News

POST TYPE

POLITICAL

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးမကောင်း၍ ဩစတြေးလျ တွေ့ဆုံပွဲ ဖျက်သိမ်း
19-Mar-2018

ဆစ်ဒနီ၊ မတ် ၁၉

အာဆီယံ-ဩစတြေးလျ ညီလာခံသို့ တက်ရောက်ရန် ဩစတြေးလျနိုင်ငံသို့ ရောက်ရှိနေသော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကျန်းမာရေးမကောင်း၍ ယနေ့(အင်္ဂါနေ့)တွင်ကျင်းပမည့် လူထုဟောပြောပွဲ အခမ်းအနား ဖျက်သိမ်းလိုက်ကြောင်း Daily Mail က ဖော်ပြထားသည်။

အာဆီယံ-ဩစတြေးလျ ညီလာခံကို လွန်ခဲ့သည့် သောကြာနေ့မှ တနင်္ဂနွေနေ့အထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး ဆစ်ဒနီမြို့ရှိ လိုဝီအသက်မွေးဝမ်းကျောင်း တက္ကသိုလ်တွင် ကျင်းပရန်စီစဉ်ထားသော လူထုဟောပြောပွဲ အခမ်းအနားသို့ တက်ရောက်၍ မိန့်ခွန်းပြောကြားပေးရန် ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားထားခဲ့ကြောင်း ယင်းအသက်မွေးဝမ်းကျောင်းတက္ကသိုလ်၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က ထုတ်ဖော်အသိပေးသွားခဲ့သည်။

လူထုဟောပြောပွဲ အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်နိုင်တော့မည်မဟုတ်ကြောင်း ဩစတြေးလျနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အသိပေးလာခဲ့ခြင်းဖြစ်သည်ဟု လိုဝီအသက်မွေးဝမ်းကျောင်းတက္ကသိုလ်က ထုတ်ပြန်ကြေညာထားသည်။

လိုဝီအသက်မွေးဝမ်းကျောင်း တက္ကသိုလ်က စီစဉ်ထားသော လူထုဟောပြောပွဲ အခမ်းအနားတွင် မေးခွန်းများ မေးမြန်းမည့် အစီအစဉ်တစ်ခုလည်း ပါဝင်ခဲ့ပြီး အခမ်းအနား တက်ရောက်လာသူများဘက်က မေးမြန်းသည့်မေးခွန်းများကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် ဖြေကြားမည့် အစီအစဉ်မျိုးဖြစ်ကြောင်း လိုဝီအသက်မွေးဝမ်းကျောင်းတက္ကသိုလ်၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က ဆက်လက် ရှင်းပြသွားခဲ့သေးသည်။

အဆိုပါမိန့်ခွန်း ပြောမည့်အစီအစဉ်နှင့် အမေးအဖြေကဏ္ဍသည် ဒေါ်အောင်ဆန်းစုကြည်၏ ဩစတြေးလျ ခရီးစဉ်အတွင်း အများပြည်သူထံ ပြောကြားမည့် တစ်ခုတည်းသော အစီအစဉ် ဖြစ်သည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယမန်နေ့ (တနင်္လာနေ့)၌ ကင်ဘာရာမြို့ရှိ ဩစတြေးလျ လွှတ်တော်အဆောက်အအုံသို့ သွားရောက်၍ ဩစတြေးလျဝန်ကြီးချုပ် မယ်လ်ကွမ်တန်ဘူးလ်နှင့် တွေ့ဆုံခဲ့ပြီး ဩစတြေးလျ လွှတ်တော် အဆောက်အအုံရှိရာသို့ ရောက်လာခဲ့သော ဒေါ်အောင်ဆန်းစုကြည်ကို ဩစတြေးလျ အစိုးရအာဏာပိုင်များက စစ်ဘက်ဆိုင်ရာ အခမ်းအနားဖြင့် ဂုဏ်ပြု ကြိုဆိုသွားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဩစတြေးလျ လွှတ်တော် အဆောက်အအုံတွင် ဩစတြေးလျ အတိုက်အခံ နိုင်ငံရေး ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံစကား ပြောဆိုခဲ့သည်။

ဩစတြေးလျနိုင်ငံသို့ မြန်မာနိုင်ငံ၏ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိနေစဉ်ကာလအတွင်း မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ရိုဟင်ဂျာ (မူရင်းသတင်းတွင် ဖော်ပြထားသည့် အသုံးအနှုန်း) အရေးကိစ္စနှင့်စပ်လျဉ်း၍ ဆန္ဒပြမှုများရှိခဲ့ပြီး ဆန္ဒပြသူများက ဒေါ်အောင်ဆန်းစုကြည်ကို အာဏာရှင်ဆန်သော ကမ္ဘောဒီးယားခေါင်းဆောင် ဟွမ်ဆန်၊ ဗီယက်နမ် ခေါင်းဆောင် Nguyen Xuan Phuc တို့နှင့် ခိုင်းနှိုင်းမှုများပင် ရှိခဲ့သည်။

E-11