News

POST TYPE

POLITICAL

ဖာပွန်တွင် လမ်းဖောက်မှုစစ်ဆင်ရေးကို ရည်ရွယ်ခြင်းမဟုတ်ဟု တောင်ပိုင်းတိုင်း တိုင်းမှူး ပြောကြား
01-Apr-2018

ရန်ကုန်၊ မတ် ၃၁

ဖာပွန်ခရိုင်အတွင်း တပ်မတော်မှ လမ်းဖောက်လုပ်မှုသည် စစ်ဆင်ရေးကို ရည်ရွယ်ပြုလုပ်ခဲ့ခြင်း မဟုတ်ဘဲ ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် နားလည်မှုလွဲခြင်းဟု တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြတ်ကျော်က ပြောကြားခဲ့ကြောင်း ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေး ကော်မတီ JMC က သတင်းထုတ်ပြန်သည်။

ပဲခူးတိုင်းဒေသကြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-S) ၏ ၁၃ ကြိမ်မြောက် အစည်းအဝေးကို မတ်လ ၃၀ ရက်က ပဲခူးတိုင်း တောင်ငူမြို့တွင် ကျင်းပခဲ့ပြီး အဆိုပါအစည်းအဝေးတွင် မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ JMC-S အစည်းအဝေးသို့ ပဲခူး JMC ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် ဒုဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် KNU/KNLA တပ်မဟာ (၃) တပ်မဟာမှူးတို့ တက်ရောက်ခဲ့ကြသည်။

အဆိုပါအစည်းအဝေးတွင် တိုင်းမှူးက မိန့်ခွန်းပြောကြားရာ၌ မတ်လအတွင်းက နယ်မြေအတွင်းဖြစ်ပွားခဲ့သည့် လမ်းဖောက်မှုဖြစ်စဉ်တွင် တပ်မတော်က အုပ်ချုပ်မှုလမ်းကြောင်းများ လွယ်ကူစေရန် ရည်ရွယ်၍ ၂၀၀၈ ခုနှစ်က ဖောက်လုပ်ထားသောလမ်းကြောင်းကို ပြန်လည်ပြုပြင် ဖောက်လုပ်ခြင်းဖြစ်ကြောင်း၊ စစ်ဆင်ရေးအတွက် ဖောက်လုပ်ခြင်းမဟုတ်ကြောင်း ပြောကြားသည်။

ထို့ပြင် စစ်ဆင်ရေးအတွက် ရည်ရွယ်ခြင်း မရှိသောကြောင့် လမ်းကြောင်း ဘေးဝဲယာရှိ တောင်ကုန်းများအပေါ် နေရာယူခြင်း မရှိခဲ့ကြောင်း၊ တပ်ဘက်ဆိုင်ရာ အကြီးအကဲများကလည်း ကျေးရွာများနှင့်စိုက်ခင်းများကို မထိခိုက်စေရန် မှာကြားထားကြောင်း KNU/KNLA တပ်မဟာ (၅) ဘက်က ယုံကြည်မှု အားနည်းခဲ့သည့်အတွက် လက်နက်များဖြင့် စတင် ဟန့်တားခဲ့သောကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားရခြင်းဖြစ်ကြောင်း တိုင်းမှူး ဗိုလ်ချုပ်မြတ်ကျော်က ဆိုသည်။

ထို့ပြင် တပ်မတော်အနေနှင့် တပ်မဟာ (၅) ကို ရန်သူကဲ့သို့ သဘောမထားကြောင်း၊ တပ်မတော်က နယ်မြေစိုးမိုးရန်၊ စစ်အင်အားတိုးချဲ့ရန်၊ စစ်စခန်းများ တည်ဆောက်ရန် မဟုတ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

လက်ရှိတွင် အဆိုပါဖာပွန်ဖြစ်စဉ်နှင့် ပတ်သက်၍ နှစ်ဖက်တပ်ခေါင်းဆောင်များ ကျောက်ကြီးမြို့တွင်တွေ့ဆုံရန် အစီအစဉ်ကို တပ်မဟာ (၅) ခေါင်းဆောင်၏ ကျန်းမာရေးအခြေအနေကြောင့် ရွှေ့ဆိုင်းထားရကြောင်း အဆိုပါ JMC-S အစည်းအဝေးထံမှ သိရသည်။

အဆို JMC-S အစည်းအဝေးသို့ ကရင်အမျိုးသားအစည်းအရုံး (KNU/KNLA) တပ်မဟာ (၃) တပ်မဟာမှူး စောအယ်ကလူသိန်းလည်း တက်ရောက်ခဲ့ပြီး အဆိုပါလမ်းဖောက်လုပ်သည့် ရည်ရွယ်ချက်ကို မသိရကြောင်းနှင့် အပစ်အခတ်ရပ်စဲထားသည့် ကြားကာလတွင် ပြဿနာမဖြစ်ပွားရန် ထိန်းသိမ်းရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့ပြင် အဆိုပါနယ်မြေများသည် တိုင်းရင်းသားများ အတူတကွ နေထိုင်ကြခြင်းဖြစ်၍ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၏ နယ်မြေဟုလည်း ပြောမရကြောင်း၊ လမ်းဖောက်မှုဖြစ်စဉ်ကို ငြိမ်းချမ်းရေး မထိခိုက်စေရေး မည်သို့ဆောင်ရွက်သွားရန်ကို အကြံပေးကြစေလိုကြောင်း ၎င်းက ပြောကြားသွားခဲ့သည်။

အဆိုပါအစည်းအဝေးတွင် လမ်းဖောက်လုပ်သည့် ခေးပူ-လွယ်မူပလော ဒေသရှိ ပြည်သူများကို JMC ၏ အရပ်သားကိုယ်စားလှယ်များက သွားရောက်တွေ့ဆုံကာ ရှင်းပြရန် သဘောတူခဲ့ကြောင်း JMC က သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် မတ်လဆန်းပိုင်းက ဖာပွန်ခရိုင်ရှိ ခေးပူ-လွယ်မူပလော ကားလမ်းဟောင်းကို ဖောက်လုပ်ရန် တပ်မတော်တပ်ဖွဲ့ဝင်များ ဝင်ရောက်လာမှုတွင် နယ်မြေခံ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်ဖွဲ့ဝင်များနှင့် ထိတွေ့တိုက်ပွဲအချို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါတပ်မတော်၏ လမ်းဖောက်လုပ်မှုသည် စစ်ရေးအရ ဖြည့်တင်းလုပ်ဆောင်သည့် သဘောသက်ရောက်နေသည့်အတွက် ဆက်လက်လုပ်ဆောင်ခြင်း မပြုရန် KNU က JMC သို့ တိုင်ကြား ထားခဲ့ခြင်းဖြစ်သည်။ 
 
J-08

  • VIA