချင်းပြေးမမြင်ဘူး။ ရခိုင်ပြည်နယ် လို့ ပြောရင် မြို့ဟောင်းတို့၊ မြောက်ဦးတို့ ပြေးမမြင်ဘူး။ ရခိုင်ပြည်နယ်လို့ပြောရင် ကျောက်ဖြူ စီးပွားရေးဇုန်ကို ပြေးမမြင်ဘူး။ အဲဒီတော့ ကျွန်တော်ပြောချင်တာက ရခိုင်ပြည်နယ်ကို ကြည့်တဲ့အခါမှာ သုံးသပ်တဲ့အခါမှာ ကွက်ပြီး မသုံးသပ်ပါနဲ့။ ကျွန်တော်တို့ တာဝန်ကတော့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ တာဝန်ပေးချက်အရ လုပ်ငန်းသုံးခုကို စံချိန်မီမီလုပ်ရမယ်၊ ပြန်လည်နေရာချထားရေးက အရေးကြီးတယ်။ နောက်တစ်ခါလူသားချင်းစာနာမှု အရေးကြီးတယ်။

ဒီနေရာမှာ ကျွန်တော်တို့အနေနဲ့က ကိုယ့်နိုင်ငံက ထွက်သွားတဲ့သူတွေ ပြန်လာဖို့ သက်ဆိုင်ရာ ဝန်ကြီး ဌာနတွေက စိစစ်တဲ့ အလုပ်တွေလုပ်တယ်။ တကယ်ပဲ ကိုယ့်နိုင်ငံမှာ နေခဲ့တဲ့သူဖြစ်ရင် ကျွန်တော်တို့က နိုင်ငံတကာ စံနှုန်းအတိုင်း လက်ခံပေးဖို့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက ဆောင်ရွက်နေတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေ၊ ပုဂ္ဂလိက အဖွဲ့အစည်းတွေနဲ့ပေါင်းပြီး အဆောက်အအုံတွေ ဆောက်တယ်၊ လမ်းတွေဖောက်တယ်၊ ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးတယ်။ ဆရာဝန်ကြီးတွေ သာမကဘူး၊ ဆေးကောင်စီတို့၊ မြန်မာနိုင်ငံ ဆရာဝန်အသင်း အဖွဲ့ဝင်တွေအပြင် လုပ်ငန်းရှင်တွေကလည်း ကျန်းမာရေးလုပ်ငန်းတွေမှာ ကူညီစောင့်ရှောက်မှု ပေးတယ်။ ထဲထဲဝင်ဝင် လုပ်နေတဲ့ လုပ်ငန်းရှင်တွေ ပါတယ်၊ အဲဒါကအားရစရာပါ။

တစ်ဖက်ကလည်း မောင်တောမှာ အခုဆိုရင် အထူးစီးပွားရေးဇုန်တစ်ခုဖော်နေတယ်။ ဖော်နေတာလည်း မောင်တောမြို့နယ်ရဲ့ ကုန်သည်ကြီးများအသင်း ဦးစီးပြီး ကျွန်တော်တို့ မြန်မာနိုင်ငံ ကုန်သည်ကြီးများအသင်း အကူအညီနဲ့ မောင်တောမှာ အခုဆိုရင် ဆိပ်ကမ်းက အဆင်သင့်ဖြစ်နေပြီ။ ပစ္စည်းတွေ အားလုံးက အဲဒီကနေတစ်ဆင့် ချက်ချင်းပို့လို့ရပြီ။

နောက်တစ်ခု စိုက်ပျိုးရေးကိစ္စ၊ ၂၀၁၇ ခုနှစ် ဩဂုတ် ၂၅ ရက် ဖြစ်စဉ်ပြီးတဲ့အခါမှာ ရခိုင်ပြည်နယ်မှာ ဘာသတိထားမိသလဲဆိုရင် စပါးတွေက မှည့်နေတယ်၊ မှည့်တဲ့စပါးတွေကို ရိတ်မယ့်သူက မရှိတော့ဘူး၊ ပိုင်ရှင်တွေလည်း မရှိတော့တဲ့အခါကျတော့ ကျွန်တော်တို့အဖွဲ့ UEHRD အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ စိုက်ပျိုးရေး အဖွဲ့က လိုအပ်တဲ့ အထောက်အကူပစ္စည်းတွေနဲ့ ရိတ်သိမ်းတယ်။ ရိတ်သိမ်းတဲ့အခါမှာလည်း အများစွပ်စွဲသလို သိမ်းတာ မဟုတ်ဘဲနဲ့ ရိတ်သိမ်းတဲ့ပမာဏကို စာရင်းဇယားလုပ်တယ်။ အချို့ဟာလည်း ရောင်းရတယ်။ ရောင်းတာကို စာရင်းဇယားမှတ်တမ်းတွေ ရှိတယ်။ ဝင်ငွေဘယ်လောက်ရတာ ရှိတယ်။ အဲဒီလိုလုပ်တဲ့အခါမှာ အကယ်၍ ပိုင်ရှင်တွေက သက်သေ အထောက်အထားပြနိုင်ရင် သူတို့စပါးတွေ ပြန်ပေးတာတို့၊ ရတဲ့ဝင်ငွေ ပြန်ပေးတာတို့ လုပ်ပေးဖို့ အစီအစဉ်တွေရှိတယ်။

နိုင်ငံတော်ရဲ့ တာဝန်ပေးချက်အရလည်း ပြန်လာချင်တဲ့သူတွေ ပြန်လာနိုင်အောင် ကျွန်တော်တို့က ဖန်တီးပေးတယ်။ ရခိုင်ပြည်နယ်မှာ မြို့နယ်သုံးခုမှာ အေးအေးဆေးဆေး နေထိုင်တဲ့သူတွေရှိတော့ အဲဒီနေထိုင်တဲ့သူတွေ ဆက်ပြီးနေထိုင်အောင် ကျွန်တော်တို့က အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီး ရမယ်၊ စီးပွားရေးရှုထောင့်က ကြည့်ရင် ရခိုင်ပြည်နယ်ရဲ့ ပြဿနာတွေ အများကြီးထဲမှာ အခြေခံတစ်ခုက စီးပွားရေး မဖွံ့ဖြိုးတာ၊ အလုပ်အကိုင်ပေးနိုင်မှုတွေ အားနည်းတာ၊ အလုပ်မရှိတော့ တခြားပြဿနာတွေ ပေါ်လာတယ်။ ဝင်ငွေနည်းတော့ ပဋိပက္ခတွေအတွက်ကို အားပေးတာမျိုးတွေ ဖြစ်တယ်။

