News

POST TYPE

POLITICAL

လူထုအတွက် အကြံပြုချက်စာတမ်း လွှတ်တော်နှင့် အစိုးရအဖွဲ့များထံ တင်သွင်းမည်
17-Sep-2016 tagged as လွှတ်တော်

ရန်ကုန်၊ စက်တင်ဘာ ၁၇

ပြည်သူတို့၏ လူမှုစီးပွားရေးနှင့် လုံခြုံရေးကဏ္ဍတို့တွင် ကြုံတွေ့နေရသည့် အခက်အခဲများကို အခြေခံ၍ ပြည်သူလူထု လိုအပ်ချက်များကို ရေးသားဖော်ပြထားသည့် ‘လူထုအတွက် အကြံပြုချက်’ စာတမ်းကို ယခုလအတွင်း သက်ဆိုင်ရာ အစိုးရအဖွဲ့နှင့် လွှတ်တော်သို့ ပေးပို့တင်ပြသွားမည် ဖြစ်ကြောင်း တိုင်းရင်းသား လူထုတိုးတက်ရေး မိတ်ဖက်အဖွဲ့ (EPDP) ထံမှ သိရသည်။

အရင်အစိုးရ လက်ထက်က ပြည်သူများအကြား ရှိခဲ့သည့် ပြဿနာအဟောင်းများနှင့် စိန်ခေါ်မှုများကို အခြေခံ၍ အလုပ်သမား၊ တောင်သူလယ်သမား၊ အခြေခံလူထုအလွှာနှင့် တိုင်းရင်းသား ဒေသခံများ၏ လိုအပ်ချက်အသံများ စုဆောင်းကာ စာတမ်းအဖြစ် ပြုစုထားခြင်း ဖြစ်ကြောင်း EPDP အဖွဲ့ အထွေထွေအတွင်းရေးမှူး ဦးထွန်းမြင့်အောင်က စက်တင်ဘာ ၁၇ ရက်နေ့တွင် ပြောကြားသည်။

လူထုကြားမှာ ထွက်ရှိနေတဲ့ အသံတွေ၊ ရင်ဆိုင်နေရတဲ့ အခြေအနေအမှန်တွေ၊ အခက်အခဲတွေ လိုအပ်ချက်တွေကို ရှာဖွေပြီးတော့ ကျွန်တော်တို့ရဲ့ အတွေ့အကြုံ ဖြတ်သန်းမှုတွေကနေ ဘယ်လိုအဖြေရှာ ပြုပြင်ပြောင်းလဲသင့်တယ်၊ နည်းဥပဒေတွေ ရေးဆွဲသင့်တယ်၊ တရားဥပဒေစိုးမိုးရေးကို လုပ်ဆောင်သင့်တယ်တို့ ပါဝင်တဲ့ မူဝါဒရေးရာ အကြံပြုချက်တွေကို တင်ပြသွားမှာပါ” ဟု ၎င်းက ရှင်းပြသည်။

ယင်းစာတမ်းထဲတွင် အခြေခံ လူထုအလွှာများ၏ အမှုဖြစ်စဉ်များကို တောင်တန်းဒေသနှင့် ကျေးလက်ဒေသများ အထိပါ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေး စသည့် ကဏ္ဍအလိုက် လူထုအသံများ ပါဝင်သည့် စာတမ်းကို အစိုးရနှင့် လွှတ်တော်ကိုယ်စားလှယ် အဆင့်ဆင့်သို့ တင်ပြ၍ ဥပဒေ၊ နည်းဥပဒေများ ထွက်ရှိလာရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် အလုပ်သမားနှင့် တောင်သူလယ်သမားကဏ္ဍ၊ လက်လုပ်လက်စားနှင့် အခြားအခြေခံ လူထုကဏ္ဍ၊ သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတ၊ ဒေသဖွံ့ဖြိုးရေးနှင့် ရင်းနှီးမြှုပ်နှံမှု စသည်ဖြင့် ကဏ္ဍများ ခွဲခြားကာ ပြည်သူတို့ လိုအပ်ချက်များကို ဆောင်ရွက်ဖော်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

မြန်မာနိုင်ငံတွင် လယ်ယာမြေနှင့် အခြားမြေ သိမ်းဆည်းမှု ပြဿနာသည် လက်ရှိတွင် အဓိက အရေးကြီးသည့် ကိစ္စရပ်တစ်ခု ဖြစ်နေပြီး ယင်းကိစ္စရပ်ကို အစိုးရနှင့် လွှတ်တော်က မှန်ကန်စွာ ဖြေရှင်းနိုင်မှသာ တိုင်းပြည်အတွက် ကောင်းကျိုးရရှိမည် ဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

အဆိုပါ တိုင်းရင်းသားလူထု တိုးတက်ရေး မိတ်ဖက်အဖွဲ့ (EPDP) ကို ယခုနှစ် ဇွန်လအတွင်း  ဗဟိုကော်မတီဝင် ၂၅ ဦးနှင့် အတွင်းရေးမှူးအဖွဲ့ဝင် ၁၃ ဦးတို့ ဖြင့် စတင်ဖွဲ့စည်းကာ အလုပ်သမား အရေး၊ တောင်သူလယ်သမားအရေးနှင့် အခြားအခြေခံလူထု၏ အရေးကိစ္စများကို ကူညီဆောင်ရွက်သွားမည် ဖြစ်ကြောင်း  သိရသည်။