News

POST TYPE

POLITICAL

ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူများစာရင်း ထုတ်ပြန်
12-Sep-2016

ချင်းပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ပြောရေးဆိုခွင့်ရှိသူများစာရင်းကို ပြည်နယ်အစိုးရအဖွဲ့က ယနေ့(စက်တင်ဘာ ၁၂ ရက်)တွင် ထုတ်ပြန်ကြေညာလိုက်သည်။


ယင်းကြေညာချက်တွင် ချင်းပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၁၇/ ၂၀၁၆) ဆုံးဖြတ်ချက်အရ ချင်းပြည်နယ်အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ(Spokesperson)အဖြစ် ပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်ကို လည်းကောင်း၊ ပြည်နယ် အစိုးရ၏လုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ မေးမြန်းချက်များကို ဖြေကြားနိုင်ရန်အတွက် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးပြုံးချိုကိုလည်းကောင်း တာဝန်ပေးအပ်ထားပြီး ယင်းပုဂ္ဂိုလ်များကို ဆက်သွယ်ရမည့် ဖုန်းနံပါတ်များကိုလည်း ထုတ်ပြန်ကြေညာထားသည်။


ထုတ်ပြန်ထားသည့်ဆက်သွယ်ရမည့်ဖုန်းနံပါတ်များမှာ ချင်းပြည်နယ်အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းအိုက်ဇက်ခင် (ဖုန်း - ၀၉ ၇၈၀ ၀၁၆ ၅၁၃၊ ၀၉ ၄၅၉ ၀၀၄ ၀၀၈)နှင့် ဦးပြုံးချို (ဖုန်း - ၀၉ ၈၃ ၀၆ ၆၁၃၊ ၀၉ ၄၅၇ ၃၆၄ ၆၃၃)တို့ ဖြစ်သည်။


"တချို့မေးခွန်းတွေက ကျွန်တော်ဖြေနိုင်တာ ရှိသလို ကျွန်တော်မဖြေနိုင်တာလည်း ရှိတယ်။ကျွန်တော်ဖြေနိုင်တာ ကျွန်တော်ဖြေပေးမယ်။ ကျွန်တော် မဖြေနိုင်တာကျတော့ သက်ဆိုင်ရာ ၀န်ကြီးဌာနကို မေးလို့ရပါတယ်။ အစိုးရအဖွဲ့ရဲ့ သဘောထားကျတော့ ကျွန်တော်ပဲဖြေမှာပါ"ဟု ၀န်ကြီး ဆလိုင်းအိုက်ဇက်ခင်က ပြောသည်။


ချင်းပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ပြောရေးဆိုခွင့်ရှိသူများစာရင်း ထုတ်ပြန်ရခြင်းသည် ပြည်နယ်အစိုးရအဖွဲ့၏ ပြည်နယ်အတွက် ဆောင်ရွက်နေမှုများအပေါ် ပြည်သူများ သိရှိစေရေးအတွက် သတင်းစီးဆင်းမှု မြန်ဆန်စေရေး၊ အဆင်ပြေချောမွေ့စေရေးကို အဓိကထားသတ်မှတ်ရခြင်းဖြစ်ကြောင်း ၀န်ကြီး ဆလိုင်းအိုက်ဇက်ခင်က ထပ်မံပြောဆိုသည်။


  • VIA