အဲဒီလိုမျိုးတွေကြောင့် လုပ်ငန်းရှင်တွေနဲ့တိုင်ပင်ပြီး သူတို့ဆီမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးနိုင်ရင်၊ ဝင်ငွေတိုးအောင် လုပ်ပေးနိုင်ရင်၊ စက်မှုဇုန်တွေ ဖော်ပေးနိုင်ရင် အခြေအနေတစ်ခုကိုများ ပြောင်းမလားဆိုပြီး ကျွန်တော်တို့က လုပ်ပေးရမယ်။

နောက်တစ်ခု သတိထားဖို့က UEHRD နဲ့ အလုပ်လုပ်တဲ့အခါမှာ ပြည်တွင်းရဲ့ အမြင်ကအရေးကြီးသလို နိုင်ငံတကာ အမြင်ကလည်း အရေးကြီးတယ်။ ကျွန်တော်တို့က နိုင်ငံတကာ အမြင်တွေ အားလုံးကို လျစ်လျူရှုပြီး ပြည်တွင်းအမြင်တွေကိုပဲ အာရုံစိုက်ပါဆိုတာ မဖြစ်နိုင်သလို တစ်ဖက်ကလည်း ပြည်တွင်းအမြင်တွေကို မကြည့်နဲ့၊ နိုင်ငံတကာ အခြေအနေကိုပဲ ကြည့်ပါဆိုလည်း မဖြစ်နိုင်သေးဘူး။ ကိုယ့်နိုင်ငံ အချုပ်အခြာအာဏာကလည်း ရှိနေသေးတာကိုး။ အဲဒီအခါမှာ ဦးနှောက်က တော်တော် စားရတယ်။ အဲဒီလို အခြေအနေကျရင် မကျေနပ်တာတွေရှိနိုင်တယ်၊ အားမရတာတွေ ရှိနိုင်တယ်။ အားမရတာက နိုင်ငံတကာကလည်း အားမရဘူး၊ ပြည်တွင်းကလည်း ကျွန်တော် တို့ကို အားမရဘူး။ အဲဒီတော့ ကျွန်တော်တို့ ကြားထဲမှာ သတိထားရတာပေါ့။ ပြန်လည်လက်ခံရေးနဲ့ပတ်သက်လို့ မေးခွန်း ထုတ်တာတွေလည်း ရှိနေတယ်။ ပြန်လက်မခံပြန်ရင်လည်း မေးခွန်းထုတ်တာတွေရှိတာပေါ့။ နိုင်ငံတော် အစိုးရအနေနဲ့ ပြည်တွင်းရဲ့ အမြင်အယူအဆတွေကို သတိထားဖို့လိုသလို ပြည်ပရဲ့ ဖိအားတွေလည်း ရှိနေတာကိုး။ ကိုယ့်နိုင်ငံက ဖိအားကို မခံနိုင်အောင်အလုပ်နဲ့ သက်သေပြရမယ်။

ကျွန်တော်တို့မှာ ပြည်တွင်းမီဒီယာ အနေအထားအနေနဲ့ နိုင်ငံတကာ မီဒီယာကို မလွှမ်းနိုင်ဘူး။ နိုင်ငံတကာမီဒီယာမှာ ဖော်ပြတဲ့သတင်းတွေက ပုံစံတွေ တစ်မျိုးဖြစ်နေတယ်။ အဲဒီပုံစံတွေကြောင့် ကိုယ့်နိုင်ငံပေါ်မှာ အမြင်တွေ မကြည်လင်တာတွေ၊ အမြင်စောင်းနေတာတွေ ဖြစ်တယ်။ အဲဒီတော့ အခု ကျွန်တော်တို့က အလုပ်နဲ့ပဲ ပြမယ်ဆိုတဲ့အပြင် မဟာဗျူဟာတစ်ခုအနေနဲ့ အပြင်မှာ ထွက်ပြီးတော့ ပြောကြည့်မယ်၊ ကိုယ့်နိုင်ငံရဲ့ အနေအထားက ဒီလိုရှိတယ်၊ အဲဒါတော့ ပကတိအခြေအနေပဲ။ ရိုးရိုးရှင်းရှင်းပဲ။ ဖြစ်လာတဲ့ အကြောင်းအရင်းက ဘယ်လိုပါ၊ သူတို့စွပ်စွဲသလို အစွန်းရောက်တဲ့ပုံစံမျိုး မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီလိုပြောလို့မရဘူး၊ လုပ်ငန်းနဲ့ပြမှရမယ်။ နှစ်ပိုင်းပေါ့။ အလုပ်နဲ့ ကိုယ်တတ်နိုင်သမျှ ပြရမယ်။

ဒီနေရာမှာ ထူးခြားတဲ့ကိစ္စက အခု UEHRD လုပ်ငန်းတွေလုပ်တဲ့အခါ ဝန်ကြီးဌာနတွေ အကူအညီ အရေးကြီးသလို ပုဂ္ဂလိကကဏ္ဍရဲ့ လှုပ်ရှားမှုက အရေးကြီးတယ်။ သူတို့တွေက နိုင်ငံ့အရေးကို တကယ့်ကို ဦးထိပ်ထားတဲ့အတွက် “ကျွန်တော်တို့ ဘာလုပ်မလဲ၊ ကျွန်တော်တို့ နောက်ကနေပါပြီး လုပ်ပေးမယ်”ဆိုပြီး ပါလာတယ်။ တချို့တွေ ထင်တာကတော့ လုပ်ငန်းရှင်ကြီးတွေက ဒီအခွင့်အရေးတွေကို ယူမယ်၊ ဒီနေရာက အခွင့်အရေးတွေယူမယ် အဲဒီလိုထင်နေတာ။ ကျွန်တော်တို့က အစကတည်းက ပြောထားတာ။ ဒီအခွင့်အရေးတွေယူမယ်ဆို အစကတည်းက ထွက်လို့ ပြောထားတယ်။

