News

POST TYPE

POLITICAL

၂၁ ရာစု ပင်လုံညီလာခံကို ထောက်ခံကြောင်း SSPP ထုတ်ပြန်
20-Jul-2016
ရန်ကုန်၊ ဇူလိုင် ၂ဝ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံ ညီလာခံကို ထောက်ခံကြိုဆိုကြောင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်သည့် ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP/SSA)က ထုတ်ပြန်လိုက်သည်။

ယင်းထုတ်ပြန်ချက်မှာဗဟိုကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်ဖြစ်ကြောင်း SSPP/SSA ထံမှ သိရသည်။

SSPP/SSA ဗဟိုကော်မတီ အစည်းအဝေးကို ဇူလိုင်လ ၇ ရက်မှ ၁၈ ရက်နေ့အထိ ပါတီဌာနချုပ် ဝမ်ဟိုင်းတွင် ကျင်းပခဲ့ပြီး အစည်းအဝေးတွင် အချက် ခုနစ်ချက် ပါဝင်သည့် ဆုံးဖြတ်ချက်များကို ထုတ်ပြန်ခဲ့သည်။

နှစ်ပေါင်း ၇ဝ နီးပါး မဖြေရှင်းနိုင်ခဲ့သော နိုင်ငံရေး ပြဿနာများကို ဖြေရှင်းနိုင်ရန်အတွက် နိုင်ငံတော် အစိုးရက ကျင်းပပြုလုပ်မည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ - ၂၁ ရာစု ပင်လုံ ညီလာခံကို ရှမ်းပြည် တိုးတက်ရေး ပါတီမှ ကြိုဆို ထောက်ခံကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ယင်းဗဟို ကော်မတီ အစည်းအဝေးတွင် ကချင်ပြည်နယ် မိုင်ဂျားယန်တွင် ကျင်းပမည့် တိုင်းရင်းသား လက်နက်ကိုင် ညီလာခံနှင့် ပတ်သက်ပြီး ဆွေးနွေးမှုများလည်း ပြုလုပ်ခဲ့ကြောင်း ရှမ်းပြည် တိုးတက်ရေး ပါတီ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းစုက ပြောကြားသည်။

“၂၁ရာစု ပင်လုံညီလာခံက နိုင်ငံရေး ပြဿနာတွေကို အဖြေ ရှာနိုင်မယ်လို့ ကျွန်တော်တို့ ယူဆပါတယ်”ဟု ၎င်းက ဆိုသည်။

ထို့ပြင် ရှမ်းပြည် တိုးတက်ရေး ပါတီ ထိန်းချုပ်ထားသည့် နယ်မြေများတွင် မူးယစ်ဆေးဝါး ပပျောက်ကင်းစင်ရေးနှင့် ပတ်သက်၍ ပညာပေးခြင်း၊ တားဆီး ပိတ်ပင်ခြင်း၊ အရေးယူခြင်း စသည့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း SSPP/SSA ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP/SSA) သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) တွင် လက်မှတ် ရေးထိုးထားခြင်း မရှိသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်ပြီး ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အဖွဲ့ဝင်လည်း ဖြစ်သည်။



  • VIA