News

POST TYPE

POLITICAL

ဒေါက်တာအေးမောင်တို့အမှုကို တရားလိုက အထက်ကညွှန်ကြားချက်အတိုင်း စွဲဆိုဟုဆို
14-Mar-2018

စစ်တွေ၊ မတ် ၁၄ 

ဒေါက်တာအေးမောင်နှင့် စာရေး ဆရာဝေဟင်အောင်တို့ကို နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂ နှင့် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)(ဂ) တို့ဖြင် မတ်လ ၁၃ ရက်က ရုံးထုတ်ခဲ့ရာ တရားလိုဖြစ်သူ စစ်တွေခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဦးခင်မောင်ဦးကို တရားရုံးတွင် စစ်ဆေးမေးမြန်းရာ အထက်မှညွှန်ကြားချက်အတိုင်း စွဲဆိုရခြင်းဟု ထွက်ဆိုကြောင်း အကျိုးဆောင်ရှေ့နေများက ဆိုကြသည်။

တရားလိုအား နိုင်ငံတော် သမ္မတရုံး နှင့် ပြည်နယ်အစိုးရရုံးက ညွှန်ကြားခြင်း ကြောင့် တရားစွဲဆိုရခြင်းဖြစ်ကြောင်း၊ ရသေ့တောင်မြို့နယ်မှာ ဟောပြောချက် ကို ဦးခင်မောင်ဦး ကိုယ်တိုင် သွားရောက် နားထောင်ခြင်းမရှိကြောင်း၊ ယင်းသို့ စွဲဆိုရန်အတွက် အောက်ခြေမှ ဟောပြော ချက် တိပ်ခွေနှင့် စာသားတို့အရ အရေးယူ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဒေါက်တာ အေးမောင်၏ အကျိုးဆောင်ရှေ့နေ ဦးအောင် ကျော်စိန် ကပြောသည်။

၎င်းတို့ကို ငါးကြိမ်မြောက်ရုံးထုတ်ခဲ့ပြီး နိုင်ငံတော်ပုန်ကန်မှုပုဒ်မဖြင့် ခရိုင်တရားရုံးတွင် နံနက် ၁၀ နာရီက စစ်ဆေးခဲ့ပြီး မွန်းလွဲပိုင်းတွင် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မဖြင့် မြို့နယ်တရားရုံး၌ စစ်ဆေးခဲ့ကြောင်း၊ ရုံးချိန်းကို ညနေ ၄ နာရီ အချိန်မှသာ ပြီးစီးကြောင်း မတ်လ ၁၉ ရက်ကို ထပ်မံ ချိန်းဆိုသည်။ 

“ဖက်ဒရယ် ပြည်ထောင်စုမှာ ရအောင်ယူမယ်လို့ အဲဒီသဘောမျိုးကို ပြောတာပေါ့ဗျာ၊ အဲဒါကို အချုပ်အခြာအာဏာကို ဘာညာဆိုပြီးတော့ အဓိပ္ပာယ်ဖွင့်တာ”ဒေါက်တာအေးမောင်က ပြောသည်။ 

စာပေဟောပြောခြင်း တစ်ခုတည်းအပေါ် မူတည်ပြီး အမှုသုံးခု၊ ပုဒ်မ သုံးခုဖြင့် ခွဲ၍တရားစွဲဆိုခြင်းသည် မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေနှင့် ဆန့်ကျင်ကြောင်း စသည်များကို တရားခွင်၌ မေးမြန်းနိုင်သော အဆင့်ရောက်ရှိနေပြီဖြစ်ကြောင်း စာရေးဆရာဝေဟင်အောင်၏ အကျိုးဆောင်ရှေ့နေ ဒေါ်အေးနုစိန်ကဆိုသည်။

“အစိုးရတစ်ရပ်ဟာ ကြီးသောအမှုကို ငယ်စေ ငယ်သောအမှုကို ပပျောက် အောင် ကြိုးစားရတာ၊ ငယ်တဲ့အမှုကို ကြီးအောင်လုပ်တဲ့ ပုံစံဖြစ်နေတယ်။ အဲဒါကြောင့် ဦးညီပု အစိုးရ မေတ္တာတရားကို တည်ဆောက်ပါလို့”ဟု ဝေဟင်အောင်က တရားရုံး အထွက်တွင် ပြောဆိုသည်။ 

ဇန်နဝါရီ ၁၅ ရက်က ရသေ့တောင်မြို့နယ်၌ ရခိုင်နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးခြင်းနေ့ ဝမ်းနည်းဖွယ် အထိမ်းအမှတ်အဖြစ် စာပေဟောပြောပွဲတွင် ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့ ဟောပြောခဲ့မှုများနှင့်ပတ်သက်၍ ၎င်းတို့ကို နိုင်ငံတော် ပုန်ကန်သစ္စာဖောက်ဖျက်မှု ပုဒ်မ ၁၂၂၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)(ဂ) နှင့် မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁) တို့ဖြင့် တရားစွဲဆိုထားသည်။ 

R-22