ဒီလိုအခွင့်အရေးပေးနိုင်တဲ့ အနေအထားမရှိဘူး။ အကူအညီပဲ တောင်းတာ။ သူတို့ဘာလုပ်လဲဆိုရင် အခုဆို ဆောက်လုပ်ရေးလုပ်တဲ့အခါမှာ ရန်ကုန်က ကုမ္ပဏီကြီးတွေ၊ မန္တလေးက ကုမ္ပဏီကြီးတွေ တစ်ခုမှမပါဘူး။ အဲဒီကုမ္ပဏီတွေက ဘာလုပ်ပေးလဲဆိုရင် အရည်အသွေးတွေ ထိန်းပေးတယ်။ ဆောက်တဲ့ အဆောက်အအုံတွေဟာ စံချိန်စံညွှန်းနဲ့ ညီ၊ မညီ စစ်တယ်။ လုပ်ပေးတာဘယ်သူတွေက လုပ်ပေးသလဲ ဆိုရင် ရခိုင်တိုင်းရင်းသား လုပ်ငန်းရှင်တွေ၊ စစ်တွေက လူတွေ၊ မောင်တောက လူတွေဖြစ်ပါတယ်။ အဲဒါဆိုတော့ သိပ်အားရတယ်၊ ပုဂ္ဂလိကတွေရဲ့ အင်အားပေါ့။

နိုင်ငံမှာ နိုင်ငံတော်အစိုးရက အရေးကြီးသလို ပုဂ္ဂလိကကလည်း အရေးကြီးတယ်။ အရပ်ဘက် အဖွဲ့အစည်းကလည်း အရေးကြီးတယ်။ ကျွန်တော်တို့က သက်သေပြချင်တယ်။ တစ်ခုရှိတာက ယုံကြည်မှု တည်ဆောက်ရမှာပေါ့။ ဒီနေရာမှာတစ်ဖက်က တိုင်းရင်းသားတွေရဲ့အမြင်ကို ပြန်ကြည့်ရပြန်ရော။ ရခိုင်တိုင်းရင်းသားတွေရဲ့အမြင်၊ သူတို့ရဲ့စိုးရိမ်စိတ်တွေ တစ်ခါတစ်လေ ကျွန်တော်တို့ သာမန်အားဖြင့် မေ့နေလေ့ရှိတာတစ်ခုက ရခိုင်ပြည်နယ်သည် နယ်စပ်ဖြစ်တယ်။ နိုင်ငံတကာမှာ နယ်စပ်ဆိုရင် များသောအားဖြင့် အချုပ်အခြာအာဏာကို ထိပါးဖို့ တော်တော်လေး သတိထားရတာ။ လုံခြုံရေး ရှေ့တန်းတင်ရတဲ့နေရာ။ ဒါလည်း နားလည်ဖို့လိုတယ်။

နောက်တစ်ခု စီးပွားရေးမျက်စိနဲ့ကြည့်ရင် ရခိုင်ပြည်နယ် အလားအလာက အခုဆို ရခိုင်ကမ်းလွန်မှာ ဓာတ်ငွေ့တွေထွက်နေပြီ။ ရခိုင်ပြည်နယ်မှာ ပင်လယ်လုပ်ငန်းနဲ့ပတ်သက်လို့ ငါးဖမ်းကိစ္စတွေ အများကြီး အခုထက်ပိုပြီး ထူးပြီးလုပ်နိုင်တယ်။ အခုလက်ရှိ UEHRD က ကြိုးစားနေတဲ့ ရခိုင်ပြည်နယ် မြောက်ဦးမှာ လေယာဉ်ကွင်းဆောက်နိုင်ရင် ကမ္ဘာလှည့်ခရီးသည်တွေ လွယ်လွယ်ကူကူသွားနိုင်မယ်။ အခုဆိုရင် စစ်တွေကနေ မြောက်ဦးသွားဖို့ တော်တော်ပင်ပန်းတယ်လေ။ ငပလီလိုဟာမျိုးမှာ တကယ့်ကို အရှေ့တောင်အာရှမှာ အင်မတန်ရှားတဲ့ ကမ်းခြေတစ်ခုမှာ လေယာဉ်က အသေးလေးတွေပဲ ဆင်းလို့ ရတယ်။ အကယ်၍များ အဲဒါကိုချဲ့နိုင်ရင် ကမ္ဘာလှည့်ခရီးသည်တွေ အများကြီးရမှာ။ ဒါတွေအားလုံးဟာ ဘာအတွက်လဲလို့ စဉ်းစားရင် အလုပ်အကိုင်အခွင့်အရေးအတွက် ဖြစ်ပါတယ်။ သူဌေးတွေ ချမ်းသာဖို့ ထက် သူဌေးတွေ၊ လုပ်ငန်းရှင်တွေရဲ့ လုပ်ငန်းဖော်တဲ့အပေါ်မှာ မူတည်ပြီး အလုပ်အကိုင် အခွင့်အလမ်း တွေ ရလာမယ်။ ဒါကို ကျွန်တော်တို့ ကြိုးစားနေတယ်။

တစ်ဖက်က နိုင်ငံတကာ အကူအညီတွေ ဝင်လာအောင် အခုနိုင်ငံတော်အစိုးရကလည်း UN အဖွဲ့အစည်း တွေ၊ NGO အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ညှိနှိုင်းတိုင်ပင်နေတယ်။ ဘယ်ပုံဘယ်နည်း ကူညီမလဲ။ သူတို့ကူညီတာတွေကို နိုင်ငံတော်အစိုးရက အစွမ်းကုန် စိစစ်တယ်။ တစ်ဖက်ကလည်း နိုင်ငံတကာ စီးပွားရေးလုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ဖို့ ကြိုးစားနေတယ်။ Business to Business ပေါ့။ စီးပွားရေး လုပ်ငန်းရှင် အချင်းချင်း ကိုယ့်ဆီက စီးပွားရေးလုပ်ငန်းရှင်များနဲ့ နိုင်ငံတကာ စီးပွားရေး လုပ်ငန်းရှင် အချင်းချင်း၊ အစိုးရအချင်းချင်း ချိတ်ထားတာလည်း တစ်ပိုင်းပေါ့။ နိုင်ငံတကာ စီးပွားရေး လုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ပြီးတော့ ရခိုင်ပြည်နယ်သည် ရင်းနှီးမြှုပ်နှံဖို့ကောင်းတဲ့၊ အခွင့်အရေး ကောင်းကောင်းရှိတဲ့ နေရာဖြစ်တယ်ဆိုတာကို ဖိတ်ခေါ်ရမယ်။ တစ်ခုတော့ရှိတယ်။ ကျွန်တော်တို့က လုံခြုံရေး ကောင်းကောင်း ပေးဖို့တော့ အာမခံရမှာပေါ့။

