News

POST TYPE

POLITICAL

ကုမ္ပဏီဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းတစ်ခုသာ တင်ရမည်
ရန်ကုန်၊ မတ် ၂၈

ဩဂုတ်လ ၁ ရက်နေ့တွင် စတင်အသက်ဝင်မည့် ကုမ္ပဏီဥပဒေသစ်အရ မှတ်ပုံတင်သည့်အခါ ယခင်ကကဲ့သို့ အကြောင်းအရာနှစ်ခု ခွဲတင်စရာမလိုဘဲ ကုမ္ပဏီဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းတစ်ခုသာ ရေးဆွဲတင်ပြရမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

ယခုအချိန်တွင်မူ ကုမ္ပဏီဥပဒေအဟောင်းအရ မှတ်ပုံတင်သည့်အခါ ကုမ္ပဏီအသင်းအဖွဲ့မှတ်တမ်းနှင့် အသင်းအဖွဲ့စည်းမျဉ်းဟူ၍ နှစ်ခုခွဲတင်နေရကြောင်း၊ ဥပဒေသစ်စတင်ချိန်တွင် အွန်လိုင်းမှ မှတ်ပုံတင်ရမည်ဖြစ်သောကြောင့် အချိန်ကြန့်ကြာမှု မရှိစေရေးအတွက် ပေါင်းလိုက်ခြင်းဖြစ်ကြောင်း ယင်းဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားသည်။

“ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းပုံစံကို ဌာနကနေ ရေးဆွဲနေပါတယ်။ ဇူလိုင်လဆိုရင် ပြီးပါပြီ။ အွန်လိုင်းမှတ်ပုံတင်စတဲ့အခါ လုပ်ငန်းရှင်က ဝက်ဘ်ဆိုက်ကနေ ယူလို့ရသလို သူ့ဟာသူရေးဆွဲပြီး တင်မယ်ဆိုလည်း ရပါတယ်”ဟု ၎င်းက ဆိုသည်။

အွန်လိုင်းဖြင့်မှတ်ပုံတင် စတင်လျှင် တစ်နိုင်ငံလုံးရှိ ကုမ္ပဏီများအားလုံးမှာ မှတ်ပုံတင်လုပ်ငန်းကို ပြန်လည်လုပ်ဆောင်ရမည် ဖြစ်သောကြောင့် ကုမ္ပဏီအသင်းအဖွဲ့မှတ်တမ်းနှစ်ခုကို ပေါင်းလိုက်ခြင်းဖြစ်နိုင်ကြောင်း၊ မှတ်ပုံတင်ကြေးများလည်း အပြောင်းအလဲဖြစ်နိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ပြောဆိုကြသည်။

“ကုမ္ပဏီမှတ်ပုံတင်တာက ဥပဒေအသစ် စမယ်ဆိုရင် အသေး၊ အလတ်၊ အကြီး သုံးမျိုးခွဲထားမှာလေ။ ဒီတော့ ကုမ္ပဏီအမျိုးအစားအလိုက် ကုမ္ပဏီဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းတွေက မတူနိုင်ဘူး။ ဒါကြောင့် အစိုးရပိုင်းက တစ်ခုတည်း တစုတစည်းတည်း လုပ်လိုက်တယ်လို့ထင်တယ်”ဟု အထည်ချုပ်လုပ်ငန်းရှင် ဦးအောင်မြင့်က ပြောကြားသည်။

အွန်လိုင်းစနစ်စတင်သော်လည်း ရိုးရိုးစနစ်ဖြင့် မှတ်ပုံတင်ချင်လျှင် တင်ခွင့်ပြု၍ ယင်းသို့ ရိုးရိုးပုံစံဖြင့် မှတ်ပုံတင်သူများကို မှတ်ပုံတင်ကြေး ပိုကောက်ရန် စဉ်းစားထားကြောင်း၊ ဧပြီလ ၁ ရက်နေ့မှစ၍ အများနှင့်မသက်ဆိုင်သော ကုမ္ပဏီများ၏ မှတ်ပုံတင်ကြေးကို ကျပ်နှစ်သိန်းခွဲ ကောက်ခံမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

J-13