News

POST TYPE

POLITICAL

နိုင်ငံတော်သမ္မတတစ်ဦးကို ဘယ်လိုတာဝန်နဲ့လုပ်ပိုင်ခွင့်တွေ အပ်နှင်းထားသလဲ
24-Mar-2018
ယနေ့ကျွနု်ပ်တို့နိုင်ငံ၏ ပြည်သူများအကြားတွင် လက်ရှိ လူအများဆုံး စိတ်ဝင်စားနေသောအရာတစ်ခုကို ပြောပါဆိုလျှင် နိုင်ငံတော်သမ္မတ မည်သူဖြစ်လာမည်လဲဟူသည့် ကိစ္စကိုပင် လက်ညှိုးထိုးပြရမည်ဖြစ်သည်။ ထိုသို့ဆိုလျှင် ပြည်သူအများ မနှေးအမြန်ဆိုသလို သိချင်နေကြသည့် နိုင်ငံတော်သမ္မတ မည်သူဖြစ်လာမည်လဲဆိုသည်ကို မသိရှိကြရသေးမီ အဆိုပါနိုင်ငံတော်သမ္မတ တစ်ဦးတွင် မည်သည့်တာဝန်များ အပ်နှင်းထားပြီး ၎င်းက မည်မျှအထိ လုပ်ပိုင်ခွင့်အာဏာများ ရရှိထားသည်ဆိုခြင်းကိုမူ ကျွနု်ပ်တို့ပြန်လည်ဆန်းစစ် လေ့လာထားရှိကြရန် လိုအပ်လာမည်ဟုလည်း ကျွနု်ပ်ထင်မြင်မိသည်။

အခြားရှုထောင့်တစ်ဖက်မှ ကြည့်လျှင်လည်း နိုင်ငံတော်သမ္မတတစ်ဦးအနေနှင့် မည်သည့်တာဝန်များကို ထမ်းဆောင်ရမည်၊ ၎င်းတွင် မည်သည့်လုပ်ပိုင်ခွင့်အာဏာများ ရှိသည်ဆိုခြင်းကို ပြည်သူအများမှလည်း သိရှိထားမှသာ အဆိုပါ သမ္မတတစ်ဦး၏တန်ဖိုးနှင့် ၎င်း၏ အရေးပါအရာရောက်မှု မည်မျှရှိသည်၊ ကျွနု်ပ်တို့ပြည်သူများအတွက် မည်သည့်အရာများကို ဖော်ဆောင်ပေးနိုင်မည်ဆိုသည်ကို ကျွနု်ပ်တို့ပြည်သူအများ ခန့်မှန်းတွက်ချက် နှိုင်းဆကြရနိုင်မည်လည်းဖြစ်သည်။

ထို့အတွက်ကြောင့်ပင်လျှင် ကျွနု်ပ်တို့ပြည်သူများ အလွယ်တကူ သိရှိနိုင်စေရေးအတွက်ရည်ရွယ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း (၅)၊ (၆) နှင့် အခန်း (၉) တို့တွင်ပါရှိသည့် ပြဋ္ဌာန်းချက်များအပေါ် အခြေခံကိုးကားပြီး အများနားလည်လွယ်နိုင်သည့်ပုံစံ အရေးအသား အသုံးအနှုန်း ပုံစံများဖြင့် ဥပဒေအရေးအသားများကို ပုံစံပြောင်းပြီး ရိုးရိုးရှင်းရှင်း ပြောပြလိုရင်းပင် ဖြစ်သည်။

ထိုသို့ဆိုလျှင် ပထမဦးစွာ နိုင်ငံတော်သမ္မတဆိုသည်မှာ မည်သူဖြစ်သနည်းဆိုခြင်းကို ဦးစွာအစ လေ့လာကြည့်ကြပါက နိုင်ငံတော်အကြီးအကဲနှင့် နိုင်ငံတော်အုပ်ချုပ်ရေးအကြီးအကဲသည် နိုင်ငံတော်သမ္မတဖြစ်သည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၆ နှင့် ၁၉၉ (က) တွင်ပြဋ္ဌာန်းထားသည်ကို အခြေခံဥပဒေ ကနဦးအစတွင်ပင် လေ့လာတွေ့ရှိရမည်ဖြစ်သည်။