လတ်တလောမှာ သတင်းတွေမှာပါသလို ပြန်လာဖို့က အရေးကြီးတယ်။ ပြန်မလာရင် စိန်ခေါ်မှုက ပိုများလာတယ်။ တချို့တွေ ပြန်မလာဘဲ ထိုင်းနိုင်ငံကိုလှေနဲ့သွားတယ်။ ဒီနေ့မနက် သတင်းတွေမှာ ပါတယ်။ မလေးရှားကို သွားတာတို့၊ ဒီကနေရွှေ့သွားတဲ့သူတွေ ဖြစ်တယ်လို့ မီဒီယာတွေထဲမှာပါရင် ကျွန်တော်တို့ အနေနဲ့ ပိုပြီးသတိထားဖို့လိုတယ်။ ကျွန်တော်တို့အနေနဲ့ တတ်နိုင်သမျှ သူတို့ ပြန်လာနိုင်အောင်၊ ပြန်လာချင်အောင် အစကတည်းက အာမခံထားတာက သုံးခုရှိတယ်။

လုံခြုံမှုရှိအောင် လုံခြုံရေးတတ်နိုင်သမျှ လုပ်ပေးမယ်။ နောက်တစ်ခုက ပြန်လာတဲ့အခါမှာလည်း ဖိအားပေးတာမျိုး မဟုတ်ဘဲနဲ့ လွတ်လွတ်လပ်လပ် ကိုယ့်စိတ်၊ ကိုယ့်သဘောနဲ့ ပြန်လာဖို့လိုတယ်။ ပြန်လာပြီးတဲ့အခါမှာ ဘဝကို သိက္ခာရှိရှိ ရင်ဆိုင်နိုင်အောင် အလုပ်အကိုင် အခွင့်အလမ်းတွေပေးမယ်လို့ ဒီသုံးချက်ကို နိုင်ငံတော်အစိုးရကလည်း အာမခံထားတယ်။ UEHRD အနေနဲ့ကလည်း ကိုယ်တတ်နိုင်တဲ့ အပိုင်းကနေ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးတာတို့၊ ကျောင်းတွေ ဆောက်ပေးတာတို့၊ ဆေးရုံ၊ ဆေးခန်းတွေ ဆောက်ပေးတာတို့ လုပ်တယ်။

ရခိုင်ပြည်နယ်မှာ အများစုက ရခိုင်တိုင်းရင်းသားတွေ ဆိုပေမယ့် မြောက်ဘက်မှာက ရခိုင်တိုင်းရင်းသားက လူနည်းစုဖြစ်တယ်။ အများစုက ဘာသာခြားတွေဖြစ်တယ်။ အဲဒီတော့ ကျွန်တော်တို့အနေနဲ့ စဉ်းစားတဲ့အခါမှာ ရခိုင်တိုင်းရင်းသားတွေရဲ့ စိုးရိမ်စိတ်၊ ပူပန်စိတ်တွေကို ထည့်တွက်ဖို့လိုသလို လူ့အဖွဲ့အစည်း တစ်ရပ် တခြားအဖွဲ့အစည်းကိုလည်း ကျွန်တော်တို့ သတိထားရမှာပေါ့။ အဲဒါကလည်း နိုင်ငံတကာ အဖွဲ့အစည်းတွေက စိတ်ဝင်စားတယ်။ ကျွန်တော်တို့အနေနဲ့ အမြဲတမ်း ဒီနှစ်ခုကို သထိထား လုပ်ကိုင်နေရတဲ့ အနေအထားရှိပါတယ်။

မေး : မောင်တောဒေသ အကြမ်းဖက်မှုဖြစ်စဉ် ဖြစ်ပွားခဲ့တဲ့ နေရာတွေမှာ လက်ရှိအချိန်မှာ နယ်မြေ တည်ငြိမ်အေးချမ်းမှု အခြေအနေ ဘယ်လိုရှိပါသလဲ။ 
ဖြေ  : UEHRD ကလုပ်တဲ့ နေရာတွေမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ နယ်မြေရှင်းလင်းရေး ဆောင်ရွက်တာ မရှိပါဘူး။ ကျွန်တော်တို့တွေ့တာတော့ ပြန်လည် လက်ခံရေးစခန်း၊ ကြိုဆိုရေးစခန်းတွေမှာ ပြန်လက်ခံဖို့ အဆင်သင့်ဖြစ်နေပြီ။ ပြန်လည်လက်ခံရေးစခန်း၊ ကြိုဆိုရေးစခန်း၊ ပြန်လည်နေရာချထားတဲ့ နေရာတွေ၊ တိုင်းရင်းသားကျေးရွာ ဆောက်နေတဲ့နေရာတွေမှာ နယ်မြေရှင်းလင်းနေတာတွေ ဘာမှမရှိဘူး။ ဘာရှိသလဲဆိုတော့ သာမန်လုံခြုံရေးယူထားတဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေလောက်ပဲ ရှိတယ်။ နယ်မြေ တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်း ရှိနေတယ်လို့ ပြောလို့ရပါတယ်။

