News

POST TYPE

POLITICAL

သမ္မတသစ်နှင့် ဖြေရှင်းရတော့မည့် တာဝန်ယူမှု၊ တာဝန်ခံမှု ပြဿနာ
02-Apr-2018
ဤဆောင်းပါးအား စာရေးသူရေးသားနေချိန်မှာ ၂၀၁၈ ခုနှစ် မတ်လ ၂၈ ရက်နေ့ဖြစ်ပါသည်။ နေပြည်တော်တွင် သမ္မတအသစ်ကို ရွေးချယ်နေပါလိမ့်မည်။ ယခုမူ အားလုံးမျှော်လင့်သလိုပင် ဦးဝင်းမြင့် သမ္မတဖြစ်လာပါပြီ။

ဦးဝင်းမြင့်ဖြစ်လာလျှင် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့်အုပ်ချုပ်ရေးတွင် အရွေ့တစ်ခုဖြစ်လာမည်ဟု မျှော်လင့်နေသူများ ရှိပါသည်။ စာရေးသူ အပါအဝင်ပင်။ ပြီးခဲ့သောသမ္မတကြီးကိုကြည့်၍ မြန်မာနိုင်ငံတွင် “ကမ္ဘာပေါ်၌ မရှိသေးသော ကိစ္စရပ်”တစ်ခု ဖြစ်ပေါ်ခဲ့ကြောင်း ကောက်ချက်ချမိခဲ့ပါသည်။ 

ယခင်သမ္မတကြီး၏ကတော်မှ မီဒီယာများနှင့်တွေ့ဆုံရာတွင် မူလက သမ္မတအဖြစ် ၃ လခန့်သာ ထမ်းဆောင်ရန် ဆန္ဒရှိကြောင်း၊ သမ္မတဖြစ်လျှင်လည်း မြန်မြန်လူလဲပေးရန် ပြောကြားခဲ့ကြောင်း သိရသောအခါ သမ္မတလုပ်လိုသောဆန္ဒမရှိဘဲ သမ္မတဖြစ်လာသူဟု ကမ္ဘာ့စံချိန်တစ်ခု တင်ရတော့မည်ဖြစ်ပါသည်။ တစ်တိုင်းပြည်လုံးအတွက် ပဲ့ကိုင်ရမည့် လူနေရာကို ဆန္ဒမရှိသောလူတစ်ဦးအားခန့်အပ်ရန် အဘယ်အချက်များက တွန်းအားပေးသနည်းဟု သိလိုပါသည်။ 

ထိုဖြစ်ရပ်၏အဖြေမှာ တိုင်းပြည်၏အုပ်ချုပ်ရေးကဏ္ဍ ယိုယွင်းသွားခြင်းပင်ဖြစ်ပါသည်။ တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်ဝပ်ပိပြားရေး၊ ဖွံ့ဖြိုးတိုးတက်ရေးဟူသောကဏ္ဍစုံတွင် အဆင်မပြေခဲ့ပါ။ ပြီးခဲ့သောသမ္မတကြီးတွင် ရိုးသားမှု၊ အေးချမ်းမှု၊ လူကြီးပီသမှုဆိုသောအချက်များစွာ ဥပဓိရုပ်တွင် ပေါ်လွင်လွန်းလှပါသည်။ သို့သော် တိုင်းပြည်အုပ်ချုပ်ရာတွင် မင်းသည် “ရသေ့ ရဟန်း” ကဲ့သို့ ကျင့်ပါက တိုင်းပြည်ပျက်ကြောင်းဟူ၍ ရှေးပညာရှိတို့က ရေးသားခဲ့သည်ကိုလည်း သတိမူမိပါသည်။ 

