News

POST TYPE

POLITICAL

ရှစ်လေးလုံးပါတီကို ရှစ်လေးလုံး ပြည်သူ့ပါတီအဖြစ် အမည်ပြောင်း မှတ်ပုံတင်မည်
01-Apr-2018

ရန်ကုန်၊ ဧပြီ ၁

ရှစ်လေးလုံးပါတီအမည်နှင့် ပတ် သက်ပြီး ဝေဖန်မှုများနှင့်အငြင်းပွားမှုများ ကြောင့် ရှစ်လေးလုံး ပြည်သူ့ပါတီအဖြစ် အမည် ပြောင်းလဲမည်ဖြစ်ကြောင်း ဧပြီလ ၁ ရက်က ပြုလုပ်သည့် ဦးကိုကိုကြီး ဦးဆောင်သော ၈၈ မျိုးဆက် ကျောင်းသားများ၏ နိုင်ငံရေးပါတီတစ်ရပ်ဖြစ်မြောက်ရေး မျက်နှာစုံညီ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည်။

အမည်ပြောင်းလဲရေးနှင့် ပတ်သက်ပြီး ထိုမျက်နှာစုံညီ အစည်းအဝေးမှ တက်ရောက်လာသော ကိုယ်စားလှယ်များက မဲပေးရွေးချယ်ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့က ဝေဖန်မှုတွေကို လေးစားသောအားဖြင့် ပြောင်းလိုက်တာပါ။ ရွေးကောက်ပွဲ ကော်မရှင်နဲ့ တွေ့တော့လည်း သူတို့က ဥပဒေအရ အငြင်းပွားတာတော့ မရှိဘူး။ အခုပြောင်းမယ့် နာမည်ကို ကန့်ကွက်ရင်တော့ ဥပဒေအတိုင်း တရားဝင် ကန့်ကွက်မှပဲ ကျွန်တော်တို့ လက်ခံတော့မှာပါ”ဟု နိုင်ငံရေးပါတီတစ်ရပ် ဖြစ်မြောက်ရေး ဗဟိုကော်မတီဝင် တစ်ဦးဖြစ်သူ ဦးကိုကိုကြီးကဆိုသည်။

လာမည့် ဧပြီ ၆ ရက်နေ့၌လည်း ပါတီဖြစ်မြောက်ရေး ဗဟိုဦးဆောင် ကော်မတီနှင့် ရွေးကောက်ပွဲ ကော်မရှင်တို့ ထပ်မံ တွေ့ဆုံသွားမည်ဖြစ်ပြီး ယခုကဲ့သို့ အမည်ပြောင်းလဲမှုကို ရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြသွားမည် ဖြစ်သည်။

ထိုမျက်နှာစုံညီ အစည်းအဝေးတွင် ရှစ်လေးလုံး ဒီမိုကရက်တစ်ပါတီ၊ ပြည်သူ့ရှစ်လေးလုံးပါတီ၊ ရှစ်လေးလုံး ပြည်သူ့ ဒီမိုကရတ်တစ် ပါတီစသဖြင့် နာမည်များ အဆိုပြုခဲ့ပြီး အစည်းဝေးသို့ တက်ရောက် လာသည့် ကိုယ်စားလှယ်များမှ မဲပေးခွင့်ရှိ သူ ၉၂ ဦးက ရှစ်လေးလုံး ပြည်သူ့ပါတီကို ထောက်ခံမဲ ၆၇ မဲဖြင့် အတည်ပြုခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ဘက်က ရှစ်လေးလုံးဆိုတဲ့ နာမည်ကိုတော့ ဖြုတ်ပေးမှာ မဟုတ်ပါဘူး။ ကန့်ကွက်ချင်တယ်ဆိုရင်တော့ ဥပဒေအတိုင်း ကန့်ကွက်ပါ”ဟု ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ ဦးမင်းဇေယျက ဆိုသည်။

ရှစ်လေးလုံးပါတီအမည်ဖြင့် ရွေးကောက်ပွဲ ကော်မရှင်တွင် တရားဝင်ပါတီအဖြစ် ရပ်တည်ရန် မှတ်ပုံတင် လျှောက်ထားသော်လည်း သုံးလကျော်သည်အထိ တရားဝင် မှတ်ပုံတင် မကျသေးဘဲ တရားဝင် ကန်ကွက်မှုမရှိသော်လည်း ဝေဖန်မှုများ ရှိနေခဲ့သည်။

အဆိုပါ ပါတီဖြစ်မြောက်ရန် ၈၈ အရေးတော်ပုံတွင် ဦးဆောင်လှုပ်ရှားခဲ့သူ အများစုက ဦးဆောင်ဖွဲ့စည်းရန် ကြိုးပမ်းနေခြင်းဖြစ်ပြီး နာမည်ပြောင်းလဲမှုနှင့်အတူ ပါတီသင်္ကေတ တံဆိပ်ကို အသစ်ရေးဆွဲသွားမည်ဖြစ်ကာ လက်ရှိတွင် ပြည်နယ်နှင့်တိုင်းဒေသကြီးအချို့ရှိ မြို့နယ်တချို့တွင် ပါတီဖြစ်မြောက်ရေး ရုံးခန်းများ ဖွင့်လှစ်ထားပြီးဖြစ်သည်။

လက်ရှိမြန်မာနိုင်ငံတွင် နိုင်ငံရေး ပါတီပေါင်း ၉၀ ကျော်ရှိသော်လည်း တစ်နိုင်ငံလုံးကိုလွှမ်းခြုံ၍ အင်အားကောင်းသော ပါတီမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် လက်ရှိအစိုးရကို ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီတို့သာရှိပြီး တတိယ အင်အားကောင်းသော ပါတီတစ်ခုပေါ်ပေါက်ရန် နိုင်ငံရေးလောကမှ မျှော်လင့်နေချိန်တွင် ယခုကဲ့သို့ ရှစ်လေးလုံးပါတီအမည်ဖြင့် မှတ်ပုံတင်လာခြင်းဖြစ်သည်။

ဝေလင်း