မေး : နေရပ်စွန့်ခွာသွားပြီး တစ်ဖက်နိုင်ငံကိုရောက်နေသူတွေကို လက်ရှိအချိန်မှာ ပြန်လည်လက်ခံရေးအတွက် အဆင်သင့်ဖြစ်နေမှုနဲ့ ပတ်သက်ပြီး ထပ်ရှင်းပြပေးစေလိုပါတယ်။ 
ဖြေ  : ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၃ ရက်ကတည်းက ကျွန်တော်တို့ဘက်က ပြန်လည် လက်ခံဖို့ အဆင်သင့်ဖြစ်နေပြီ။ သတင်းစာတွေထဲမှာလည်း ပါပါတယ်။ အစကတည်းက လက်မှတ်ထိုးပြီး နှစ်နိုင်ငံ ကတိကဝတ်ပြုပြီးကတည်းက လွယ်ကူအောင်၊ မြန်ဆန်အောင် ဖြည့်စွက်ရမယ့် ပုံစံတွေကို သူတို့ဆီ ပို့လိုက်တယ်။ ပြန်လာချင်တဲ့သူတွေ ပုံစံဖြည့်ပါ။ ပို့တဲ့အခါမှာလည်း ဖြည့်တဲ့ပုံစံကို အသေးစိတ် ညွှန်ကြားတယ်။ ပြန်လာဖို့ပုံစံတွေ ဖြည့်တဲ့အခါမှာလည်း လက်လွတ်စပယ် ဖြည့်လို့မရဘူး။ မိသားစု ဓာတ်ပုံပါရမယ်၊ လက်ဗွေပုံစံတွေ ပါရမယ်ဆိုတာ အမျိုးမျိုး ရှင်းပြတယ်။ တကယ်တမ်း ဖြည့်ထားတဲ့ ပုံစံစာရွက်တွေ ပြန်ရတဲ့အခါမှာ မပြည့်စုံဘူး။ ကျွန်တော်တို့ ပြောထားတာကို နားမလည်လို့လား၊ မဖြည့်တတ်လို့လားဆိုတာ မပြောတတ်ဘူး။

အဲဒါဆိုရင်တော့ ရှိတာလေးနဲ့ လုပ်ကြည့်ရအောင်၊ အဆင်ပြေအောင် ကိုယ်လိုက်လျောနိုင်တာ လိုက်လျောပြီး လုပ်ကြည့်ရအောင်ဆိုပြီး လုပ်တယ်။ ခုန မေးတဲ့မေးခွန်းက အဆင်သင့်ဖြစ်နေပြီလားဆိုရင် ကျွန်တော်တို့ဘက်က အဆင်သင့်ဖြစ်နေပါပြီ။ အဆောက်အအုံတွေလည်း အဆင်သင့်ဖြစ်တယ်၊ ဆေးရုံ ဆေးခန်းတွေလည်း အဆင်သင့်ဖြစ်တယ်။ အားလုံးက ဘာပြောသလဲဆိုရင် ဟိုတစ်နေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောသလို ကျွန်တော်တို့ဘက်ကတော့ အဆင်သင့်ပဲ။ သူတို့ပြန်လာခြင်း၊ မလာခြင်းကတော့ ကိုယ်လည်း ပြန်လာချင်အောင် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးတိုင်ပင်ပြီးတော့ ဘာတွေလုပ်ပေးလို့ရမလဲ၊ ဘယ်လို ညှိနှိုင်းလို့ရမလဲဆိုတာ ဆွေးနွေးတာတွေ လုပ်နေပါတယ်။

မေး  : မောင်တောဒေသမှာရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေက စားဝတ်နေရေး အကျပ်အတည်းနဲ့ လုံခြုံရေး စိုးရိမ်မှုတွေကြောင့် နေရပ်စွန့်ခွာသွားနေရတယ်လို့ နိုင်ငံတကာမီဒီယာတွေမှာ ရေးသားဖော်ပြနေတာ တွေ့ရပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ပြောပြပေးစေလိုပါတယ်။
ဖြေ  : အားလုံးက စိတ်ကူးစိတ်သန်းပေါ့။ စိုးရိမ်စိတ်တွေရှိတယ်။ စိုးရိမ်စိတ်တွေရှိတော့ ဆက်ပြီးနေရင် မလုံခြုံဘူး။ တစ်ဖက်ကလည်း ပြောနေကြတယ်။ စားဝတ်နေရေး မပြည့်စုံဘူး။ ဒါကြောင့်မို့ဖြစ်တယ်လို့ ပြောနေကြတယ်။ ကျွန်တော့်ဘက်ကတော့ ပြောနိုင်တာ တစ်ခုပဲရှိတယ်။

ကြိုးစားရမှာ ကိုယ့်တာဝန်

ဘာလဲဆိုရင် လူသားချင်းစာနာမှု အထောက်အပံ့တွေပေးနေတယ်။ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့နဲ့ ရှိနေတဲ့ ကျန်ရစ်တဲ့လူတွေကို လိုအပ်တဲ့ ထောက်ပံ့မှုတွေပေးနေတယ်။ လုံခြုံရေးနဲ့ ပတ်သက်လို့လည်း လုံခြုံရေးတပ်ဖွဲ့တွေက အဲဒီနေရာတွေမှာ အခြေစိုက်ထားခြင်း၊ တပ်စွဲထားခြင်းမရှိဘူး။ ကိုယ့်ဘက် ကတော့ သေချာဆောင်ရွက်ပေးထားတယ်။ သူတို့ဘက်ကတော့ သူတို့စိတ်ထဲမှာ မလုံခြုံတာတို့၊ စားဝတ်နေရေး မပြေလည်လို့ ထွက်သွားရတယ်ဆိုတဲ့ သတင်းတွေကြားနေရတယ်။ ကျွန်တော်တို့ဘက်က တတ်နိုင်သမျှ သူတို့စိတ်ချရအောင် ကြိုးစားကြည့်တယ်။ ကြိုးစားရမှာ ကိုယ့်တာဝန်၊ ဒါကို ယုံတာ၊ မယုံတာက သူတို့ကိစ္စပေါ့လေ။

