News

POST TYPE

POLITICAL

ပုသိမ်တွင် ပြဇာတ်ကသည့် ကျောင်းသားများအမှု ဒဏ်ငွေချမှတ်
05-Apr-2018

ပုသိမ်၊ ဧပြီ ၅

ဧရာဝတီတိုင်း ပုသိမ်မြို့တွင် ပြဇာတ် ကသောကျောင်းသားများကို တပ်မတော်၏ ဂုဏ်သိက္ခာ ကျဆင်းစေသည်ဟုဆိုကာ တရားစွဲဆိုခံထားမှုနှင့်ပတ်သက်၍ ဧပြီ လ ၄ ရက်က ယင်းကျောင်းသားများကို ပုသိမ်မြို့နယ်တရားရုံးက ဒဏ်ငွေ ချမှတ်ခဲ့သည်။ 

၂၀၁၇ခုနှစ်၊ ဇန်နဝါရီ ၉ ရက်နေ့က ပုသိမ်မြို့၊ ပုသိမ်ဟိုတယ်၊ ပတ္တမြားခန်းမတွင် ပြုလုပ်သည့် ငြိမ်းချမ်းရေးနှင့် ပတ် သက်သော သဘောထားဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတွင် ကိုအောင်ခန့်ဇော်ပါ ကျောင်းသား ၉ ဦးအဖွဲ့မှ တပ်မတော် ထောက်ခံပွဲသို့ တက်ရောက်လာသည့်အကြောင်းကို သရုပ်ဖော်တင်ဆက်ခဲ့ကြောင်း၊ ယင်းတင်ဆက်မှုမှာ တပ်မတော်နှင့် တပ်မတော် မိသားစုဝင် ရဲမေများ၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည့် စကားလုံးများဖြင့် သရုပ်ဖော်တင်ဆက်ခဲ့သည်ဟုဆိုကာ ကိုအောင်ခန့်ဇော်ပါ ၉ ဦးကို အရေးယူ ဆောင်ရွက်ပေးရန် အနောက်တောင် တိုင်းစစ်ဌာနချုပ်၊ စစ်ဦးစီးအရာရှိ(ပထမတန်း)မှ ဒုတိယဗိုလ်မှူးကြီး အောင်မျိုးခိုင်က တိုင်ကြားခဲ့သည်။

ယင်းတိုင်ကြားမှုကို တစ်နှစ်ကျော်ကြာ စစ်ဆေးခဲ့ပြီး ကိုအောင်ခန့်ဇော်နှင့် ကိုမြတ်သူထက်တို့ကို ရာဇသတ်ကြီး ပုဒ်မ ၅၀၀ ကို ကျူးလွန်ကြောင်း ပေါ်ပေါက်သဖြင့် ဒဏ်ငွေ ငါးသောင်းနှင့် မဆောင်ပါက ထောင် ၆ လကျစေရန်လည်းကောင်း၊ ကျန်ကျောင်းသား ၇ ဦးတို့ကို ပြစ်မှုကျူးလွန်ရန် အားပေးကူညီရာ ရောက်သဖြင့် ဒဏ်ငွေ သုံးသောင်းစီနှင့်မဆောင်က ထောင်ဒဏ် ၂ လ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း ကိုအောင်ခန့်ဇော်က ပြောပြသည်။

“သူတို့တွေကို အမိန့်ချမှာက သင်္ကြန် မတိုင်ခင်ဆိုတော့ ထောင်တွေ ဘာတွေကျမှာစိုးမိတယ်၊ သူတို့တွေက လာမယ့်သင်္ကြန်မှာ ခွပ်ဒေါင်းပျို သံချပ်အဖွဲ့ထဲမှာလည်းပါတော့ သံချပ်အဖွဲ့ပဲ ပျက်မလား၊ ဆက်လုပ်ရမှာလားလည်း တွေးပူခဲ့ရတာပေါ့”ဟု ခွပ်ဒေါင်းပျို သံချပ်အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၂၀၁၇ ခုနှစ်က တပ်မတော်မှစွဲဆို ထားသော အမှုအချို့ကို ရုပ်သိမ်းပေးခဲ့ရာတွင် ပုသိမ်မြို့နယ် တရားရုံးတွင် စွဲဆိုထားသည့် ကိုအောင်ခန့်ဇော်ပါ ကျောင်းသား ၉ ဦး ပြဇာတ်ကပြသည့် ပုဒ်မ- ၅၀၀ အမှုနှင့် ယင်းသို့ ပြဇာတ်ကပြခြင်းကို ဖေ့ဘွတ်ခ်တွင် လွှင့်တင်ပြသခဲ့သည့် ဦးထွန်းထွန်းဦးကို စွဲဆိုထားသည့် ပုဒ်မ-၆၆ (ဃ) အမှုတို့မှာမူ ရုပ်သိမ်းသည့်အထဲတွင် မပါဝင်ခဲ့ကြောင်း တရားစွဲဆိုခံခဲ့ရသူများထံမှ သိရသည်။ 

R-11