News

POST TYPE

POLITICAL

အာဆီယံလမ်းဖောက်လုပ်ရာတွင် မလွတ်ကင်း၍ နေအိမ်ဖျက်ပေးရသူများ နစ်နာကြေးမရသေး
03-Apr-2018
တောင်ငူ၊ ဧပြီ ၂

ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့ နယ်တောင်ဘက် ကွမ်းဆိပ်ကျေးရွာအနီးတွင် ယခုနှစ်ဦးပိုင်းကတည်းက စတင်ပြီး အာဆီယံလမ်းမဖောက်လုပ်ရာတွင် လမ်းနယ်နိမိတ်နှင့် မလွတ်ကင်းသဖြင့် နေအိမ်ဖျက်ပေးခဲ့ရသူများကို နစ်နာကြေးပေးရာတွင် အိမ်ထောင်စုအချို့ ယနေ့တိုင် နစ်နာကြေးမရသေးကြောင်း ကွမ်းဆိပ် ကျေးရွာဒေသခံများထံမှ သိရသည်။

အာဆီယံလမ်းမကြီးကို ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာနက တာဝန်ယူဖောက်လုပ်နေပြီး ကွမ်းဆိပ်ကျေးရွာအတွင်းရှိ လမ်းနှင့်မလွတ်သည့် လူနေအိမ် ၁၉ လုံးအနက် ၅ လုံးသာနစ်နာကြေး ရရှိသေးကြောင်း၊ အဆိုပါနေအိမ်များမှာ ဧပြီလ ဒုတိယအပတ်အတွင်းက ဖျက်ပေးလိုက်ရခြင်းဖြစ်ကြောင်း အိမ်ဖျက်ခံရသူတစ်ဦးက ပြောဆိုသည်။

“လမ်းဖောက်တဲ့အခါမှာ မလွတ်ကင်းတဲ့နေအိမ်တွေနဲ့ မြေတွေကို ဖဲ့ပေးလိုက်ရတယ်။ အခုဖြစ်နေတာ ကျေးရွာအုပ်ချုပ်ရေးမှူးက သူနဲ့အလျဉ်းသင့်တဲ့ အိမ်ထောင်စုတွေကို လမ်းဦးစီးနဲ့ညှိပြီး တစ်အိမ်ကို ၂၅ သိန်းကနေ ၁၅ သိန်း လောက်ထိပေးတယ်။ ၁၄ အိမ်လောက်က ခုထိမရသေးဘူး။ တိုင်ချင်ရာတိုင်ဆိုတဲ့ သဘောပြောနေတယ်”ဟု ကွမ်းဆိပ်ကျေးရွာနေ ဦးရန်နောင်က ပြောကြားသည်။

အဆိုပါ အာဆီယံလမ်းမကြီးကို ရွှေကျင်မြို့နယ် တောင်ဘက်ခြမ်းမှစတင် ဖောက်လုပ်နေပြီး လမ်းဦးစီးဌာနက လမ်းနယ်မြေနှင့် မလွတ်ကင်းသည့် အိမ်၊ ခြံ၊ မြေများကို ပျက်စီးဆုံးရှုံးမှုတန်ဖိုးအလိုက် နစ်နာကြေးပေးချေခဲ့သော်လည်း မရရှိသူများက မြို့နယ်အုပ်ချုပ်ရေး ဦးစီးဌာနထံသို့ တိုင်ကြားထားကြောင်း ရွှေကျင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မြင့်သိန်းက ပြောကြားသည်။

“ဆောက်လုပ်ရေးဝန်ကြီးဌာန လက်အောက်က လမ်းဦးစီးဌာနက နစ်နာကြေးပေးရာမှာ မရသူတွေလည်းရှိနေတယ်။ ပြန်လည် ကွင်းဆင်းစစ်ဆေးပေးရမယ့် သဘောပါ။ မရသူတွေကလည်း နစ်နာကြေးမပေးဘူးဆိုရင် အကုန်လုံးကိုမပေးဖို့ တင်ပြနေတယ်”ဟု ၎င်းက ပြောကြားသည်။

လမ်းနယ်မြေအတွင်းပါဝင်ခဲ့သည့် အိမ်ဖျက်ပေးရသူများနှင့် မြေယာဆုံးရှုံးမှုများကြောင့် နစ်နာကြေးမရရှိသူများက ကွမ်းဆိပ်ကျေးရွာအုပ်ချုပ်ရေးမှူး ဘက်လိုက်တင်ပြမှုများကြောင့်ဟု စွပ်စွဲပြောဆိုနေကြသော်လည်း အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးဝင်းထွန်းအောင်က လမ်းဦးစီးဌာနနှင့်သာ သက်ဆိုင်ပြီး မိမိအနေနှင့် စီမံခန့်ခွဲပိုင်ခွင့်မရှိကြောင်းဆိုသည်။

အဆိုပါအာဆီယံလမ်းမကြီးကို ရွှေကျင်မြို့မှတစ်ဆင့် တောင်ငူ-မုပ္ပလင် လမ်းနှင့်ချိတ်ဆက်ကာ ထိုင်းနိုင်ငံနယ်စပ် မြဝတီမြို့အထိ ဖောက်လုပ်လျက်ရှိကြောင်း လမ်းဦးစီးဌာနထံမှ သိရသည်။

R-15


  • VIA