မေး  : UEHRD အနေနဲ့ မောင်တောဒေသ ဖွံ့ဖြိုးရေးဆောင်ရွက်ရာမှာ ရင်ဆိုင်ကြုံတွေ့ရတဲ့ အခက်အခဲရှိရင်လည်း သိချင်ပါတယ်။
ဖြေ  : အခက်အခဲလို့ မစဉ်းစားမိပါဘူး။ ကျွန်တော့်အနေနဲ့ အမြဲတမ်း ဆင်ခြင်နိုင်အောင် စိန်ခေါ်မှုလို့ စဉ်းစားရင် လူတွေက လုပ်ချင်ကိုင်ချင်စိတ် ပျောက်သွားမယ်။ စိန်ခေါ်မှုမဟုတ်ဘူး။ စိန်ခေါ်မှုက အခွင့်အရေးပဲ။ အခက်အခဲတွေတော့ ရှိတယ်။ ဥပမာဆိုပါတော့ ဆောက်လုပ်ရေးလုပ်ငန်းတွေ တကယ် ဆောက်တော့မယ်၊ လုပ်တော့မယ်ဆိုရင် လုပ်သားမရှိဘူး။ လုပ်သားမရှိတာ စိန်ခေါ်မှုပဲ။ ဒါက အခက်အခဲမဟုတ်ဘူး။ ရှိအောင် ဘယ်လိုလုပ်မလဲ ရန်ကုန်ကပဲဖြစ်ဖြစ်၊ စစ်တွေကပဲဖြစ်ဖြစ် ပြည်နယ်တွေမှာရှိတဲ့ ဝန်ထမ်းတွေ ခေါ်ရမှာပဲ။ ဒါမျိုးတွေတော့ရှိတယ်။ အလုပ်လုပ်တဲ့အခါမှာ အားလုံး ချောမွေ့တယ်ဆိုတာ မရှိနိုင်ဘူး။ အားလုံးပြီးပြည့်စုံတယ်ဆိုတာ မရှိနိုင်ဘူး။ တစ်ခုပဲ။ ကျွန်တော့် စိတ်ထဲမှာတော့ ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုတွေကို ကိုယ်က သင်ခန်းစာယူဖို့ လိုတယ်။ ကျော်လွှားရမှာ ကိုယ့်မှာတာဝန်ရှိတယ်။ စိန်ခေါ်မှုတွေ စဉ်းစားနေရင်းနဲ့ လက်ပိုက် ကြည့်နေလို့မရဘူး။

နားလည်အောင် လုပ်ပေးဖို့လို

ပိုပြီးလိုအပ်တာက မီဒီယာလိုတယ်။ ကိုယ်လုပ်တာတွေ လူတွေ နားလည်အောင် ပြောတတ်ဖို့ပိုပြီး အားထည့်ရမယ်။ ပြည်တွင်းကလည်း သိဖို့လိုတယ်။ နိုင်ငံတကာကလည်း သိဖို့လိုတယ်။ ကိုယ့်လူမျိုး တွေရဲ့ အကျင့်က ကိုယ်လုပ်နိုင်သမျှ လုပ်မှာပဲ။ သူများသိစရာ မလိုဘူးဆိုတဲ့စိတ်က ကျွန်တော်တို့မှာ ရှိနေတယ်။ ကိုယ့် လူမျိုးစရိုက်ပေါ့။ အခုတော့ပြောပြဖို့လိုတယ်။ ဘာတွေလုပ်နေသလဲ ဆိုတာ ရှင်းပြဖို့ လိုတယ်။ နားလည်အောင် လုပ်ပေးဖို့လိုတယ်။

ရခိုင်တိုင်းရင်းသားတွေရဲ့ စိုးရိမ်စိတ်ကိုလည်း ရှင်းပြဖို့လိုတယ်။ ရှင်းပြဖို့အား ပိုထည့်ရမှာပေါ့။ လူထု ဆက်သွယ်ရေး နည်းလမ်းက ဆက်သွယ်ရေးနဲ့ ဆက်ဆံရေးက နေရာတိုင်းလိုတယ်။ UEHRD မှာ ဒါကြောင့်လည်း နှစ်ဖွဲ့တောင် ထည့်ထားတယ်။ တစ်ဖွဲ့က ပြည်တွင်း ဆက်သွယ်ဆက်ဆံရေး၊ နောက်တစ်ဖွဲ့က နိုင်ငံတကာဆက်သွယ် ဆက်ဆံရေးဖြစ်တယ်။

မီဒီယာကတစ်ဆင့် ဖော်ပြဖို့လို

ဘာကြောင့်လဲဆိုတော့ နိုင်ငံတကာမှာ ရေးနေတာတွေကိုလည်း တုံ့ပြန်မှရမယ်။ သူတို့ရေးချင်တာ ရေးနေတာ ကိုယ်နဲ့မသက်ဆိုင်ဘူးလို့ ပြောလို့မရဘူး။ ကျွန်တော်တို့အနေနဲ့က နိုးနိုးကြားကြားရှိဖို့လိုတယ်။ အခု ခေတ်မှာ ဆိုရှယ်မီဒီယာက အင်အားကြီးတဲ့အခါကျတော့ ကိုယ်လုပ်နေတာတွေကို ချပြဖို့ အရေးကြီးတယ်။ ဖေ့စ်ဘုတ်တွေကို အသုံးချပြီး အမုန်းတရား ပွားတာတို့၊ လူ့အဖွဲ့အစည်းထဲမှာရှိတဲ့ အချင်းချင်း အမုန်းပွားတာ၊ ခိုက်ရန်ဒေါသဖြစ်တာ၊ ပဋိပက္ခဖြစ်အောင် အားပေးတာမျိုးမဖြစ်အောင် ကိုယ်က ဆင်ခြင်ဖို့လိုတယ်။ ဆက်သွယ်ဆက်ဆံရေးက အရေးကြီးတယ်။ ဒါတွေကို မီဒီယာကတစ်ဆင့် ဖော်ပြဖို့လိုတယ်။

ရခိုင်ပြည်နယ်ကို နဂိုထက် ပိုကောင်းအောင်လုပ်ရမယ်။ နိုင်ငံ့ခေါင်းဆောင်ကလည်း ဒီလိုပဲပြောတယ်။ နဂိုပုံစံထက် ပိုကောင်းအောင်လုပ်ဖို့ ညွှန်ကြားထားတော့ ရအောင်တော့ လုပ်ရမှာပဲ။ ဖိအားတွေရှိတယ်။ ဖိအားရှိလည်းဘာဖြစ်သလဲ၊ သူ့ဟာသူ ဖိအားပဲ။ စိန်ခေါ်မှုတွေရှိလည်း ကျော်လွှားရမှာပဲ။ စိန်ခေါ်မှုရှိတော့ ပိုပြီး အလေးအနက်ထားပြီး အလုပ်လုပ်တဲ့အခါ ဆင်ခြင်နိုင်ရမယ်။