နိုင်ငံတော်၏အတိုင်ပင်ခံသည်လည်း တိုင်းပြည်အတွက် ရွပ်ရွပ်ချွံချွံ ဆောင်ရွက်ခဲ့သူဖြစ်ပါသည်။ အငြိမ်းစားယူသွားပြီးသော သမ္မတကြီးကလည်း သူတော်ကောင်းတစ်ဦးပင်။ သို့ပါရဲ့ ထိုပုဂ္ဂိုလ်နှစ်ဦး၏ လက်တွဲမှုသည် အုပ်ချုပ်ရေးအတွက် လိုက်လျောညီရှိရမည့် (Harmony) ဟု သတ်မှတ်ကောင်းသတ်မှတ်ကြပါလိမ့်မည်။ ထိုသို့ဆိုကြလျှင် မှားသည်ဟု ဖြေလိုပါသည်။ မိတ်ဆွေလုပ်ဖော်ကိုင်ဖက်နှစ်ဦး နားလည်မှုဖြင့်လက်တွဲ၍ Personal ခေါ် ပုဂ္ဂိုလ်ရေးသို့ ဦးတည်သွားသည်။ ပြီးခဲ့သည့် သမ္မတကြီးနှင့်အတိုင်ပင်ခံပုဂ္ဂိုလ်ကြားတွင် အာဏာခွဲဝေမှုနှင့်ပတ်သက်၍ အမိန့်ပြန်တမ်းတစ်စုံတစ်ရာမှ မထွက်ခဲ့ဟု သိရှိပါသည်။ အမှန်တော့ တာဝန်ခွဲဝေမှုကို တိတိကျကျ ရေးထားသော ပြဋ္ဌာန်းချက်တစ်ခုဖြင့် ပိုင်းခြား၍ အဓိပ္ပာယ်ဖွင့်ဆိုပေးရပါမည်။ ထိုသို့ တိတိကျကျသတ်မှတ် ပြဋ္ဌာန်းမှုရှိမှသာ Principle ခေါ် စည်းမျဉ်း၊ ဘောင်ဖြင့်သွားသောစနစ်သို့ ဦးတည်ပါလိမ့်မည်။ တိုင်းပြည်သည်လည်း အရွေ့တစ်ခုဖြစ်လာပါတော့မည်။ 

၁၉၇၉ ခုနှစ် မန္တလေးတက္ကသိုလ်သမိုင်းဌာန ဆရာကြီးဒေါက်တာ သန်းထွန်း၏ စာကြည့်တိုက်မှ Mountbatten of Burma ဟူသော စာအုပ်ကို ဖတ်ရှုခဲ့ရပါသည်။ ထိုအထဲတွင် ဗြိတိသျှတို့အနေနှင့် မြန်မာတို့အား လွတ်လပ်ရေးမယူစေချင်ကြောင်း၊ မြန်မာတို့သည် တိုင်းပြည်ကို မအုပ်ချုပ်တတ်သေးကြောင်း ရေးသားထားပါသည်။ ထိုစဉ်က စာရေးသူအနေနှင့် ထိုအယူအဆကို လက်မခံပါ။ သို့သော် အုပ်ချုပ်ရေးပိုင်းသို့ ဝန်ထမ်းဘဝဖြင့် ရောက်ရှိလာသည့်အချိန်မှစတင်ကာ (မည်သူမည်ဝါ ဘယ်ပါတီကို မဆိုလိုပါ) မြန်မာတို့အနေနှင့် အုပ်ချုပ်မှုတွင် မနိုင်နင်းဆိုသည်ကို သိလာရပါသည်။ 

အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် သမ္မတနှစ်ဦးကြားတွင် တာဝန်ခွဲဝေမှုက ရှိကိုရှိရပါလိမ့်မည်။ ပြီးခဲ့သည့်သမ္မတကြီးလက်ထက်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် နိုင်ငံခြားရေးဝန်ကြီးအဖြစ်ဖြင့် သမ္မတကြီးဦးထင်ကျော် ခေါင်းဆောင်သည့် အစိုးရအဖွဲ့ထဲတွင် ရှိနေခဲ့ပါသည်။ တစ်ဖန် အစိုးရအဖွဲ့၏ အကြီးအကဲအဖြစ်လည်း အာဆီယံအစည်းအဝေးများတွင် ပါဝင်နေရာတာဝန်ယူမှုအနေအထားမှာ ရှုပ်ထွေးလျက်ရှိပါသည်။ 

သို့ဖြစ်လျှင် ပြည်သူတို့၏ နစ်နာမှုအပေါင်းကို မည်သူက တာဝန်ယူပါမည်လဲ၊ မည်သူက တာဝန်ခံပြီး ရှင်းမလဲဟူသော စကားရပ်က အုပ်ချုပ်ရေးအဖွဲ့အတွက် အဓိကစိန်ခေါ်မှုဖြစ်လာခဲ့ပါသည်။ 

Protocol ခေါ် ဖွဲ့စည်းပုံစည်းမျဉ်းအရ တာဝန်အရှိဆုံးဖြစ်သည့် သမ္မတအနေနှင့် ကိစ္စရပ်တိုင်းတွင် အတိုင်ပင်ခံပုဂ္ဂိုလ်ကို ကျော်လွန်၍လုပ်ရမည်လား၊ အတိုင်ပင်ခံပုဂ္ဂိုလ် မဖြေရှင်းနိုင်သည့်ကိစ္စတွင် ဝင်ရောက်တာဝန်ယူမည်လားဆိုသည့် မသဲကွဲမှုကို ဖြစ်စေပါလိမ့်မည်။ 