၎င်း၏ရာထူးသက်တမ်းသည် ၅ နှစ်ဖြစ်ပြီး စတင်ရွေးချယ်တင်မြှောက်ခြင်း ခန့်အပ်ခြင်းခံရပြီးချိန်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၀ နှင့် ၂၀၁ တို့အရ ၎င်းဦးစီးသည့် ပြည်ထောင်စုအစိုးရအဖွဲ့ကို ဒုတိယသမ္မတ ၂ ဦး၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုရှေ့နေချုပ်တို့ ပါဝင်ဖွဲ့စည်းထားရမည်ဖြစ်သည်။

၎င်းနောက်တွင် ဥပဒေအရပေးအပ်သော တာဝန်များကို ထမ်းဆောင်သည့်နေရာတွင် ဥပဒေအရပေးအပ်သည့် အဓိကအရေးကြီးသည့် ကိစ္စအကြောင်းအရာများကို ဆွေးနွေးဆုံးဖြတ်နိုင်ရေးအတွက်လည်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို သမ္မတကပင် ဦးဆောင်ပြီး ဒုသမ္မတ ၂ ဦး၊ လွှတ်တော်ဥက္ကဋ္ဌ ၂ ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဒုကာကွယ်ရေးဦးစီးချုပ်၊ နောက် ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့ပါဝင်သည့် အဖွဲ့ ၁၁ ဦးဖြင့် စတင်ဖွဲ့စည်းထားရမည်လည်းဖြစ်သည်။

ဆက်လက်ပြီး နိုင်ငံတော်သမ္မတတစ်ဦး၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များအနေနှင့် မည်သည့်ကိစ္စများ ဆောင်ရွက်ခွင့်ရှိသည်ဆိုခြင်းကိုမူ အပိုင်းလိုက်လေ့လာကြည့်ကြပါက ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၂ နှင့် ၂၀၃ တို့အရ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့် ပြည်ထောင်စုအစိုးရဝန်ကြီးဌာနများနဲ့ ပြည်ထောင်စုဝန်ကြီး ဦးရေကို လိုအပ်သလို သတ်မှတ်နိုင်သည့်အပြင် ဝန်ကြီးဦးရေနှင့်ဌာနတွေကို တိုးခြင်း၊ လျှော့ခြင်းပြုနိုင်သည်၊ ထို့ပြင် ပြည်ထောင်စုလွှတ်တော်အား တာဝန်ခံရမည်လို့လည်း ဖော်ပြပါရှိသည်ကို လေ့လာတွေ့ရှိကြရသည်။

ထို့ပြင် လွတ်ငြိမ်းချမ်းသာခွင့်ပေးနိုင်ရေးနှင့် စပ်လျဉ်းပြီး ပုဒ်မ ၂၀၄ နှင့် ၂၀၅ တို့တွင် နိုင်ငံတော်သမ္မတသည် ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်ပြီး လွတ်ငြိမ်းချမ်းသာခွင့်ကိုလည်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်နှင့်အညီ ပေးပိုင်ခွင့်ရှိပါသည်။ ၎င်းအပြင် ဥပဒေနှင့်အညီ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့် အပ်နှင်းခြင်းပြုနိုင်သည့်အပြင် ချီးမြှင့်အပ်နှင်းထားသည့် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များကို ပြန်လည်ရုပ်သိမ်းခြင်းပြုနိုင်သည်ဟု ဖော်ပြထားသည်ကို ကျွနု်ပ်တို့ လေ့လာတွေ့ရှိကြရမည် ဖြစ်သည်။

ဆက်လက်ပြီး နိုင်ငံခြားတိုင်းပြည်များနှင့် သံခင်းတမန်ခင်းကိစ္စများ ဆောင်ရွက်ရာတွင် နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့်ပင် နိုင်ငံခြားတိုင်းပြည်များနှင့် သံတမန်ဆက်သွယ်ခြင်း၊ သံတမန် အဆက်အသွယ်ဖြတ်တောက်ခြင်း ပြုနိုင်သည်။ သို့ရာတွင် ချက်ချင်းအရေးယူဆောင်ရွက်ရန် လိုအပ်သည့်အခြေအနေမျိုး၌ နိုင်ငံတော်သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းလျက် နိုင်ငံခြားတိုင်းပြည်တစ်ခုခုနှင့် သံတမန်အဆက်အသွယ် ဖြတ်တောက်နိုင်သည်။ နိုင်ငံတော်သမ္မတသည် မိမိ၏ အရေးယူဆောင်ရွက်ချက်ကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြအတည်ပြုချက် ရယူရမည်ဟုလည်း အခြေခံဥပဒေ ပုဒ်မ ၂၀၆ မှာ ပါရှိပါသည်။

