News

POST TYPE

POLITICAL

RCSS နှင့် TNLA တိုက်ပွဲများတွင် လူ ၂၀၀ ခန့် ပိတ်မိ
17-Mar-2018
ရန်ကုန်၊ မတ် ၁၇

တိုင်းရင်းသား လက်နက်ကိုင်နှစ်ဖွဲ့ ဖြစ်သော ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) နှင့် တအာင်းပလောင်အဖွဲ့ (TNLA) တို့ ရှမ်းမြောက်ဒေသတွင် တိုက်ပွဲပြင်းထန်နေပြီး တိုက်ပွဲများကြောင့် ကျောက်မဲရှိ ရွာအချို့တွင် လူ ၂၀၀ ခန့် ပိတ်မိနေဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ယခုရက်ပိုင်းအတွင်း TNLA နှင့် RCSS တို့ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး မတ်လ ၁၆ ရက်က တိုက်ပွဲရှောင် လူ ၂၂၀ ကျော်ကို ပရဟိတအသင်းများက ကယ်ထုတ်ကာ ကျောက်မဲမြို့ပေါ်သို့ ရွှေ့ပြောင်းပေးနိုင်ခဲ့သော်လည်း အချို့မှာ တိုက်ပွဲများအတွင်း ပိတ်မိနေဆဲဖြစ်ကြောင်း ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသည့် ပရဟိတအသင်းများထံမှ သိရသည်။

တောဖယ်ကျေးရွာနှင့် ခွန်ကော်ကျေးရွာတို့တွင် တိုက်ပွဲဆက်ရှိနေသောကြောင့် ကူညီကယ်ဆယ်ရေး အဖွဲ့များ အရောက်သွားနိုင်ခြင်း မရှိဘဲ ယင်းကျေးရွာများမှ လူ ၂၀၀ ခန့် ပိတ်မိနေဆဲ ဖြစ်ကြောင်း ကမ်းလင့်လက်များ လူမှုကူညီရေးအသင်း (နောင်ပိန်) မှ အသင်းဝင်တစ်ဦးက ပြောကြားသည်။

“သူတို့ ပိတ်မိနေတာ တစ်ပတ်လောက်ရှိနေပြီ။ တချို့ သူတို့ဘာသာ ဖောက်ထွက်လာနိုင်လို့ ၂၂၀ ကျော်လောက်ကို သွားခေါ်ထုတ်လာနိုင်တာ။ ကျွန်တော်တို့လည်း ဆက်တိုးလို့ မရသေးဘူး။ တိုက်ပွဲက မငြိမ်သေးဘူး”ဟု ကူညီဆောင်ရွက်နေသူတစ်ဦးက ဆိုသည်။

TNLA နှင့် RCSS အဖွဲ့တို့သည် မတ်လ ၁၄ ရက်က ကျောက်မဲမြို့နယ် တောဖယ်ကျေးရွာအနီးတွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံနှစ်ဦး သေဆုံးကာ သုံးဦးထိ ဒဏ်ရာရရှိခဲ့ကြောင်း တအာင်း ပလောင် လက်နက်ကိုင်အဖွဲ့ (TNLA) သတင်းနှင့် ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

RCSS နှင့် TNLA တို့သည် မတ်လ ၁၀ ရက်ကစတင်ပြီး အဆိုပါဒေသအတွင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေခြင်းဖြစ်ပြီး TNLA အဖွဲ့က RCSS တပ်စခန်းများကို ဝင်ရောက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း RCSS က ပြောကြားထားသည်။

TNLA အဖွဲ့ကလည်း RCSS တပ်များက တအာင်းဒေသအတွင်းသို့ ဝင်ရောက်၍ တပ်စခန်းများ လာချခြင်းကြောင့် ရှင်းလင်းတိုက်ခိုက်နေခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

မတ်လ ၁၀ ရက်က နမ့်ဆန်နှင့် ကျောက်မဲကြားရှိ ကြက်သေကျေးရွာတွင် RCSS နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး RCSS ၏ တပ်စခန်းအချို့ကို ရှင်းလင်းနိုင်ခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးက ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် စစ်ဘေးရှောင်များအတွက် စောင်နှင့် ရိက္ခာ အကူအညီ လိုအပ်နေလျက်ရှိပြီး ဒေသခံများနှင့် လူမှုရေးအသင်းအချို့က ထောက်ပံ့လျက်ရှိကြောင်း မန်စံကျေးရွာတွင် ကူညီပေးနေသူတစ်ဦးက ပြောကြားသည်။

တအာင်း ပလောင် လက်နက်ကိုင်အဖွဲ့ (TNLA) သည် အပစ်ရပ်စာချုပ် (NCA) ကို လက်မှတ်ရေးထိုးရခြင်း မရှိသေးဘဲ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) အဖွဲ့သည် NCA ကို လက်မှတ်ထိုးထားသည်။

ယင်းလက်နက်ကိုင် နှစ်ဖွဲ့ကြားတွင် နယ်မြေပြဿနာများ ရှိနေပြီး NCA ထိုးပြီးနောက် RCSS အဖွဲ့များသည် TNLA နယ်မြေများသို့ ဝင်ရောက်တပ်စွဲလာကြောင်း TNLA က စွပ်စွဲထားသည်။

J-08