ဤအချက်သည် သမ္မတအား တက်ကြွလှုပ်ရှားမှုမရှိသည့် အခြေအနေတစ်ခုသို့ ဆိုက်ရောက်စေပါလိမ့်မည်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ တာဝန်ယူလာခဲ့သည်မှာ ၂ နှစ်ခန့် ရှိပါတော့မည်။ ယနေ့တွင်တော့ ၂ နှစ်တာ အတွေ့အကြုံကို ရယူကာ ပြင်ဆင်ရပါတော့မည်။ နိုင်ငံတော်သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်နှစ်ဦးကြားတွင် ရှင်းလင်းသောအလုပ်တာဝန်ခွဲဝေမှုတစ်ခု ရှိသင့်ပါသည်။ အစိုးရအဖွဲ့အနေနှင့် ဤတာဝန်ခွဲဝေမှုအပိုင်းကို ဝန်ထမ်းအဖွဲ့အစည်း အကြီးအကဲများအထိ အသိပေးထားသင့်ပါသည်။ အောက်ခြေဝန်ထမ်းအထိ သိရှိရန်မလိုပါ။ 

သမ္မတနှင့်အတိုင်ပင်ခံပုဂ္ဂိုလ်ကြား အာဏာခွဲဝေပုံကိစ္စ ပြီးပါက သမ္မတကြီးအနေနှင့် ကိုင်တွယ်ရမည်မှာ တာဝန်ယူမှု၊ တာဝန်ခံမှုပြဿနာ ဖြစ်ပါသည်။ ဤနေရာတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အဆင့်မှစ၍ သိရမည်မှာ အုပ်ချုပ်ရေးနှင့် စည်းရုံးရေးဟူသော ကိစ္စရပ်ဖြစ်ပါသည်။ စာရေးသူ တွေ့ရှိသောအချက်မှာ မဟာဗျူဟာ နိုင်ငံရေးတွင် စည်းရုံးရေးသည် အုပ်ချုပ်ရေးကို လွှမ်းမိုးရမည်။ သို့သော် နည်းဗျူဟာနိုင်ငံရေးအဆင့်တွင်မူ အုပ်ချုပ်ရေးမှစ၍ စည်းရုံးရေးအပေါ် လွှမ်းမိုးရမည်ဖြစ်သည်။ အောက်ခြေအဆင့် နည်းဗျူဟာပိုင်းတွင် စည်းရုံးရေးမှ အုပ်ချုပ်ရေးအပေါ် လွှမ်းမိုးပါက တာဝန်ယူမှု၊ တာဝန်ခံမှု ပျောက်ဆုံးကာ အထက်အာဏာပိုင်သို့ချည်း တင်ပြနေရတော့မည်ဖြစ်ပါသည်။ အုပ်ချုပ်ရေးလုပ်ငန်းစဉ်များတွင် နှောင့်နှေးကြန့်ကြာကြတော့မည်ဖြစ်ပါသည်။ 

ယခုဖြစ်လာမည့် သမ္မတအသစ် ဦးဝင်းမြင့်သည် ဤပြဿနာအား ဘေးတိုက်ထိတွေ့ခဲ့ရသူ ဖြစ်ပါသည်။ လွှတ်တော်အတွင်း မြေသိမ်းယာသိမ်းကိစ္စများနှင့်ပတ်သက်၍ အစိုးရအဖွဲ့၏ဖြေရှင်းမှုများကို အားမလိုအားမရ ဖြစ်နေသူဖြစ်ပါသည်။ အစိုးရနှင့်ပြည်သူ ယခင်ကဖြစ်ပွားခဲ့သောကိစ္စရပ်များကို တရားရုံးသို့ချည်း လွှဲချနေခြင်းအား ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က လက်မခံကြောင်း လွှတ်တော်အတွင်း Video File တစ်ခုအား စာဖတ်သူကြည့်ရှုရပါသည်။ ဤအရာကား တာဝန်ယူမှု၊ တာဝန်ခံမှုကို ယနေ့အစိုးရပိုင်း၌ ပျောက်ဆုံးနေကြောင်းကို လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်ကတစ်ဆင့်ခံ၍ မီးမောင်းထိုးပြလိုက်ခြင်းပင် ဖြစ်ပါသည်။ 