ထို့အပြင် ကိုယ့်နိုင်ငံအတွင်းမှာလည်း မိမိနိုင်ငံ၏သံတမန်များကို ခန့်အပ်ခြင်း၊ ပြန်လည်ခေါ်ယူခြင်းပြုနိုင်သလို နိုင်ငံခြားသံတမန်များအား ခန့်အပ်ရန် သဘောတူညီချက်ပေးခြင်း၊ နိုင်ငံခြားသံတမန်များအား ပြန်လည်ခေါ်ယူရန် အကြောင်းကြားခြင်းပြုနိုင်သည်၊ နိုင်ငံခြားသံတမန်များ၏ ခန့်အပ်လွှာများကို လက်ခံခြင်းပြုနိုင်သည့် လုပ်ပိုင်ခွင့်များကိုလည်း ပုဒ်မ ၂၀၇ တွင် ဖော်ပြပါရှိပြန်သည်။

နိုင်ငံ့ဝန်ထမ်းများနှင့် ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၈ တွင် နိုင်ငံတော်သမ္မတအနေနှင့် ဥပဒေနှင့်အညီ ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးများကိုခန့်အပ်ခြင်း၊ ထုတ်ပယ်ခြင်းတွေကိုလည်း ပြုလုပ်နိုင်မည်ဖြစ်ပါသည်။ အခြားအရေးကြီးသည့် အပြည်ပြည်ဆိုင်ရာ၊ ဒေသဆိုင်ရာ သို့မဟုတ် နိုင်ငံအချင်းချင်းဆိုင်ရာ စာချုပ်များကို ချုပ်ဆိုခြင်း၊ အတည်ပြု ဆောင်ရွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ စာချုပ်များမှနုတ်ထွက်ခြင်းတို့ကို ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ဖြင့် နိုင်ငံတော်သမ္မတသည် ဥပဒေနှင့်အညီ ဆောင်ရွက်ခွင့်ရှိသည်ဟုလည်း ပုဒ်မ ၂၀၉ ဖြင့် လုပ်ပိုင်ခွင့်အာဏာများ အပ်နှင်းထားသည်ကို လေ့လာတွေ့ရှိကြရပါမည်။

၎င်းအပြင် အရေးကြီးသည့် နိုင်ငံတော်၏မူဝါဒများနှင့် နိုင်ငံတော်၏ အခြေအနေအရပ်ရပ်တို့ကို ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင်ဖြစ်စေ၊ ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသားလွှတ်တော် အစည်းအဝေးတွင်ဖြစ်စေ၊ နိုင်ငံတစ်ဝန်းလုံးသို့ဖြစ်စေ အခါအားလျော်စွာ မိန့်ခွန်းပြောကြားခွင့်၊ သဝဏ်လွှာပေးပို့ခွင့်တို့ကိုလည်း ပြုလုပ်ခွင့်ရှိကြောင်း ပုဒ်မ ၂၁၀ ဖြင့် နိုင်ငံတော်သမ္မတကို လုပ်ပိုင်ခွင့်ပေးထားပါသေးသည်။

လွှတ်တော်များအပိုင်းကဏ္ဍနှင့်ဆက်စပ်ပြီး ဆက်တင်ပြရပါက နိုင်ငံတော်သမ္မတသည် လိုအပ်လျှင် ပြည်ထောင်စုလွှတ်တော် အရေးပေါ်အစည်းအဝေးကိုဖြစ်စေ၊ အထူးအစည်းအဝေးကိုဖြစ်စေ ခေါ်ယူကျင်းပပေးရန် ပြည်ထောင်စုလွှတ်တော်နာယကအား အကြောင်းကြားနိုင်သည်ဟု ပုဒ်မ ၂၁၁ တွင် ဖော်ပြပါရှိထားပြီး၊ ပုဒ်မ ၂၁၂ တွင်မူ ၎င်းအပြင် ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် ထုတ်ပြန်ခြင်းနှင့်ပတ်သက်ပြီး လုပ်ပိုင်ခွင့်အပ်နှင်းထားပြီး ဆောင်ရွက်သည့် နည်းလမ်းများကိုလည်း ပြဋ္ဌာန်းထားရှိကြောင်းကိုပါ ကျွနု်ပ်တို့ လေ့လာသိရှိကြရနိုင်ပါသည်။

