News

POST TYPE

POLITICAL

လူနည်းစုဆန္ဒကို လျစ်လျူရှုထား၍ မရကြောင်း သမ္မတဦးထင်ကျော် ပြောကြား
15-Sep-2016

နေပြည်တော်၊ စက်တင်ဘာ ၁၅
ဓာတ်ပုံ - အောင်ထက်

ဒီမိုကရေစီစနစ်တွင် နိုင်ငံ၏ အရေးအရာတို့ကို ပြည်သူအများ သို့မဟုတ် အများစုကို ကိုယ်စားပြုသူများက စဉ်းစားကြံဆ ဆုံးဖြတ်ရာတွင် လူနည်းစု၏ ဆန္ဒကို လျစ်လျူရှုထား၍ ရမည်မဟုတ်ကြောင်း နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ယနေ့ကျရောက်သော International Day Of Democracy အခမ်းအနားသို့ သယဏ်လွှာပေးပို့ ပြောကြားလိုက်သည်။

နေပြည်တော်၊ လွှတ်တော်အတွင်းရှိ သဘင်ဆောင်တွင် ကျင်းပခဲ့သော International Day Of Democracy နေ့ အခမ်းအနားတွင် သမ္မတ၏ သဝဏ်လွှာကို နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေက ဖတ်ကြားခဲ့ခြင်းဖြစ်သည်။

ဒီမိုကရေစီစနစ် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နိုင်ငံသားတစ်ဦးချင်း၏ အခြေခံရပိုင်ခွင့်၊ လွတ်လပ်ခွင့်များကိုလည်းကောင်း၊ လူနည်းစုတို့၏ အခွင့်အရေးများကို လည်းကောင်း လေးစားဂရုထားရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံအနေနှင့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်လာရေး တိုင်းရင်းသားများနှင့် လက်တွဲ ဆောင်ရွက်နေချိန်တွင် ဒီမိုကရေစီအား တစ်နည်းနည်းဖြင့် တိုက်ဖျက်နေသည့် အန္တရာယ်များအား ဝိုင်းဝန်းကာကွယ်ရန် လိုကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောကြားသည်။

"ကျွန်တော်တို့အားလုံးဟာ ဒီမိုကရေစီ အပင်ပေါက်လေးကို သင်းသတ် မခံရအောင် မျက်ခြည်မပြတ် ဂရုစိုက်ကြပါ၊ ဒီမိုကရေစီကို တစ်နည်းနည်းနဲ့ တိုက်ဖျက်နေတဲ့ အန္တရာယ် ရန်စွယ်ကိုလည်း သတိပြု၍ကာကွယ်ကြပါ"ဟု ၎င်းက ပြောကြားသည်။

ယင်းအပြင် နိုင်ငံသားတိုင်းတွင် လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ ဆန္ဒပြခွင့်၊ လွတ်လပ်စွာ ယုံကြည်ခွင့် ရှိရမည်ဖြစ်ပြီး မိခင်ဘာသာစကားကိုလည်း အသုံးပြုခွင့် ရှိရေးနှင့် ကိုယ်ပိုင်ယဉ်ကျေးမှုများလည်း ထုတ်ဖော်ခွင့်ရှိရန် လိုအပ်ကြောင်း မွန်အမျိုးသားပါတီ ကိုယ်စားပြု အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်သီဟက စာတမ်းဖတ်ကြားသည်။

တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့အနေနှင့် နိုင်ငံ၏ နောက်ခံသမိုင်း၊ ပြည်သူလူထု၏ စံနှုန်း၊ လိုက်နာမှု၊ ပထဝီနိုင်ငံရေး အခြေအနေပေါ် မူတည်ပြီး မိမိတို့နိုင်ငံနှင့် ကိုက်ညီသည့် စနစ်ကို ကျင့်သုံး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တင်ပြခဲ့သည်။

ယင်းအခမ်းအနားတွင် နိုင်ငံတော်သမ္မတ ပေးပို့သော သဝဏ်လွှာ အပါအဝင် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းတို့က သဝဏ်လွှာ ပေးပို့ခဲ့ပြီး တိုင်းရင်းသားပါတီများ၊ နိုင်ငံရေးပါတီများမှ စာတမ်း ၁၆ ခု တင်သွင်း ဖတ်ကြားခဲ့ကြသည်။

  • VIA