မြန်မာနိုင်ငံတွင် တာဝန်ယူမှု၊ တာဝန်ခံမှု ပျောက်ဆုံးလာမှုမှာ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးအရ အောက်ပါအကြောင်းများကြောင့် ဖြစ်ပါသည်။ 

(က) ခေတ်အဆက်ဆက်တွင် လူသားတစ်ဦး၏ အခွင့်အရေးနှင့် တန်ဖိုးကို လေးစားမှုနည်းလာခြင်း၊ လူ၏တန်ဖိုးအား တစ်ကိုယ်ရေစွမ်းဆောင်မှု (Individual Action) အပေါ် တန်ဖိုးထားမှု ပျောက်ဆုံးကာ လုပ်ပိုင်ခွင့်အပေါ် မူတည်ဆုံးဖြတ်ခြင်း၊ 

(ခ) လူတစ်ဦး၏ ရပ်တည်မှု (Survival) သည် စည်းမျဉ်းဥပဒေပေါ်မူတည်ခြင်းမရှိဘဲ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အပေါ်တွင်သာ မူတည်နေခြင်း (ဦးသိန်းစိန်လက်ထက် ပြဋ္ဌာန်းခဲ့သည့် ဝန်ထမ်းဥပဒေတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကိုပင် ဆန့်ကျင်ထားသော (ဝန်ထမ်းအား တရားရုံးမှ အပြစ်လွှတ်သည့်တိုင်အောင်) ဌာနဆိုင်ရာအပြစ်ပေးမှုကို လက်ခံထားခြင်း)၊ 

(ဂ) ယခုအစိုးရလက်ထက် ဖြစ်ပေါ်လာသော လာဘ်စားမှုကို အကြောက်လွန်သည့်ရောဂါ (Corruptophobia) ကြောင့်ဖြစ်ရသော နောက်ဆက်တွဲရောဂါများ၊ 

(၁) ဝန်ထမ်းငယ်များသို့ လုပ်ပိုင်ခွင့်များမလွှဲအပ်ဘဲ လုပ်ပိုင်ခွင့်ကို စုစည်းချုပ်ကိုင်ခြင်း (နှောင့်နှေးကြန့်ကြာမှုနှင့် အထက်သို့ တင်ပြရဦးမည်ဆိုသောကိစ္စများ)

(၂) လက်အောက်အရာရှိများ၊ ဝန်ထမ်းငယ်များနှင့် ပြည်သူများအား ထိတွေ့မှုမပြုစေခြင်း (ပြည်သူနှင့် ဆက်ဆံရေးတူသော ဝန်ဆောင်မှု (Public Relations) ကို ဆိုးရွားစွာ ပျက်စီးစေပါသည်)။ အချို့သော အစိုးရရုံးများနှင့် တိုင်းဒေသကြီးရုံးများတွင် ရုံးကိစ္စများအား သာမန်ပြည်သူများ မေးမြန်းစုံစမ်းမရပါ။ ရုံးထဲမှ အရာရှိတစ်ဦးက ဝင်ခွင့်ပြုမှသာ ဝင်ရောက်ရပါသည်။ 

(၃) အုပ်ချုပ်ရေးပိုင်းအရ ရှင်းလင်းစွာ ဖြေရှင်းနိုင်သောအရာကို တရားရုံးသို့ စေလွှတ်ခြင်းနှင့် ဥပဒေသဘောထားမှတ်ချက်အား ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် တိုင်းဒေသကြီး/ပြည်နယ်ဥပဒေချုပ်ရုံးများကို တောင်းခံခြင်း။ 

ယခုအချိန်တွင် နိုင်ငံတော်သမ္မတရုံးနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးတို့တွင် ပြည်သူတို့၏ ပိုင်ဆိုင်မှု၊ နစ်နာဆုံးရှုံးမှုများနှင်ပတ်သက်သော တိုင်ကြားစာများမှာ အပုံလိုက်ထပ်နေသည်ဟုလည်း သိရပါသည်။ တာဝန်ခံရမည့်ပုဂ္ဂိုလ်များအနေနှင့် အပင်ပန်းခံ၍ ရှင်းလင်းရမည်ဖြစ်ပါသည်။ ဖတ်ရှုရပါမည်။ ပုဂ္ဂိုလ်တစ်ဦးချင်း၏ပြဿနာ (Individual Problem) ဟုဆိုကာ အလေးမထားပါက ဒီမိုကရေစီ၏ အနှစ်သာရဖြစ်သော ပုဂ္ဂလိကဝါဒ (Individualism) ကို သစ္စာဖောက်ရာရောက်ပါသည်။ 