ထို့အပြင် ပြည်ပစစ်များကိစ္စနှင့်ပတ်သပ်ပြီး အခြေခံဥပဒေ ပုဒ်မ ၂၁၃ တွင် နိုင်ငံတော်သမ္မတသည် နိုင်ငံတော်အား ကျူးကျော်တိုက်ခိုက်ခြင်းခံရလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖွဲ့စည်းထားသော အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့်ညှိနှိုင်းလျက် စစ်ရေးအရ လိုအပ်သလို ဆောင်ရွက်ပိုင်ခွင့်ရှိသည်ဟု လည်းကောင်း၊ မိမိ၏ ဆောင်ရွက်ချက်ကို ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ကျင်းပနေချိန်ဖြစ်လျှင် ယင်းအစည်းအဝေးသို့တင်ပြ၍ အတည်ပြုချက်ရယူရမည်။ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကျင်းပနေချိန် မဟုတ်လျှင် ပြည်ထောင်စုလွှတ်တော် အရေးပေါ်အစည်းအဝေး ခေါ်ယူစေ၍ တင်ပြအတည်ပြုချက် ရယူရမည်ဟုလည်းကောင်း၊ ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့်သာ စစ်ကြေညာနိုင်သည်၊ စစ်ပြေငြိမ်းနိုင်သည်ဟုလည်းကောင်း အရေးပေါ်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းတာဝန်များ အသီးသီး သတ်မှတ်ပြဋ္ဌာန်းပေးထားသည်ကိုလည်း လေ့လာတွေ့ရှိကြရမည်ဖြစ်ပါသည်။

နောက်ဆက်လက်ပြီး ဥပဒေပြုရေးအာဏာအပိုင်းတွင်လည်း နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းသည့် ဥပဒေများကို ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အရေးယူဆောင်ရွက်ပြီး လက်မှတ်ရေးထိုးရမည်။ ယင်းသို့ လက်မှတ်ရေးထိုးပြီးသော ဥပဒေများကို နိုင်ငံတော်ပြန်တမ်းတွင် ထုတ်ပြန်ကြေညာရမည်ဖြစ်ပါသည်။

၎င်းအပြင် နိုင်ငံတော်သမ္မတသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သော်လည်းကောင်း၊ ဥပဒေတစ်ရပ်ရပ်အရ သော်လည်းကောင်း မိမိအားအပ်နှင်းထားသည့် တာဝန်နှင့်လုပ်ပိုင်ခွင့်များကို ကျင့်သုံးဆောင်ရွက်မှု သို့တည်းမဟုတ် ကျင့်သုံးဆောင်ရွက်သည့်အနေနှင့် ပြုခဲ့သောပြုလုပ်မှုအတွက် မည်သည့်လွှတ်တော်၊ မည်သည့်တရားရုံးတွင်မျှ ဖြေရှင်းရန် တာဝန်မရှိစေရ။ သို့ရာတွင် ဤကဲ့သို့ တာဝန်မရှိစေခြင်းသည် နိုင်ငံတော်သမ္မတအား ဖွဲ့စည်းပုံအခြေခံဥပဒေပါ စွပ်စွဲပြစ်တင်ခြင်းနှင့် စပ်လျဉ်းသည့် ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်ခြင်းမရှိစေရဟုလည်း အခြေခံဥပဒေတွင် ဖော်ပြပါရှိပါသည်။

