News

POST TYPE

POLITICAL

NLD ပါတီနှင့် လမ်းခွဲခဲ့သူ မအူပင်ဦးစိန်ဝင်း တည်ထောင်သည့်ပါတီ မှတ်ပုံတင်ခွင့်ရရှိ
26-Mar-2018

ရန်ကုန်၊ မတ် ၂၆

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ နုတ်ထွက်ပြီး နိုင်ငံရေး ပါတီတစ်ခု တည်ထောင်ရန် ရွေးကောက်ပွဲ ကော်မရှင်ထံ လျှောက်ထားခဲ့သည့် မအူပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်း၏ ပါတီအသစ် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံမှ မှတ်ပုံတင်ခွင့်ရရှိပြီဖြစ်ကြောင်း ကော်မရှင်ထံမှသိရသည်။

မအူပင် ဦးစိန်ဝင်း၏ပါတီဖြစ်သည့် အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီ (NDU) အမည်ဖြင့် ပါတီမှတ်ပုံတင်ခွင့် ပေးလိုက်ပြီဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ကြေညာထားသည်။

အဆိုပါ ပါတီ၏ရုံးချုပ်ကို နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက် ချင်းတွင်းလမ်းနှင့် ခတ္တာလမ်းထောင့်တွင် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး ပါတီ၏ ပထမခေါင်းဆောင်နေရာတွင် ဦးစိန်ဝင်းအမည်ဖြင့် လျှောက်ထားခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ပါတီမှတ်ပုံတင်ကျပြီ ဖြစ်သောကြောင့် ပါတီဝင်အင်အားတစ်ထောင် ရရှိရေးအတွက် စည်းရုံးရေးလုပ်ငန်းစဉ်များကို လာမည့် ဧပြီလ ၁ ရက်မှ စတင်ပြုလုပ်သွားမည်ဖြစ်ကြောင်း ပါတီတည်ထောင်သူ မအူပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးစိန်ဝင်းက ပြောကြားသည်။

ပါတီစည်းရုံးရေးလုပ်ငန်းများကို ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့်နေရာများတွင် အဓိကထား ပြုလုပ်သွားမည်ဖြစ်ပြီး ကြားဖြတ်ရွေးကောက်ပွဲကိုလည်း ဝင်ရောက်သွားမည်ဖြစ်ကြောင်း ဦးစိန်ဝင်းက ဆိုသည်။

“ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့် သုံးနေရာလောက်မှာ စည်းရုံးရေး ဆင်းသွားမယ်။ ပါတီရဲ့ မူဝါဒတွေကို ရှင်းလင်းတာတွေပေါ့”ဟု ၎င်းကဆိုသည်။

ဦးစိန်ဝင်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ပြီးခဲ့သည့် ၂၀၁၇ ဇူလိုင်လက နုတ်ထွက်ခဲ့ခြင်းဖြစ် ပြီး NLD ပါတီက ၎င်း၏လွှတ်တော်တွင်း တာဝန်များနှင့် ပါတီတွင်း တာဝန်များကို ရုပ်သိမ်းခဲ့ခြင်းကြောင့် ပါတီနှင့် အဆင်မပြေဖြစ်ကာ နုတ်ထွက်ခဲ့ရခြင်းဖြစ်သည်။

ဦးစိန်ဝင်းသည် ပြည်သူ့လွှတ်တော်တွင် တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာ ကော်မတီဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ်က NLD ပါတီဝင် လေးဦးကို တရားစွဲဆိုမှု ဖြစ်ပွားခဲ့ပြီးနောက် ပါတီက သတိပေးခံခဲ့ရပြီး ယင်းရေးရာ ကော်မတီမှလည်း ဖယ်ရှားခံခဲ့ရသည်။

ထို့ပြင် ဦးစိန်ဝင်း တာဝန်ယူထားသည့် မအူပင်မြို့နယ် ပါတီအလုပ်အမှုဆောင်အဖြစ်မှလည်း ရပ်ဆိုင်းခံရပြီး နောက်ပိုင်းတွင် ပါတီမှ နုတ်ထွက်ခဲ့ခြင်းဖြစ်သည်။

J-08