ပွင့်လင်းမြင်သာမှုရှိရမယ်

နောက်တစ်ခုက အားလုံး ပွင့်လင်းမြင်သာမှုရှိရမယ်။ အရပ်ဘက် အဖွဲ့အစည်းတွေမှာ ဝမ်းသာစရာ ကောင်းတာက UEHRD မှာ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းက လူကြီးတွေလည်းပါတယ်။ သူတို့က ပညာရှင်တွေဖြစ်တာကြောင့် အဆောက်အအုံ ဆောက်လုပ်တဲ့ပုံစံကို စနစ်တကျ အရည်အသွေးလေး ထိန်းပေးတဲ့ အနေအထားတွေရှိတယ်။ တစ်ဖက်ကလည်း မြန်မာနိုင်ငံ ဆရာဝန်အသင်းက ဆရာဝန်ကြီးတွေ၊ ပါမောက္ခကြီးတွေပါတယ်။ သူတို့နဲ့ မဆိုင်ဘူးလို့ သဘောမထားဘဲ ကျန်းမာရေးနဲ့ဆိုင်တဲ့ စောင့်ရှောက်မှုတွေ ပေးနေတယ်။

နိုင်ငံမှာဖြစ်နေတဲ့ စိန်ခေါ်မှုတွေကို နိုင်ငံတော်အဆင့် အမျိုးသားတုံ့ပြန်မှုအနေနဲ့ ဆောင်ရွက်တဲ့အခါမှာ အားရစရာပါ။ လူငယ်တွေကလည်း လူသားချင်းစာနာမှု အထောက်အပံ့ပေးတဲ့နေရာမှာ ဦးစီးပြီး လုပ်နေတာ တွေ့ရတယ်။ ဒါအခွင့်အရေး တစ်ရပ်ပေါ့။ ကျွန်တော်ထင်တယ်၊ ဒါက အဆိုးထဲက အကောင်းပေါ့။ အခက်အခဲတွေဖြစ်လာရင် အားလုံးစည်းလုံးဖို့လိုတယ်။ အားလုံးစုပေါင်းပြီး လုပ်မှရမယ်။ ကောင်းတဲ့အား လိုတယ်။

သူ့နေရာနဲ့သူ တာဝန်ယူ

နောက်တစ်ခုက ပြည်ထောင်စုအဆင့်က အလုပ်တွေလုပ်တယ်။ ပြည်နယ်အစိုးရကလည်း သူ့နေရာနဲ့သူ တာဝန်ယူလုပ်နေတယ်။ တကယ်တော့ ပေါင်းစပ်ထားတာ။ နိုင်ငံတော်အဆင့် ဝန်ကြီးဌာနတွေ၊ ပြည်ထောင်စုအဆင့် ဝန်ကြီးဌာန လှုပ်ရှားမှုတွေ၊ ရခိုင်ပြည်နယ်အစိုးရ ဝန်ကြီးချုပ် အပါအဝင်၊ နောက်တစ်ခုက လွှတ်တော်၊ လွှတ်တော်ကိုလည်း UEHRD အနေနဲ့ ဘာတွေ လုပ်နေတယ်ဆိုတာလည်း ရှင်းပြတယ်။ သူတို့လည်း ပါဝင်ပတ်သက်ပါရစေဆိုပြီး တောင်းဆိုတယ်။ သူတို့ တောင်းဆိုချက်အရ ကျွန်တော်တို့ ရှင်းပြတယ်။

ကိုဖီအာနန် အစီရင်ခံစာ

ရခိုင်ပြည်နယ်နဲ့ ပတ်သက်လို့ပြောရရင် ကိုဖီအာနန် အစီရင်ခံစာ အကြံပြုချက် ၈၈ ချက်ရှိတယ်။ အဲဒါကို အကောင်အထည်ဖော်တဲ့ ကော်မတီကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက တာဝန်ယူထားတယ်။ ကိုဖီအာနန်ရဲ့ အကြံပြုချက်တွေအပေါ် အကောင်အထည်ဖော်ရေး ကော်မတီရယ်၊ ရခိုင်ပြည်နယ် အစိုးရရယ်၊ ဝန်ကြီးဌာနတွေရယ် ဒီသုံးခုနဲ့ ကျွန်တော်တို့ တာဝန်ယူတဲ့ UEHRD က ရခိုင်ပြည်နယ်ရဲ့ အခြေအနေတစ်ရပ်ကို တုံ့ပြန်တဲ့နေရာမှာ နိုင်ငံတော်အစိုးရက ကိုဖီအာနန်ရဲ့ အစီရင်ခံစာပါ အကြံပြုချက်ကို အကောင်အထည်ဖော်တဲ့အဖွဲ့ရှိသလို ပြည်နယ်အစိုးရကလည်း သူ့နည်း
သူ့ဟန်နဲ့ ဆောင်ရွက်နေတယ်။

ရခိုင်ပြည်နယ်အစိုးရက လူမှုစီးပွားဘ၀ ဖွံ့ြဖိုးမှု စီမံချက် ငါးနှစ်စာမှာ ဦးစားပေးခြောက်ခု သတ်မှတ်ထားတယ်၊ UEHRD က ၁၀ ခုရှိတယ်၊ သူ့ခြောက်ခုနဲ့ ကျွန်တော်တို့ ၁၀ ခုက သိပ်မကွာဘူး၊ ကျွန်တော်တို့မှာ ထူးခြားတာက ဆက်သွယ်ဆက်ဆံရေးပါတယ်၊ သူ့ဆီမှာမပါဘူး။

ရခိုင်ပြည်နယ် ဖွံ့ဖြိုးဖို့

ကျွန်တော်တို့အဖွဲ့မှာ လုပ်ငန်းရှင်တွေ၊ လူငယ်တွေ၊ အိုင်တီသမားတွေပါတော့ အလှူငွေ ကောက်ခံတဲ့ နေရာမှာ အိုင်တီနည်းပညာနဲ့ကောက်တယ်။ ကျွန်တော့် အိပ်မက်ကတော့ နိုင်ငံမှာရှိတဲ့ ၅၁ သန်းကျော် ပြည်သူတွေက တစ်လ ကျပ်တစ်ထောင် လှူရင် နည်းတဲ့ငွေမဟုတ်ဘူး။ ကျပ်တစ်ထောင် လှူနိုင်အောင် ကြိုးစားရမှာပေါ့။ ချမ်းသာတဲ့ သူဌေးတွေ၊ အဖွဲ့အစည်းတွေက လှူတာ တစ်ပိုင်းပါ၊ အားလုံး တစ်ပိုင်တစ်နိုင် တစ်လတစ်ထောင်နဲ့ စုလိုက်ရင် စုစည်းလို့ရတဲ့ငွေကို စနစ်တကျ ပွင့်ပွင့်လင်းလင်း သုံးနိုင်ရင် ရခိုင်ပြည်နယ် ဖွံ့ဖြိုးဖို့အတွက်ပေါ့။