ထို့ပြင် အခြေခံဥပဒေ ပုဒ်မ ၂၂၉ အရ နိုင်ငံတော်သမ္မတသည် ဘဏ္ဍာရေးကော်မရှင်ကို ဒုတိယသမ္မတ ၂ ဦး၊ ပြည်ထောင်စု ရှေ့နေချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ပြည်ထောင်စုဘဏ္ဍာရေးဝန်ကြီးတို့ဖြင့် ဖွဲ့စည်းပြီး နှစ်စဉ် နိုင်ငံတော်အတွက် စီမံကိန်းများ၊ ရသုံးခန့်မှန်းခြေငွေစာရင်း စသည်တို့ကို စီမံဆောင်ရွက်နိုင်ခွင့် အပ်နှင်းထားပါသည်။ နိုင်ငံတော် သမ္မတတစ်ဦးအနေနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များကို ရာထူးခန့်အပ်ခြင်းအပိုင်းကို လေ့လာကြည့်ပါကလည်း ပြည်ထောင်စုဝန်ကြီးနှင့် ဒုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ပြည်ထောင်စုရှေ့နေချုပ်နှင့် ဒုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် ဒုစာရင်းစစ်ချုပ်၊ ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ စသည်တို့ကို ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ရယူပြီး ခန့်အပ်နိုင်ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် အာဏာအပ်နှင်းထားရှိပါသည်။

၎င်းအပြင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကိုလည်း ခန့်အပ်နိုင်သည့်အပြင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကိုလည်း နိုင်ငံတော်သမ္မတအနေနှင့် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့ဖြင့်ညှိနှိုင်းပြီး ၃ ဦးစီရွေးချယ်ခန့်အပ်ခွင့်ကိုလည်း ပေးထားကြောင်း လေ့လာတွေ့ရှိရပါသည်။

အချုပ်အားဖြင့် တင်ပြလိုသည်မှာ ကျွနု်ပ်အထက်တွင် ဖော်ပြခဲ့သည့် နိုင်ငံတော်သမ္မတတစ်ဦးအပေါ် ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားသည့် တာဝန်နှင့်လုပ်ပိုင်ခွင့်များမှာ အလွန်များပြားလှသည့်အတွက် ထိုသို့ ကြီးမားသော လုပ်ငန်းတာဝန်များ၊ လုပ်ပိုင်ခွင့်များကိုလည်း ယခုလို မကြာမီကာလ လွှတ်တော်တွင်ပြုလုပ်မည့် သမ္မတရွေးချယ်ပွဲမကျင်းပမီ အချိန်ကာလလေးအတွင်းတွင် ပြည်သူများအနေနှင့် ကြိုတင်သိထားသင့်ကြပါသည်။ 

ထိုသို့သော များပြားလှသော တာဝန်များအပြင် နိုင်ငံတော်နှင့် ပြည်သူများအပေါ် မိမိ၏ရင်ဝယ်သားများသဖွယ် ကျောသားရင်သားမခွဲခြားဘဲ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းတည်းဟူသော လောကပါလတရားများဖြင့် နာယကဂုဏ် ၆ ပါးနှင့်အညီ စိတ်ကောင်းစေတနာ ကရုဏာတရားများကိုရှေးရှုလျက် အဂတိတရားကင်းရှင်းစွာဖြင့် နိုင်ငံတော်က ပေးအပ်ထားသည့် တာဝန်များကို မဆုတ်မနစ် ကျေပွန်စွာဆောင်ရွက်နိုင်မည့် သူမျိုးကိုသာ သမ္မတအဖြစ် လွှတ်တော်အတွင်း အမည်စာရင်း တင်သွင်းလာနိုင်ပါစေဟုလည်း ကျွနု်ပ်တို့ဆန္ဒပြုကြရမည် ဖြစ်ပါသည်။

ထို့ကြောင့်ပင်လျှင် ကျွနု်ပ်တို့ပြည်သူများအနေနှင့် အဆိုပါစိတ် ကောင်းနှလုံးကောင်းရှိသူ၊ အများပြည်သူအကျိုးအတွက် ရဲရဲဝံ့ဝံ့ဆောင်ရွက်မည့်သူ၊ နိုင်ငံတော်သမ္မတရာထူးနှင့် ထိုက်တန်မည့်သူသည် မည်သူများဖြစ်လာလိမ့်မည်လဲ ဆိုသည်ကိုမူ ယခုလာမည့် သီတင်းပတ်အတွင်း လွှတ်တော်တွင်တင်ပြလာမည့် အမည်စာရင်းကိုသာ ကျွနု်ပ်တို့စိတ်ဝင်တစား ရင်ခုန်စွာဖြင့် စောင့်ကြည့်ကြပါစို့လို့ ဆန္ဒပြု ရေးသားတင်ပြလိုက်ရပါသည်။

စာဖတ်သူအပေါင်း ချမ်းသာကိုယ်စိတ်မြဲကြပါစေ...

သန်းဖြိုးနိုင် (ကညင်ကျိုး)