News

POST TYPE

POLITICAL

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်ရုံး သုံးရုံးဖွင့်
28-Mar-2018
ရန်ကုန်၊ မတ် ၂၈

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီ၏ မြို့နယ်ရုံး သုံးခုကို ရခိုင်ပြည်နယ်ရှိ မြို့နယ်သုံးခုတွင် ယခုရက်ပိုင်းက ဆက်တိုက်ဖွင့်လှစ်ခဲ့ကြောင်း အဆိုပါပါတီထံမှ သိရသည်။

ALD ပါတီသည် မတ်လ ၂၄ ရက်က ပုဏ္ဏားကျွန်းမြို့နယ်၊ မတ်လ ၂၅ ရက်က မြောက်ဦးမြို့နယ်နှင့် မတ်လ ၂၇ ရက်တွင် မင်းပြားမြို့နယ်များ၌ ဖွင့်လှစ်ခဲ့ခြင် ဖြစ်သည်။

အဆိုပါမြို့နယ်ရုံးသုံးရုံးကို ALD ပါတီ၏ဥက္ကဋ္ဌ တာဝန်ယူထားသည့် ဦးကျော်မြင့် တက်ရောက်ဖွင့်လှစ်ခဲ့ခြင်းပြီး ဆက်လက်၍ ရပ်ကျေးပါတီရုံးများကိုလည်း ဆက်လက် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း အဆိုပါပါတီထံမှ သိရသည်။

မြို့နယ်ရုံးများသည် ရခိုင်ပြည်နယ်အတွင်း လွှမ်းခြုံကာ ပါတီစည်းရုံးရေးလုပ်ငန်းများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပါတီဥက္ကဋ္ဌ ဦးကျော်မြင့်က ပြောကြားသည်။

ALD ပါတီကို ရခိုင်အမျိုးသား ပါတီ (ANP) ပါတီမှ ထုတ်ပယ်ခံထားရ သည့် ပါတီအလုပ်အမှုဆောင်များဖြင့် စုစည်းတည်ထောင်ခဲ့ခြင်းဖြစ်ပြီး ပါတီ ဥက္ကဋ္ဌအဖြစ် ဦးကျော်မြင့်က တာဝန်ယူထားသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) ပါတီသည် ပြီးခဲ့သည့် ၁၉၉၀ ရွေးကောက်ပွဲက ပြည်နယ်အတွင်း အများဆုံး အနိုင်ရခဲ့သည့် ပါတီတစ်ခုဖြစ်ပြီး ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ (RNDP) နှင့်ပေါင်းကာ ရခိုင်အမျိုးသားပါတီ (ANP) ကို တည်ထောင်ခဲ့သော်လည်း ပါတီတွင်း အကွဲအပြဲများကြောင့် ပြန်လည်ခွဲထွက်ကာ ယခင် ၁၉၉၀က ALD ကို ပြန်လည် ထူထောင်ခဲ့ခြင်းဖြစ်သည်။

ALD ပါတီ၏ ပထမဆုံး မြို့နယ်ရုံးကို ၂၀၁၇ ဒီဇင်ဘာလက တောင်ကုတ်မြို့တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ရမ်းဗြဲ၊ ကျောက်ဖြူနှင့် ပေါက်တောမြို့နယ်များတွင် မြို့နယ်ရုံးများကို ဖွင့်လှစ်ထားသည်။

ALD ပါတီသည် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံမှ ပါတီမှတ်ပုံတင်ခွင့်ကို ၂၀၁၇ ခုနှစ်၊ ဇူလိုင်လအတွင်းက ရရှိခဲ့ခြင်းဖြစ်ပြီး ပါတီဗဟိုရုံးချုပ်ကို ကျောက်တော်မြို့တွင် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဩဂုတ်လက ဖွင့်လှစ်ခဲ့သည်။

J-08