UEHRD ကို ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက်တင် မကဘူး၊ နိုင်ငံရဲ့ အခြားဒေသတွေမှာလည်း ဒီပုံစံအတိုင်း လုပ်လို့မရဘူးလား။ UEHRDဆိုတဲ့ အဓိပ္ပာယ်က နိုင်ငံတော် အစိုးရရယ်၊ ပြည်နယ်အစိုးရရယ်၊ ပြည်နယ်မှာရှိတဲ့ လုပ်ငန်းရှင်တွေရယ်၊ ရန်ကုန်မှာရှိတဲ့ လုပ်ငန်းရှင်တွေပေါင်းပြီး ပြန်လည်ထူထောင်ရေးပါ။ ငြိမ်းချမ်းရေးကော်မရှင်ဘက်က ကြိုးစားနေတာကတော့ ငြိမ်းချမ်းရေးလုပ်ငန်းအတွက် စီးပွားရေး လုပ်ငန်းရှင်တွေကို ဘယ်လိုပါလာမလဲဆိုတာပါ။

ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ

ဖြစ်နိုင်တာကတော့ မွန်၊ ကရင်၊ ကယားပြည်နယ်တွေနဲ့ တနင်္သာရီတိုင်းဒေသကြီးတို့မှာ ရခိုင်ပြည်နယ်က ရတဲ့ အတွေ့အကြုံ၊ သင်ခန်းစာတွေကို ဘယ်လို ပူးပေါင်းဆောင်ရွက်ရမလဲ။ ခုနကပြောတဲ့ စိန်ခေါ်မှုနေရာမှာ ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာက အရေးကြီးတယ်။ လုပ်ပုံကိုင်ပုံက မတူဘူး။ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုရှိဖို့ အရေးကြီးတယ်။ သဘောသဘာဝချင်းက မတူဘူး။ အစိုးရလုပ်ပုံကိုင်ပုံနဲ့ ပုဂ္ဂလိက လုပ်ပုံကိုင်ပုံချင်းက မတူဘူး။ အစိုးရက အမြဲတမ်း စည်းစနစ်မူဘောင်နဲ့ လုပ်တယ်၊ ပုဂ္ဂလိကက မြန်တယ်၊ သွက်တယ်။ သွက်တာ၊ မြန်တာနဲ့၊ စနစ်ကျဖို့နဲ့က တော်တော်ချိန်ဆ ရတယ်။ သိပ်မြန်ရင်လည်း ဘောင်လွတ်သွားမယ်၊ ဘောင်ကြည့်ပြန်ရင်လည်း လိုချင်တဲ့အချိန်မပြီးဘူး၊ ချိန်ဆရတာပေါ့။

မေး  : ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး ဖြည့်စွက်ပြောစရာရှိရင် ပြောပေးပါခင်ဗျား။
ဖြေ  : ပြောချင်တာကတော့ အခုဖြစ်တဲ့ ရခိုင်ပြည်နယ်ကိစ္စက ကိုယ့်နိုင်ငံအတွက် အင်မတန် အရေးပါတယ်။ အရေးပါတဲ့အပြင်ကို ဒီအခြေအနေက နိုင်ငံတကာ ဖိအားပေးမှုတွေရှိတယ်။ ဒါကို ပြည်သူတွေ သိစေချင်တယ်။ ဒါကို ဂရုမစိုက်ဘူး၊ အရေးမပါဘူး၊ မလိုဘူးလို့ဆိုတာထက်ကို လူတွေ အားလုံးအနေနဲ့ နိုးနိုးကြားကြား ရှိစေချင်တယ်။ ဒီမှာလည်း ကျွန်တော်တို့တတ်နိုင်သမျှ ဖိအားတွေကြောင့် ဘာအကျိုးဆက်တွေ ရှိနိုင်တယ်ဆိုတာရှင်းပြတယ်။ ရှင်းပြပေမယ့် ပိုပြီး အခုခေတ်မှာ ဆိုရှယ်မီဒီယာ ရှိတယ်။ ဘယ်လောက်အထိ အန္တရာယ်ရှိတယ်ဆိုတာ ထောက်ကြည့်ရင်၊ ပွတ်ကြည့်ရင် သိတယ်။ တစ်ဖက်ကလည်း ဒီအန္တရာယ်ကို ရှိရုံတင်မဟုတ်ဘဲနဲ့ ကိုယ့်ဘက်က ကိုယ်ဘာလုပ်နိုင်တယ်၊ ဥပမာ အခုဆိုရင် UEHRD ဖွဲ့ထားတယ်၊ အောက်တိုဘာလကနေစပြီး လုပ်လိုက်တဲ့အခါ အခုဆို ခြောက်လလောက်ရှိသွားပြီ။ အတော်အသင့် အောင်မြင်မှုရတယ်၊ အဆင်သင့်တော့ဖြစ်တယ်။ လူကြီးတွေ တာဝန်ပေးထားတဲ့ လူသားချင်းစာနာမှုနဲ့ ပတ်သက်လို့ကတော့ တော်တော်လေးလုပ်ဖြစ်တယ်။

အလယ်အလတ် မဇ္ဈိမပဋိပဒါ

နောက်တစ်ခုက လုပ်ဖြစ်တာက ပြန်လည်နေရာချထားရေးကိစ္စ၊ ဖွံ့ဖြိုးမှုကတော့ လုပ်ရဦးမယ်။ တကယ်က ဒါတွေက အမာတွေလို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်တယ်။ အမာတွေဆိုတာ လုပ်လို့လွယ်တယ်။ အပျော့က လုပ်ဖို့လိုသေးတယ်။ အပျော့ဆိုတာက တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှု ပျက်ပြားခဲ့တာ။ တစ်ယောက်နဲ့ တစ်ယောက် စိုးရိမ်စိတ်တွေ၊ ကြောက်ရွံ့စိတ်တွေ အမျိုးမျိုးရှိတယ်။ လူ့ရဲ့စိတ်က ထိန်းလို့ သိပ်ရ?