News

POST TYPE

POLITICAL

အာနန်ကော်မရှင်ကြောင့် တိုင်းပြည် အန္တရာယ်ကျလျှင် အစိုးရတာဝန်ဟု ကြံ့ခိုင်ရေးနှင့် ၁၀ ပါတီ ထုတ်ပြန်
16-Sep-2016

ရန်ကုန်၊ စက်တင်ဘာ ၁၆ 

ကုလသမဂ္ဂ အတွင်းရေးမှူးဟောင်း ကိုဖီအာနန် ဦးဆောင်သော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်ကြောင့် ပြည်ထောင်စု တစ်ခုလုံး အန္တရာယ်ကျရောက်မည့် အခြေအနေ ဖြစ်လာလျှင် လက်ရှိ အစိုးရ၏ တာဝန်ဖြစ်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် အခြား နိုင်ငံရေးပါတီ ၁၀ ပါတီက ပူးတွဲထုတ်ပြန်လိုက်သည်။

ကြံ့ခိုင်ရေးပါတီနှင့် နိုင်ငံရေး ပါတီ ၁၀ ပါတီတို့ပူးတွဲ ထုတ်ပြန်ချက်တွင် စက်တင်ဘာလ ၁၄ ရက်နေ့က ရခိုင်ပြည်နယ်လွှတ်တော်၌ အတည်ပြုခဲ့သည့် ကိုဖီအာနန် ဦးဆောင်သည့် ကော်မရှင်ကို အသိအမှတ် မပြုကြောင်း အရေးကြီး အဆိုကို ထောက်ခံကြောင်း၊ ယင်းကော်မရှင်ဖွဲ့စည်းမှုမှာ တရားမဝင်ကြောင်း ထည့်သွင်းဖော်ပြထားသည်။

“အပြန်အလှန်ထိန်းကျောင်းတဲ့ အနေနဲ့ ဒီလို ထုတ်ပြန်တာပါဟု ပူးတွဲ ထုတ်ပြန်ချက်အပေါ်အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (NDF) အထွေထွေ အတွင်းရေးမှူး ဦးနေမင်းကျော်က ပြောဆိုသည်။

အဆိုပါ ကော်မရှင်၏ အသုံးစရိတ်အတွက် OIC အဖွဲ့မှ အကူအညီယူ၍ သုံးစွဲမည်ကို ပြည်သူများက စိုးရိမ်နေပြီး အစိုးရဟောင်းက အသိအမှတ် မပြုသော ရိုဟင်ဂျာ အမည်ခံလူမျိုးများ တိုင်းရင်းသား ဖြစ်ခွင့်ရသွားနိုင်ခြင်း၊ ရိုဟင်ဂျာ စစ်တပ်ဖွဲ့စည်း၍ သီးခြားနယ်မြေ ထူထောင်ရန် ကြိုးပမ်းလာနိုင်ခြင်း စသည့် စိုးရိမ်ချက်များကို ပူးတွဲ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကြံ့ခိုင်ရေးပါတီနှင့် နိုင်ငံရေး ပါတီ ၁၂ ပါတီတို့ ရန်ကုန်မြို့ ကြံ့ခိုင်ရေးပါတီရုံးချုပ်တွင် ယနေ့ (စက်တင်ဘာလ ၁၆ ရက်နေ့) တွေ့ဆုံအပြီး အဆိုပါ ကြေညာချက်ကို ထုတ်ပြန်ခြင်းဖြစ်သည်။ ယင်းကြေညာချက်တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (ကျားဖြူ) နှင့် ဒီမိုကရက်တစ်ပါတီ (မြန်မာ)တို့ ပါဝင် လက်မှတ်ရေးထိုးထားခြင်း မရှိပေ။

ပူးတွဲကြေညာသည့် ပါတီ ၁၀ ခုနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသား ဒီမိုကရေစီ ပါတီသစ်၊ အမျိုးသားတိုးတက်ရေးပါတီ၊ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ၊ အမျိုးသားနိုင်ငံရေး မဟာမိတ်များ အဖွဲ့ချုပ်ပါတီ၊ ဝံသာနု ဒီမိုကရက်တစ်ပါတီ၊ ခေတ်သစ် ပြည်သူ့ပါတီ၊ “ဝ” ဒီမိုကရက်တစ်ပါတီ၊ ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးရေးပါတီနှင့် ပြည်သူ့ဒီမိုကရေစီ ပါတီတို့ ဖြစ်သည်။



  • VIA