News

POST TYPE

POLITICAL

ရှစ်လေးလုံးပါတီ ဖြစ်မြောက်ရေး ကော်မတီနှင့် ရွေးကောက်ပွဲကော်မရှင် တွေ့ဆုံမည်
21-Mar-2018
ရန်ကုန်၊ မတ် ၂၁

ရွေးကောက်ပွဲ ကော်မရှင်၏ ကမ်းလှမ်းချက်အရ ရှစ်လေးလုံးပါတီ ဖြစ်မြောက်ရေး ဗဟိုဦးဆောင်ကော်မတီနှင့် ရွေးကောက်ပွဲကော်မရှင်တို့ မတ်လ ၂၆ ရက် နေ့လယ်ပိုင်း၌ အလွတ်သဘော တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း ရှစ်လေးလုံးပါတီ ဖြစ်မြောက်ရေး ကော်မတီဝင် ဦးကျော်လင်းက ပြောကြားသည်။

ထိုတွေ့ဆုံပွဲတွင် ရှစ်လေးလုံးပါတီ မှတ်ပုံတင်ရရှိရန် လိုအပ်သော ကိစ္စရပ်များကို ဆွေးနွေးမည်ဖြစ်ပြီး ရှစ်လေးလုံးပါတီ ဖြစ်မြောက်ရေး ကော်မတီဘက်က ဦးကိုကိုကြီးနှင့် ဦးရဲနိုင်အောင်တို့ တက်ရောက်ဆွေးနွေးမည်ဖြစ်သည်။

“ကျွန်တော်တို့က အပေါင်းလက္ခဏာ ဆောင်တာမျိုးပဲ မြင်ချင်ပါတယ်။ ပါတီမှတ်ပုံတင်ကို မကြေညာခင် သူတို့ဘက်က ပြောချင်တာလေးတွေ ရှိကောင်းရှိမယ်ပေါ့၊ ဒါကို တွေ့ပြီးပြောမယ်လို့ ထင်ပါတယ်”ဟု ကိုကျော်လင်းက ဆိုသည်။

ရှစ်လေးလုံး ပါတီအမည်ဖြင့် ရွေးကောက်ပွဲကော်မရှင်တွင် တရားဝင်ပါတီအဖြစ် ရပ်တည်ရန် မှတ်ပုံတင်လျှောက်ထားသော်လည်း သုံးလကျော်သည်အထိ တရားဝင် မှတ်ပုံတင် မကျနိုင်သေးပေ။ 

ယင်းတွေ့ဆုံမှုတွင် ပါတီနာမည်ပြောင်းရန် ဆွေးနွေးလာပါက တုံ့ပြန်ဆွေးနွေးရန် ကြိုတင်ပြင်ဆင်ထားပြီး ပါတီမှတ်ပုံတင် ကြန့်ကြာနေခြင်းမှာလည်း ကော်မရှင် လုပ်ထုံးလုပ်နည်း အပြောင်းအလဲကြောင့်သာ ဖြစ်နိုင်ကြောင်း ၎င်းကပြောသည်။

“အရင်က သတင်းစာမှာကြေညာပြီး တခြားပါတီတွေက ကန့်ကွက်တာမရှိရင် ရွေးကောက်ပွဲကော်မရှင် မှတ်ပုံတင်ချပေးလို့ရတယ်။ အခုကကျတော့ ပြည်ထဲရေးက စစ်ဆေးရတဲ့ လုပ်ငန်းတစ်ခု ပိုလာတယ်ပေါ့။ ပြည်ထဲရေးကလည်း စစ်ပြီးပြီဆိုတော့ သိပ်မကြာတော့ဘူးထင်တယ်”ဟု ၎င်းကဆိုသည်။

လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံရေး ပါတီပေါင်း ၉၄ ခုရှိသော်လည်း တစ်နိုင်ငံလုံးကိုလွှမ်းခြုံ၍ အင်အားကောင်းသောပါတီမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် လက်ရှိအစိုးရကို ဦးဆောင်နေသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီတို့သာရှိပြီး တတိယအင်အား ကောင်းသောပါတီတစ်ခု ပေါ်ပေါက်ရန် နိုင်ငံရေးလောကက မျှော်လင့်နေချိန်တွင် ယခုကဲ့သို့ ရှစ်လေးပါတီအမည်ဖြင့် မှတ်ပုံတင် လာခြင်းဖြစ်သည်။

ဝေလင်း