News

POST TYPE

POLITICAL

နမ္မတူစစ်ရှောင် ၅၇၀ ကျော် နေရပ်မပြန်နိုင်သေး
24-Mar-2018


လားရှိုး၊ မတ် ၂၄ 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ပေါ်ရှိ နေရာလေးခုနှင့် နမ္မတူမြို့နယ်ရှိ အီနိုင်းဘုန်းတော်ကြီးကျောင်းတို့တွင် နမ္မတူမြို့နယ်၊ နားဆိုင်းဒေသမှ တိုက်ပွဲရှောင်လာသူ စုစုပေါင်း ၅၇၇ ဦးခိုလှုံလျက် ရှိနေပြီး ယနေ့ထက်တိုင် နေရပ်မပြန်နိုင်သေးကြောင်း ယင်းဒေသခံများထံမှ သိရသည်။ 

အဆိုပါ အိမ်ထောင်စု ၁၅၄ စုမှ လူပေါင်း ၅၇၇ ဦးကို လားရှိုးမြို့ရပ်ကွက် ၁ ရှိ ကရင်နှစ်ခြင်း အသင်းတော်၊ ရပ်ကွက် ၉ ရှိ အနောက်ခြမ်း ခရစ်ယာန်အသင်းတော်၊ ရပ်ကွက် ၁၁ ရှိ ရတနာမဉ္ဇူကျောင်းတိုက်နှင့် သာသနာ၂၅၀၀ ရှိ ဘုန်းတော်ကြီးကျောင်းနှင့် အီနိုင်းကျေးရွာဘုန်းတော်ကြီးကျောင်းတွင် စောင့်ရှောက်ထားကြောင်း လားရှိုးမြို့ရှိ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်အောင်ထူးက ပြောကြားသည်။

“မတ်လ၂၃ရက်နေ့မှာတော့ ပစ်ခတ်နေတဲ့အသံ နည်းသွားပြီလို့ ကြားတာပဲ။ အိမ်ကိုလည်း စိတ်မချဖြစ်မိတယ်။ ပြန်ချင်ပါတယ်”ဟု နားဆိုင်းကျေးရွာအုပ်စု လွယ်တောက်ရွာမှ ဒေါ်ရွက်ဆိုင်အေးက ပြောဆိုသည်။

ပြီးခဲ့သည့်မတ်လ ၁၉ ရက်မှစတင်ကာ နမ္မတူမြို့နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားနေမှုကြောင့် နမ္မတူမြို့ပေါ်နှင့် အနီး ဝန်းကျင်ရွာများမှ ဒေသခံများသည် တိုက်ပွဲအကြား ပိတ်မိမည်ကို စိုးရိမ်မှုကြောင့် 
တိုက်ပွဲရှောင်လာကြခြင်းဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။ 

မတ်လ၂၄ရက်နေ့တွင် နားဆိုင်း ကျေးရွာမှ၂ မိုင်ခန့်အကွာတွင် TNLA ပလောင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က နေရာယူထားဆဲဖြစ်ကြောင်း၊ တိုက်ခိုက် ပစ်ခတ်နေခြင်းတော့ မရှိသော်လည်း တစ်ဖက်နှင့်တစ်ဖက် လှုပ်ရှားမှုကို စောင့်ကြည့်နေခြင်းဖြစ်သည့်အတွက် ဒေသခံများ နေရပ်ပြန်ရန်နှောင့်နှေးနေရခြင်း ဖြစ်ကြောင်း နားဆိုင်းကျေးရွာအုပ်စု နမ့်ကတ်ကျေးရွာမှ ဦးစောဆေးက ပြောဆိုသည်။

R-07