ဤကိစ္စရပ်တွင်ဖြေရှင်းနည်းမှာ နစ်နာသူပုဂ္ဂိုလ်၏ တင်ပြချက်ကို အကြီးအကဲများအနေနှင့် အမှုကိစ္စတစ်ခုစီအလိုက် မဖြေရှင်းနိုင်လျှင် အရာရှိကြီးများပါဝင်သော အဖွဲ့တစ်ဖွဲ့က တာဝန်ယူကာ စိစစ်ရပါမည်။ မှန်ကန်ကြောင်း (နစ်နာသူ၏ ဆန္ဒပြည့်စုံသည့်အဖြေဆိုပါလျှင်) တစ်ပါတည်း ဆောင်ရွက်ပေးလိုက်ရပါမည်။ ၎င်းတို့အနေနှင့် ဝိဝါဒဖြစ်စရာကိစ္စ ကြုံလာပါက အကြီးအကဲသို့ တင်ပြရပါမည်။ အကြီးအကဲအနေနှင့် မဖြစ်မနေ ဖတ်ရှုရပါမည်။ 

ဝန်ထမ်းအကြီးအကဲများ၏ ထားရှိရမည့်သဘောထားကိုလည်း စာရေးသူပြောလိုပါသည်။ ပြီးခဲ့သည့်တပ်မတော်အစိုးရကာလမတိုင်မီ ၁၉၆၂ ခုနှစ် ဦးနေဝင်း အာဏာသိမ်းသည့်အချိန်ကပင် ပြည်သူပိုင်သိမ်းမည်ဆိုသော မတရားမှုကြီးများ ဖြစ်ပွားခဲ့ပါသည်။ ဥပဒေတွင်မပါဝင်သော ပြန်တမ်းဖြင့် ဖော်ပြခြင်းမရှိဘဲ ဒေသအာဏာပိုင်က အာဏာဖြင့် သိမ်းသည့်ကိစ္စများလည်း ပါဝင်ခဲ့ပါသည်။ ၁၉၈၈ ခုနှစ် တပ်မတော်က အာဏာသိမ်းပြီးနောက် ၁၉၈၇ ခုနှစ် နိုင်ငံခြားသားပိုင် မရွှေ့မပြောင်းနိုင်သောပစ္စည်းအား ကန့်သတ်သည့်ဥပဒေကို ကိုးကားကာသိမ်းယူရာတွင် မှားယွင်းသောဥပဒေနှင့်အတူ ထိုဥပဒေအရဆိုကာ ဥပဒေကိုနောက်ကြောင်းပြန်သုံးပြီး တရားဥပဒေနှင့်မညီသော ကိစ္စများဖြစ်ပွားခဲ့ပါသည်။ ယခု ဝန်ထမ်းအဖွဲ့အစည်း အကြီးအကဲများမှာ အုပ်ချုပ်ရေးကဏ္ဍတွင်ပါဝင်ပြီး တပ်မတော်သားဟောင်းများဆိုပါက “ယခင်က အဘတို့လုပ်ခဲ့တာ ကာကွယ်စောင့်ရှောက်ရမည်” ဟူသော အယူအဆများကို စွန့်လွှတ်ရတော့မည်။ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အဓိကတာဝန်ရှိသူ အစိုးရဌာနများမှ ဝန်ထမ်းအကြီးအကဲများအားလုံး သတိပြုရမည်ဖြစ်ပါသည်။ 

တာဝန်ယူမှု၊ တာဝန်ခံမှုဟူသောခေါင်းစဉ်မှာ အသေးစိတ်ရေးသားပြုစုပါက သုတေသနစာတမ်းတစ်စောင် (Research Paper) တစ်ခုအဖြစ် ရေးသားရမည်ဖြစ်ပါသည်။ အကျယ်ရေးသားပါက ကျယ်ဝန်းလွန်းသဖြင့် ဆောင်းပါးတစ်ပုဒ်စာ ရေးသားဖော်ပြရပါမည်။ သေချာသည်ကတော့ သမ္မတကြီးဦးဝင်းမြင့်၏ ခေါင်းဆောင်မှုတွင် အရွေ့တစ်ခုကိုတော့ မြင်ကြရတော့မည် ဖြစ်ပါသည်။

ဒေါက်တာအောင်မျိုး